Main menu

ကမ္ဘောဒီးယားနိုင်ငံ၌ ကန်ထရိုက်လယ်ယာစနစ်မှ တောင်သူများ အကျိုးအမြတ်ရရှိ

Powered by Drupal

    ကမ္ဘောဒီးယားနိုင်ငံ၌ လုပ်ကွက်ငယ် တောင်သူပေါင်း ၁၀၀၀၀ ကျော်သည်  အော်ဂဲနစ်ဆန် ထုတ်လုပ်တင်ပို့မှု အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်သည့် Armu Rice ကုမ္ပဏီနှင့် ကန်ထရိုက် လယ်ယာစနစ် လုပ်ကိုင်ဆောင်ရွက်ခြင်းမှ  အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း Khmer Times သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။

   Armu Rice ကုမ္ပဏီအနေဖြင့် စိုက်ပျိုးရေးသမဝါယအသင်းများနှင့် မိတ်ဖက်ပူး‌ပေါင်းဆောင်ရွက်ခြင်း၊ ဆက်စပ်တာဝန်ခံ အဖွဲ့အစည်းများသို့ အထောက်အပံ့များပေးအပ်ခြင်းတို့ဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ခိုင်မာအားကောင်းစေရေး ဦးတည်ဖော်ဆောင်လျက်ရှိသကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်းရှိ များပြားစွာသော တောင်သူလယ်သမားများ၏ လူနေမှုဘဝများကို လည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

     Armu Rice ကုမ္ပဏီသည် Preah Vihear ခရိုင်ရှိ စိုက်ပျိုးရေးသမဝါယအသင်း ၃၅ ခုနှင့် ပူးပေါင်း၍ အိမ်ထောင်စု ၉၅၀၀ ခန့်ကို အကျိုးဖြစ်ထွန်းစေမည့် အော်ဂဲနစ်စပါးတန်ချိန် ၂ဝဝဝဝ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် တန်ချိန် ၂၅ဝဝဝ မှ ၃ဝဝဝဝ အထိ ထွက်ရှိနိုင်မည့် အော်ဂဲနစ်ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ခြင်းတို့ကို လုပ်ကိုင်လျက်ရှိကြောင်း၊ အနောက်မြောက်ပိုင်းဒေသ Battambang ခရိုင်တွင် စိုက်ပျိုးရေးသမဝါယအသင်း ၈ ခု၊ စိုက်ပျိုးရေးအစုအဖွဲ့ ၄၇ ဖွဲ့တို့နှင့် ကန်ထရိုက် လယ်ယာစနစ်ဖြင့် စပါးတန်ချိန် ၁၆ဝဝဝဝ ကိုလည်းကောင်း၊ ကုန်းမြင့်ဒေသဖြစ်သည့် Mondulkiri ခရိုင်၌ အိမ်ထောင်စု ၅၅၅ ခုအတွက် အကျိုးဖြစ်ထွန်းစေမည့် စပါးတန်ချိန် ၇၁၁ စိုက်ပျိုးထုတ်လုပ်မှုကို စိုက်ပျိုးရေးသမဝါယအသင်း ၅ ခု၊ စိုက်ပျိုးရေးအစုအဖွဲ့ ၉ ဖွဲ့တို့နှင့် ကန်ထရိုက်စာချုပ် ချုပ်ဆို၍လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

     Armu Rice ကုမ္ပဏီသည် အနောက်တောင်ပိုင်းဒေသများတွင်လည်း အိမ်ထောင်စု ၁၃၃၂ အတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် အော်ဂဲနစ်ဆန်ထုတ်လုပ်နိုင်ရေး တိုးချဲ့ဆောင်ရွက် လျက်ရှိရာ စိုက်ပျိုးရေးသမဝါယအသင်း ၁၂ ခုနှင့် စိုက်ပျိုးရေးအစုအဖွဲ့ ၂၀ တို့နှင့် ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁.၉ သန်းတန်ဖိုးရှိ အော်ဂဲနစ်စပါးတန်ချိန် ၅၀၉၄ ထုတ်လုပ်သွား မည်ဖြစ် ကြောင်းသိရှိရပါသည်။ ကုမ္ပဏီအနေဖြင့် Kampong Chhnang ခရိုင်၊ Kampong Speu ခရိုင်၊ Takeo ခရိုင် နှင့် Kampot ခရိုင်တို့တွင် CACC နှင့်ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၁ဝဝဝဝဝ တန်ဖိုးရှိသော Phka Rumduol စပယ်ဆန်စပါးမျိုးစေ့များလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရပါသည်။

  အဆိုပါကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အကြီးတန်းအရာရှိဖြစ်သူ Saran Song က ၎င်းတို့အနေဖြင့် ကော်ပိုရိတ်လုပ်ငန်းများ၏ လူမှုရေးရာ တာဝန်ရှိမှု ကျင့်ဝတ်များနှင့်အညီ စီးပွားရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း၊ စပါးစိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် ပါဝင်နေသော တောင်သူများထံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ စိုက်ပျိုးရေးအသိပညာနှင့် ငွေကြေး ထောက် ပံ့မှုများ ပေးအပ်ခြင်းဖြင့် ထုတ်လုပ်မှုအဆင့်ကို ရေရှည်တည်တံ့စေမည့် အလေ့အထများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးသမဝါယအသင်းများနှင့် ပိုမို ပူးပေါင်း၍ တောင်သူများ၏ အသက်မွေးဝမ်း‌ကျောင်းမှုကို တိုးတက်စေသည့် ကန်ထရိုက်လယ်ယာ စနစ်ကို အလေးဂရုပြုပုံဖော်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့သည်။

Source: Khmer Times, 7 Nov 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)