အင်ဒိုနီးရှားနိုင်ငံ၌ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုပေါင်း ၂၂ သန်းအား ဈေးနှုန်းများ မြင့် တက်မှုမှ အကာအကွယ်ပေးရန်အတွက် အိမ်ထောင်စု ၁ စုလျှင် ဆန် ၁၀ ကီလိုဂရမ်နှုန်းဖြင့် လစဉ် ထောက်ပံ့သည့်အစီအစဉ်ကို မူလက ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ သတ်မှတ်ထားရာမှ ယခု ၂၀၂၄ ခုနှစ် ဇွန်လအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က ၆-၁၁-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။
ဆန်ဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိပဲ ဆက်လက်မြင့်တက်လျက်ရှိမှုအပေါ် အစိုးရ၏ ဆန် ဈေးနှုန်းထိန်းသိမ်းရေး ကြိုးပမ်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆန်အခမဲ့ ထောက်ပံ့မှု ကို သက်တမ်းတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံပိုင် Bulog ကုမ္ပဏီက စီမံခန့်ခွဲလျက်ရှိ သော နိုင်ငံတော်အရန်ဆန် လက်ကျန်မှာ ၂-၁၁-၂၀၂၃ နေ့တွင် ၁၄၄၂၉၄၅ တန် ရှိကြောင်း၊ အဆိုပါ စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်အား အကောင်အထည် ဖော်ဆောင်နိုင်မှုမှာ စက်တင်ဘာလ တွင် ၉၄.၉၅% နှင့် အောက်တိုဘာလ၌ ၉၄.၈၉% ရှိပြီး နိုဝင်ဘာလအတွင်း ၁၈.၄၅% ဖြန့်ဝေပေး ပြီးဖြစ်ကြောင်း သိရှိရသည်။
အင်ဒိုနီးရှား စီးပွားရေးရာဝန်ကြီး Airlangga Hartarto က Bulog အဖွဲ့သည် အရန်ဆန် စုဆောင်းမှုကို မြှင့်တင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း၊ အရန်ဆန်ဝယ်ယူရေးအတွက် သုံးစွဲမည့် ရူပီးငွေ ၁၆ ထရီလီယံကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပေးရန် သမ္မတဂျိုကိုဝီဒိုဒိုက ခွင့်ပြု မိန့်ချမှတ်ထားပြီးဖြစ်ကြောင်း၊ Bulog အဖွဲ့သည် ပထမအကြိမ် ဆန်တင်သွင်းမှုအတွက် ရူပီးငွေ ၇.၉ ထရီလီယံကိုလည်းကောင်း၊ ဒုတိယအကြိမ် တင်သွင်းရန်အတွက် ရူပီးငွေ ၈.၄ ထရီလီယံကို လည်းကောင်း သုံးစွဲမည်ဖြစ်ကြောင်း၊ ဆန်ဖြန့်ဖြူးမှုအတွက် ရူပီးငွေ ၂.၈ ထရီလီယံ ကျခံသုံးစွဲရန် ရှိကြောင်း ပြောဆိုပါသည်။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်၏ သက်ရောက်နိုင်မည့် အခြေအနေကို တွက်ဆလျက် အင်ဒိုနီးရှား အမျိုးသားစားနပ်ရိက္ခာအေဂျင်စီသည် ၂၀၂၃ ခုနှစ် နှောင်းပိုင်းကာလနှင့် ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းကာလတို့အတွက် လိုအပ်သော ရိက္ခာဆန်များ ဖြည့်တင်းနိုင်ရေး Bulog အဖွဲ့နှင့် ပေါင်း စပ်ညှိနှိုင်းလျက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
Source: Antara News, 6 Nov 2023