အိန္ဒိယနိုင်ငံ၌ ပဲပုပ်စိုက်ပျိုးမှုမှ အကျိုးအမြတ်ရရှိမှုမှာ နည်းပါးနိုင်မှုနှင့် ပဲမျိုးစုံဈေးနှုန်းများ စံချိန်တင် မြင့်မားလျက်ရှိပြီး မုတ်သုံမိုးရွာသွန်းမှုမှာ ပုံမှန်အထက်ရရှိမည့် ခန့်မှန်းချက်များအရ တောင်သူများအနေဖြင့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို ရှေ့လာမည့် မုတ်သုံသီးနှံရာသီကာလ အတွင်း ပိုမိုတိုးချဲ့စိုက်ပျိုးဖွယ်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များက ပြောဆိုလျက်ရှိကြသည်။
အိန္ဒိယပြည်တွင်း၌ ပဲမျိုးစုံ စိုက်ပျိုးထွက်ရှိမှု လျော့နည်းကျဆင်းခြင်းက လွန်ခဲ့သော ၂ နှစ် အတွင်း နိုင်ငံတစ်ဝန်းတွင် ပဲဈေးနှုန်းများကို မြင့်တက်လာစေခဲ့ပြီး အစိုးရ၏ ပဲတင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပြုသည့် လုပ်ဆောင်ချက်သည်ပင် ဈေးနှုန်းကျဆင်းရေးအတွက် ကောင်းစွာ အထောက်အပံ့ မပြုနိုင်ကြောင်း တွေ့ရှိရသည်။ စားသုံးသူများအနေဖြင့် လက်လီဈေးကွက်၌ ပဲစင်းငုံခွဲခြမ်း ၁ ကီလိုဂရမ်လျှင် ရူပီးငွေ ၁၈၀ မှ ၂၀၀ အထိနှုန်းထားဖြင့် ဝယ်ယူစားသုံးခဲ့ကြရ သည်။
၂၀၂၃ ခုနှစ်အတွင်း မိုးသီးနှံရာသီ၌ မိုးရွာသွန်းမှု နောက်ကျခြင်း၊ သီးနှံများ အဓိကစိုက်ပျိုး သည့် အချိန်ကာလတွင် မိုးရေချိန်ရရှိမှုနည်းပါးခြင်း စသည့်အချက်များကြောင့် မိုးသီးနှံ ပဲမျိုးစုံ စိုက်ပျိုးမှု ဧရိယာသည် ယခင်နှစ်စိုက်ပျိုးနိုင်မှုအောက် ၅.၄% လျော့နည်းလျက် ဧရိယာ ဟက်တာ ပေါင်း ၁၂၃.၅၇ သိန်းသာ ရှိခဲ့သည်။ ယခုနှစ်တွင်မူ မိုးသီးနှံရာသီ၌ ပဲစင်းငုံစိုက်ဧရိယာသည် ၁၀% မှ ၁၅% အတွင်းထိ တိုးတက်ဖွယ်ရှိသည်ဟု ကုန်သည်လုပ်ငန်းရှင်များ အသိုင်းအဝိုင်းက ခန့်မှန်းလျက်ရှိကြသည်။
မဟာရဋ္ဌပြည်နယ်၊ Latur ဒေသအခြေစိုက် ပဲမျိုးစုံ ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ Nitin Kalantry က ၎င်းတို့အနေဖြင့် ယခုနှစ်တွင် မိုးရေချိန် ကောင်းစွာရရှိပါက တောင်သူ များသည် ပဲပုပ်အစား ပဲစင်းငုံကို ပြောင်းလဲစိုက်ပျိုးလာကြမည်ဟု မျှော်လင့်ထားကြောင်း၊ ပဲစင်းငုံ ဈေးနှုန်းများ မြင့်မားမှုက တောင်သူများအတွက် ဝင်ငွေပိုမိုရရှိစေနိုင်မည်ဖြစ်ကြောင်း၊ ပဲပုပ် ဈေးနှုန်းများမှာမူ နိမ့်ကျလျက်ရှိကြောင်း ပြောဆိုခဲ့သည်။
အိန္ဒိယတောင်သူများသည် ယခင်နှစ်၌ ပဲပုပ်စိုက်ပျိုးမှုမှ ဈေးကောင်းရရှိရန် မျှော်လင့်ထား ခဲ့ကြသည်။ မိုးရွာသွန်းမှု နောက်ကျပြီး နေရာကွက်ကျားမိုးရွာသွန်းသည့် အခြေအနေက ပဲစင်းငုံထက် စိုက်ပျိုးမှုကာလ ပိုမိုတိုတောင်းပြီး အစိုဓာတ်ပိုမိုလိုအပ်သော ပဲပုပ်ကို ရွေးချယ်စိုက်ပျိုးရန် အတွက် အကြောင်းအရင်းတစ်ရပ်ဖြစ်ခဲ့သည်။
ယခုနှစ်တွင် လာနီညာ ရာသီဥတုဖြစ်စဉ် အစပြုထွက်ပေါ်လာနိုင်မှုနှင့်အတူ အိန္ဒိယနိုင်ငံ၌ မုတ်သုံမိုးရွာသွန်းမှုမှာ ပျမ်းမျှမိုးရေချိန်၏ အထက်တွင် ရှိနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားသည်။ ဩစတေးလျ မိုးလေဝသဗျူရိုကလည်း ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ နေရာဒေသများစွာ၌ ရာသီဥတုခြောက်သွေ့မှုကို ဖြစ်ပေါ်စေသည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း ၁၆-၄-၂၀၂၄ နေ့၌ ပြောဆိုခဲ့သည်။
သီးနှံစိုက်ပျိုးနိုင်မှုအပေါ် မှတ်ချက်ပြုပြောဆိုရန် အချိန်စောလွန်းသည့် အခြေအနေရှိသော်လည်း တောင်သူများအနေဖြင့် ဈေးကောင်းရရှိနိုင်သဖြင့် ပဲစင်းငုံနှင့် မတ်ပဲ စိုက်ပျိုးမှုဧရိယာသည် သိသာစွာတိုးတက်လာမည်ဟု ကုန်သည်များက မျှော်မှန်းထားကြောင်း၊ သို့သော် အရာရာ အားလုံးသည် အမှန်တကယ် မိုးရွာသွန်းမှု အခြေအနေပေါ် မူတည်လျက်ရှိကြောင်းဖြင့် မွန်ဘိုင်းမြို့ အခြေ စိုက် ပဲမျိုးစုံ သွင်းကုန်လုပ်ငန်းရှင် Satish Upadhay က ပြောကြားခဲ့သည်။
တောင်သူများအနေဖြင့် ပဲမျိုးစုံကို ပိုမိုတိုးချဲ့ စိုက်ပျိုးလာစေရေးအတွက် အကြံပြု တွန်းအားပေးရန် လယ်ယာစိုက်ပျိုးရေး ကုမ္ပဏီများသို့ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများက ပြောဆို ထားကြောင်း အမည်ဖော်ပြလိုခြင်းမရှိသော ကုန်သည်တစ်ဦးက Economic Times သတင်းဌာန သို့ ပြောကြားခဲ့သည်။ ယခုနှစ် မိုးသီးနှံရာသီတွင် တောင်သူများသည် ပဲမျိုးစုံကို တိုးတက်စိုက်ပျိုး လာဖွယ်ရှိသည်ဟု မျိုးစေ့ထုတ်လုပ်သည့် ကုမ္ပဏီအချို့ကလည်း အတည်ပြုပြောဆိုခဲ့ကြောင်း သိ ရှိရသည်။
Source: Economic Times, 16 Apr 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)