Main menu

အသိပေးကြေညာချက်

Powered by Drupal
Fri, 04/26/2024 - 11:41 -- consumer_admin

      စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် “ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုတွဲလျက်ဖြစ်စေဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်”ကို ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။ ယင်းညွှန်ကြားချက် တွင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေဖော်ပြရန် လိုအပ်ကြောင်း သတ်မှတ် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

     ထို့ပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် “ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်”ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်တွင် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယင်းညွှန်ကြားချက် တွင် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့်စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသားဖော်ပြရာ တွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်၏အသားတင်ပမာဏနှင့် အရွယ်အစားတို့ကို မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ်ထုတ်ပြန်ပြီး ဖြစ်ပါသည်။

    သို့ဖြစ်ပါ၍ စားသုံးဆီဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြပါရန်နှင့် လိုက်နာဆောင်ရွက်မှု မရှိကြောင်း စိစစ်တွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ ထိရောက်စွာ အရေးယူခံရမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။