Main menu

ပေါင်းဆန်တင်ပို့မှုအပေါ် အခွန် ၂၀% ကောက်ခံသည့်ကာလအား အိန္ဒိယအစိုးရ တိုးမြှင့်

Powered by Drupal

      အိန္ဒိယနိုင်ငံ၌ ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုနှင့် ဆန်ဈေးနှုန်းများမြင့်တက်မှုအား ထိန်းသိမ်းနိုင်ရန်အတွက် အစိုးရသည် ပြည်ပသို့ပေါင်းဆန်များတင်ပို့မှုအပေါ် ပို့ကုန်အခွန် ၂၀% သတ်မှတ်ကောက်ခံခြင်းအား ၂၀၂၃ ခုနှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက် နေ့အထိ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့သည်။

     ယခုအခါ ပေါင်းဆန်တင်ပို့မှုအပေါ် အခွန် ၂၀% ကောက်ခံခြင်းအား သက်တမ်းကုန်ဆုံးမည့်နေ့ရက် သတ်မှတ်ခြင်းမရှိပဲ ၃၁-၃-၂၀၂၄ ရက်နေ့ နောက်ပိုင်းတွင်လည်း ဆက်လက်ထားရှိ ကျင့်သုံးမည်ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက ၂၁-၂-၂၀၂၄ နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

    အိန္ဒိယ၏ နှစ်အလိုက် အခြေခံတွက်ချက်သည့် လက်လီကုန်ဈေးနှုန်း ဖောင်းပွမှုမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ၄ လအတွင်း အမြင့်ဆုံးအဖြစ် ၅.၆၉% ရှိရာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ၌ ၅.၁၀% သို့ ကျဆင်းသက်သာမှုရရှိခဲ့ကြောင်း အိန္ဒိယ စာရင်းအင်းနှင့် စီမံကိန်း အကောင်အထည် ဖော်ဆောင်ရေး ဝန်ကြီးဌာန၏ အချက်အလက်များက ဖော်ပြပါသည်။

    အစိုးရ၏ ထိန်းချုပ်စီမံဆောင်ရွက်မှုများကြောင့် ပြည်တွင်းဈေးကွက်၌ ဆန်ရောင်းလိုအား မြင့်တက်လျက် ဆန်အမျိုးအစားအားလုံး၏ ဈေးနှုန်းများသည် ၁ လတာအတွင်း ၁၀% ခန့် ကျ ဆင်းခဲ့ကြောင်း၊ ဘာစမာတီမဟုတ်သောဆန်များ၏ဈေးနှုန်း ၇% ကျဆင်းခဲ့ချိန်တွင် ဘာစမာတီ ဆန်များ၏ ဈေးနှုန်းသည် ၁၀% အထိ လျော့နည်းသက်သာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: Economic Times, 21 Feb 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)