အိန္ဒိယနိုင်ငံ၌ ကုလားပဲဖူလုံမှုအတွက် စိုးရိမ်ရန် မရှိကြောင်းပြောဆိုမှုနှင့်အတူ ရှေ့လာမည့် နေ့ရက်များအတွင်း ပဲစင်းငုံနှင့် မတ်ပဲတို့၏ ဈေးနှုန်းများ သင့်တင့်မှုမရှိပဲ လွန်ကဲစွာ မြင့်တက်မှုရှိ ပါက ပဲမျိုးစုံ ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ထိရောက်သော စီမံဆောင်ရွက်မှုများ လုပ်ဆောင်မည်ဟု အိန္ဒိယအစိုးရက သတိပေးပြောဆိုကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနမှ အတွင်းဝန် Rohit Kumar Singh က ပြည်တွင်း ထုတ်လုပ်မှုနှင့် အရန်သိုလှောင်ထားရှိမှုတို့အရ ဈေးကွက်အတွင်း ကုလားပဲဝယ်ယူရရှိနိုင်မှုမှာ ပြဿနာ တစ်စုံတစ်ရာမရှိကြောင်း၊ ကုလားပဲပြတ်လပ်မှု ဖြစ်ပေါ်မည်ဟူ၍ ပြောဆိုဖော်ပြချက် များမှာ လွဲမှားလျက်ရှိကြောင်း၊ ပဲမျိုးစုံထုတ်လုပ်မှု စုစုပေါင်း၏ ၆၅% ခန့်သည် ဆောင်းသီးနှံရာသီ မှ ထွက်ရှိခြင်းဖြစ်ပြီး အဓိကအားဖြင့် ကုလားပဲကို စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သော ၅ နှစ် အတွင်း ဆောင်းသီးနှံရာသီ၌ ပျမ်းမျှ ပဲမျိုးစုံစိုက်ပျိုးမှု ဧရိယာသည် ဟက်တာသိန်းပေါင်း ၁၆၀ ခန့်ရှိပြီး ကုလားပဲစိုက်ဧရိယာမှာ ဟက်တာ ၁၀၅ သိန်းခန့်ပါဝင်ကြောင်း၊ ယခုနှစ် ကုလားပဲ စိုက်ပျိုးထားရှိမှုမှာ အဆိုပါ ဧရိယာပမာဏနီးပါးရှိကြောင်းဖြင့် အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံ အသင်းက အင်တာနက်ကွန်ယက်ဖြင့် စီစဉ်ကျင်းပသော ၂၀၂၃-၂၄ ဆောင်းသီးနှံ ပဲမျိုးစုံ ထွက်ရှိ နိုင်မည့်အလားအလာ ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုနှစ် ဆောင်းသီးနှံရာသီ၌ အိန္ဒိယ၏ကုလားပဲစိုက်ပျိုးနိုင်မှုမှာ ဟက်တာ ၁၀၄.၇၄ သိန်း ဖြစ်ပြီး ပုံမှန်စိုက်ဧရိယာဖြစ်သော ဟက်တာ ၁၀၀.၉၂ သိန်းထက် ပိုမိုသော်လည်း ယခင်နှစ်တွင် စိုက်ပျိုးခဲ့သော ဟက်တာ ၁၁၀.၇၁ သိန်းကို ပြည့်မီမှုမရှိပဲ ကျဆင်းခဲ့သည်။ ပဲနီလေး စိုက်ပျိုးမှုမှာ ယခင်နှစ် ဟက်တာ ၁၈.၅၂ သိန်း စိုက်ပျိုးမှုထက်ပိုမိုလျက် ယခုနှစ်တွင် ဟက်တာ ၁၉.၅၇ သိန်း အထိ စိုက်ပျိုးနိုင်ခဲ့သည်။ အိန္ဒိယပြည်တွင်း ပဲနီလေးစားသုံးမှုမှာ တန်ချိန် ၂၀ သိန်းမှ ၂၂ သိန်းခန့် ရှိပြီး ယခုနှစ်ထုတ်လုပ်မှုမှာ တန်ချိန် ၁၃ သန်းမှ ၁၄ သိန်းအထိ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ဩစတေးလျ၊ ကနေဒါနှင့် အခြားသော ပဲနီလေးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများနည်းတူ ယခုနှစ် အိန္ဒိယ၏ ပဲနီလေးစိုက်ပျိုးထုတ်လုပ်မှုမှာ အထွက်မြင့်မားမှုရှိမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပဲနီလေး ဈေးကွက်လိုအပ်ချက်အတွက် စိုးရိမ်ဖွယ်မရှိကြောင်း အတွင်းဝန် Mr. Singh က ပြောဆိုခဲ့သည်။
