Main menu

၂၀၂၃-၂၄ ဈေးကွက်ရာသီ၌ အိန္ဒိယ၏ သကြားထုတ်လုပ်မှု ၂.၄၈% ကျဆင်း

Powered by Drupal

   အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ယခုနှစ် ၂၀၂၃-၂၀၂၄ စျေးကွက်ရာသီတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ သကြားတန်ချိန်ပေါင်း ၂၂.၃၆ သန်းထုတ်လုပ်နိုင်ခဲ့ရာ ယခင်နှစ်ကာလတူ၌ ထုတ်လုပ်မှု သကြားတန်ချိန်ပေါင်း ၂၂.၉၃ သန်းနှင့် နှိုင်းယှဉ်ပါက ၂.၄၈% ကျဆင်းခဲ့ကြောင်း အိန္ဒိယသကြားစက်ရုံလုပ်ငန်းများအသင်း (ISMA) ၏ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။

   အိန္ဒိယ၏ သကြားရာသီကာလမှာ အောက်တိုဘာလ၌ စတင်လျက်   စက်တင်ဘာလတွင် ကုန်ဆုံးခြင်း ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်ကာလတစ်ခုလုံး၌ သကြားတန်ချိန်ပေါင်း ၃၆.၆၂ သန်း ထုတ်လုပ်ခဲ့မှုနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ၂၀၂၃-၂၀၂၄ ဈေးကွက်ရာသီတွင် သကြား တန်ချိန် ပေါင်း ၃၃.၀၅ သန်းခန့် ထုတ်လုပ်နိုင်ပြီး ၁၀% လျော့ကျဖွယ်ရှိကြောင်း ISMA က ဒုတိယအကြိမ် ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

    ISMA ၏ အဆိုအရ Maharashtra၊ Karnataka၊ Gujarat နှင့် Tamil Nadu ပြည်နယ် တို့တွင် သကြားထုတ်လုပ်မှုသည် ယခုနှစ်ဈေးကွက်ရာသီတွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ကျဆင်းနေဆဲဖြစ်ကြောင်း၊ သို့သော်လည်း ဒုတိယအကြီးဆုံး ကြံထုတ်လုပ်သော ပြည်နယ်ဖြစ် သည့် Uttar Pradesh ပြည်နယ်တွင် သကြားအထွက်တန်ချိန် ၆.၁၂ သန်း ခန့်မှန်းထားရာမှ ပြန်လည်သုံးသပ်သည့်ကာလ၌ တန်ချိန် ၆.၇၇ သန်းသို့ မြင့်တက်ခဲ့ကြောင်း သိရသည်။

   အိန္ဒိယ၏ အကြီးဆုံး သကြားထုတ်လုပ်သော ပြည်နယ်ဖြစ်သည့် Maharasthra ပြည်နယ် တွင် သကြားထုတ်လုပ်မှုမှာ ယခင်နှစ်ကာလတူ၌ ထုတ်လုပ်နိုင်မှု တန်ချိန် ၈.၅၉ သန်း အောက်သို့ လျော့ကျလျက် ယခုနှစ်ဈေးကွက်ရာသီတွင် ဖေဖော်ဝါရီလအထိ တန်ချိန် ၇.၉၄ သန်း ခန့်သာရှိကြောင်း၊ အလားတူ အဆိုပါကာလအတွင်း တတိယအကြီးဆုံး သကြားထုတ်လုပ်သည့် Karnataka ပြည်နယ်တွင်လည်း သကြားထုတ်လုပ်မှုသည် ယခင်နှစ်၌ တန်ချိန် ၄.၆ သန်းရှိရာမှ ယခုနှစ်တွင် တန်ချိန် ၄.၃၂ သန်းသို့ ကျဆင်းခဲ့ကြောင်း သိရသည်။ ယခုနှစ် ဈေးကွက်ရာသီ အတွင်း Gujarat ပြည်နယ်တွင် သကြားတန်ချိန်ပေါင်း ၆၈၅၀၀၀ နှင့် Tamil Nadu ပြည်နယ်တွင် သကြားတန်ချိန်ပေါင်း ၄၅၀၀၀၀ အထိ ထုတ်လုပ်ထားပြီးဖြစ်သည်။

    ယခင်နှစ် ၂၀၂၂-၂၀၂၃ ဈေးကွက်ရာသီတွင် စက်ရုံပေါင်း ၅၀၂ ခုမှ ကြိတ်ခွဲထုတ်လုပ်ခဲ့ပြီး လက်ရှိဈေးကွက် ရာသီကာလ၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စက်ရုံပေါင်း ၅၀၅ ခု ခန့်မှ ကြိတ်ခွဲထုတ်လုပ်ခဲ့ကြောင်း၊ Maharashtra နှင့် Karnataka ပြည်နယ်တို့တွင် စက်ရုံပေါင်း ၂၂ ခုသည် ကြံကြိတ်ဝါးထုတ်လုပ်မှုကို ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း ISMA က ဖော်ပြခဲ့သည်။

Source: Zee Business, 19 February 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)