အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က ကြက်သွန်နီတင်ပို့မှုကို ပိတ်ပင်တားမြစ်ခဲ့ပြီးနောက် ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်း မြင့်တက်လာခဲ့ရာ သီရိလင်္ကာနိုင်ငံအနေဖြင့် ကြက်သွန်နီကို တရုတ်နိုင်ငံမှ တင်သွင်းမည်ဟု သီရိလင်္ကာ ကုန်သွယ်ရေးဝန်ကြီး Mr. Nalin Fernando က ပြောကြားခဲ့ကြောင်း Economy Next သတင်းဌာန၏ ဖော်ပြချက်အရ သိရပါသည်။
သီရိလင်္ကာနိုင်ငံအနေဖြင့် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံတို့၌ ကြက်သွန်နီအကြီး အမျိုး အစား ပြတ်လပ်မှုဖြစ်ပေါ်နေသည့်အတွက် တရုတ်နိုင်ငံထံမှ ဝယ်ယူတင်သွင်းရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်တွင်း ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ကြက်သွန်နီ ဥလုံး ကြီးများအစား နှင်းဆီကြက်သွန်နီ အမျိုးအစားများကို တင်သွင်းမည်ဖြစ်ကြောင်း၊ ကြက်သွန်နီ သွင်းကုန်ပမာဏသည် ယခင်ကထက် လျော့နည်းကြောင်း၊ သွင်းကုန်ခွန် အကာအကွယ်ပေးရေး အစီအစဉ်အရ ပြည်တွင်း၌ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်လာပြီး ပြည်တွင်းထွက်ရှိမှုမှာ ရာသီ အလိုက်သာ သီးနှံထွက်ပေါ်သည့်အတွက် ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ တင်သွင်းရကြောင်း ကုန်သွယ်ရေးဝန်ကြီးက ဆက်လက်ပြောဆိုပါသည်။
သီရိလင်္ကာနိုင်ငံ၌ ၂၀၂၃ ခုနှစ် ယာလသီးနှံရာသီ (မေလမှ ဩဂုတ်လထိ) တွင် ကြက်သွန်နီ စိုက်ဧရိယာ ၃၅၀၀ ဟက်တာ စိုက်ပျိုးခဲ့သော်လည်း ရိတ်သိမ်းချိန်မတိုင်မီ ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုပွဲတော်များမတိုင်မီ ပြည်တွင်း ကြက်သွန်နီ ဝယ်လိုအား မြင့်မားလျက်ရှိကြောင်း၊ သို့ သော် ၂၀၂၄ ခုနှစ် ယာလရာသီတွင် စိုက်ပျိုးရန် ကြက်သွန်နီဥကြီး ၇၅၀၀၀ ကီလိုဂရမ်ကို စိစစ် ထားရှိကြောင်း သီရိလင်္ကာ စိုက်ပျိုးရေး ဦးစီးဌာနမှ သိရပါသည်။
သီရိလင်္ကာဆိုင်ရာ အမေရိကန်သံအမတ် Julie Chung နှင့်တွေ့ဆုံရာတွင် သီရိလင်္ကာ ကုန်သွယ်ရေး ဝန်ကြီး Mr. Nalin Fernando က သီရိလင်္ကာတွင် သီးနှံအထွက်နှုန်းတိုးမြင့်လာရေး နှင့် စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးတို့အတွက် နည်းပညာသစ် အကူ အညီများ လိုအပ်လျက်ရှိသည်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: Economy Next, 28 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)