အိန္ဒိယ၏ မတ်ပဲစိုက်ပျိုးမှုဧရိယာမှာ ၁၀% မှ ၁၁% အတွင်း ကျဆင်းခဲ့ပြီး ဝယ်လိုအားနှင့် ရောင်းလိုအားတို့အကြား ဖြည့်ဆည်းပေးရမည့် ကွာဟချက်မှာ တန်ချိန် ၇.၅ သိန်းမှ ၇.၈ သိန်း အထိ ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ မတ်ပဲထွက်ရှိမှုမှာ တန်ချိန် ၈.၅ သိန်းကျော်ရှိနိုင်ကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။
မတ်ပဲတင်သွင်းမှုအားလုံးသည် မြန်မာမှ ရယူခြင်းဖြစ်ပြီး တစ်ဘက်၌ အကျိုးဖြစ်ထွန်းချိန် တွင် အခြားတစ်ဘက်၌ စိုးရိမ်နေရသည့် အခြေအနေဖြစ်ကြောင်း၊ စွန့်စားရမှုများကို လျှော့ချနိုင် ရန်အတွက် အစိုးရအနေဖြင့် ဘရာဇီး အပါအဝင် အခြားနိုင်ငံများထံမှ မတ်ပဲ ဝယ်ယူရရှိနိုင်အောင် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိကြောင်းဖြင့် Mr. Singh က ပြောကြားခဲ့သည်။ အိန္ဒိယ နိုင်ငံသည် ဘရာဇီးမှ မတ်ပဲ တန်ချိန် ၃၀၀၀ ခန့်ကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။
စားသုံးသူရေးရာ အတွင်းဝန် Mr. Singh က အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံထံမှ ပဲစင်းငုံများ ဝယ်ယူရာတွင်လည်း အခက်အခဲပြဿနာအချို့နှင့် ကြုံတွေ့နေရကြောင်း၊ အကယ်၍ ဈေးကစားမှု များ ဆက်လက်ဖြစ်ပေါ်ပြီး ပဲစင်းငုံဈေးနှုန်းများသည် အကြောင်းအကျိုး ဆီလျော်မှုမရှိပဲ မြင့်တက်မှုရှိပါက အစိုးရ၏တင်သွင်းမှုကိုသာ ဆောင်ရွက်ခွင့်ပြုခြင်း ကဲ့သို့သော ပြင်းထန်သည့် ဆုံးဖြတ် ချက်များကို ရှေ့လာမည့် ၂ ရက်မှ ၄ ရက်အတွင်း ချမှတ်ဖွယ်ရာရှိကြောင်း၊ အစိုးရအနေဖြင့် လွန်ခဲ့သော ၁၅ ရက်အတွင်း ဈေးနှုန်းများပြောင်းလဲမှုကို လေ့လာစောင့်ကြည့်လျက်ရှိခဲ့ကြောင်း၊ ပဲစင်းငုံနှင့် မတ်ပဲတို့၏ ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် ဆက်စပ်မှုမရှိပဲ မလိုလားအပ်သည့် ဈေးကစားမှုနှင့် လွန်ကဲစွာဈေးနှုန်းမြင့်တက်မှုရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်းဖြင့် သတိပေး ပြောဆိုခဲ့သည်။
Source: The Hindu Business Line, 12 Feb 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)