ပထမအကြိမ် တရုတ်-အာဆီယံ အရည်အသွေးမြင့် အင်ဒီကာဆန်မျိုးကွဲများ (Indica Rice Variety) ၏ အရည်အသွေး အရသာ အကဲဖြတ်ခြင်းပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၏ စုပေါင်း ကုန်အမှတ်တံဆိပ် (Collective Trademark) ရရှိထားသော Sen Kra Ob (SKO) ဆန်သည် ရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယား SKO ဆန်သည် လွန်ခဲ့သော သီတင်းပတ်အတွင်း တရုတ်နိုင်ငံ Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကွမ်ရှီးစိုက်ပျိုးရေးအကယ်ဒမီသိပ္ပံ၏ မျိုးစေ့စီမံခန့်ခွဲမှု ဌာနနှင့် ဆန်စပါးသုတေသနအဖွဲ့အစည်းတို့၌ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ဆန် ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါပြိုင်ပွဲတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ (၅) နိုင်ငံမှ ဆန်အမျိုးအစား (၁၂) မျိုး အပါအဝင် စုစုပေါင်း ဆန်အမျိုးအစားပေါင်း (၆၁) မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အဆိုပါ ဆန်အမျိုးအစားများအနက် ကမ္ဘောဒီးယားနိုင်ငံမှ SKO ဆန်အား အရသာကောင်းမွန်သော ဆန်အမျိးအစားအဖြစ် ဆုရွေးချယ်ရေးကော်မတီက အသိ အမှတ်ပြု ရွေးချယ်၍ ရွှေတံဆိပ်ဆုပေးအပ်ခဲ့ကြောင်း၊ ဤသို့ဆုရရှိခြင်းက ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်မွှေးအမည်နာမကို ပိုမိုကျယ်ပြန့်သော စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် အထောက် အကူပြုမည်ဖြစ်ကြောင်းဖြင့် ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ်၏ ၃၁-၁၀-၂၀၂၃ နေ့ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ဆန်တင်ပို့မှုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် SKO နှင့် Damnoeb Sbai Mongkul (DSMK) အမည်ရှိ ကမ္ဘောဒီးယား ကောက်ညှင်းဆန်တို့၏ စုပေါင်းကုန်အမှတ်တံဆိပ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ တွင် တရားဝင်မိတ်ဆက်ခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်းတွင် SKO ဆန်သည် အနံ့အရသာနှင့်ပြည့်စုံပြီး အထွက်ပမာဏမြင့်မားသည့် ဆန်အမျိုးအစားအဖြစ် ထင်ပေါ်ကျော်ကြားလျက်ရှိကြောင်း ကမ္ဘော ဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ကမ္ဘောဒီးယား စိုက်ပျိုးရေးသုတေသနနှင့် ဖွံဖြိုးတိုးတက်မှု အဖွဲ့အစည်းမှ ညွှန်ကြားရေးမှူး ဖြစ်သူ Lor Bunna က လက်ရှိကာလတွင် စပါးစိုက်တောင်သူ ၄ဝ ရာခိုင်နှုန်းခန့်သည် SKO ၏ ပထမမျိုးဆက် ဆန်မွှေးအမျိုးအစားဖြစ်သည့် Sen Kra’op 01 ကို စိုက်ပျိုးလျက်ရှိကြောင်း၊ အဆိုပါ ဆန်အမျိုးအစားအတွက် ပြည်ပတင်ပို့သည့်ဈေးကွက် အမြောက်အများရှိပြီး အထူးသဖြင့် တရုတ် နှင့် ဥရောပစျေးကွက်များတွင် ဝယ်လိုအားမြင့်မားလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ပထမ (၉) လအတွင်း ဆန်တန်ချိန် ၄၅၆၅၈၁ တန်ကို တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၂၇.၄ သန်း ရရှိခဲ့ကြောင်း၊ ယင်းကာလ၌ တရုတ်နိုင်ငံသို့ ဆန် တန်ချိန် ၁၅၅၃၆၆ တန်ကျော်ကို တင်ပို့ခဲ့ပြီး စုစုပေါင်းဝင်ငွေအမေရိကန်ဒေါ်လာ ၉၉.၆ သန်း ရရှိခဲ့ ကြောင်း ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့အကောင်းဆုံးဆန် ပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၏ တန်းမြင့် ပရီမီယမ်ဆန်မွှေးသည် ၂၀၂၂ ခုနှစ်အတွက် “ကမ္ဘာ့ အကောင်းဆုံးဆန်” အဖြစ် သတ်မှတ်ခံခဲ့ရပြီး ယင်းကဲ့သို့ဆုဆွတ်ခူးနိုင်ခဲ့ခြင်းသည် ၂ဝ၁၂၊ ၂ဝ၁၃၊ ၂ဝ၁၄ နှင့် ၂ဝ၁၈ ခုနှစ်များတွင် ဆုရရှိခဲ့ပြီးသည့်နောက် ပဉ္စမအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရ ပါသည်။
Source: Khmer Times, 2 Nov 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)