Main menu

ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၇၀ ရရှိခဲ့သည့် ကမ္ဘောဒီးယား

Powered by Drupal

          ယခုနှစ်၏ ပထမလေးလတာကာလတွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာသန်း (၁၇၀) ပမာဏရှိသည့် ဆန်တန်ချိန် ၂၄၈၄၉၁တန်ကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းအဖွဲ့ချုပ်၏ (၈-၅-၂၀၂၄) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဧပြီလတစ်လတည်းတွင် ဆန်တန်ချိန် ၈၂၄၉၁တန်တင်ပို့ခဲ့ခြင်းမှ အမေရိကန်ဒေါ်လာ ၄၆.၆သန်းရရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံးဆန်တင်သွင်းသည့် နိုင်ငံဖြစ်ပြီး ယခုနှစ်၏ ပထမလေးလတွင် အမေရိကန်ဒေါ်လာ ၄၂.၂၈သန်းတန်ဖိုးရှိသည့် ဆန်တန်ချိန် ၆၇၄၅၇တန်ဝယ်ယူခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၁၀၅၇၉၉တန်ကို ဥရောပရှိ နိုင်ငံ ၂၆နိုင်ငံကိုတင်ပို့ခဲ့ပြီး ၅၇၇၆၆တန်ကို အာဆီယံဒေသရှိနိုင်ငံ ၇နိုင်ငံနှင့် ၂၁၄၆၉တန်ကို အခြားဒေသများသို့ တင်ပို့ခဲ့သည်ဟုသိရပါသည်။ တင်ပို့ခဲ့သည့် ဆန်များထဲတွင် ဆန်မွှေး၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များပါဝင်ပြီး ဆန်မွှေးတင်ပို့မှုမှ စုစုပေါင်းဆန်တင်ပို့မှု၏ ၇၃ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘောဒီးယားနိုင်ငံသည် မကြိတ်ခွဲရသေးသည့် ရိတ်သိမ်းပြီးသော စပါးတန်ချိန် ၁၂သန်းနှင့် ကြိတ်ခွဲပြီးသောဆန် ၇သန်းထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းလိုအပ်ချက်၏ ၅၀ရာခိုင်နှုန်းပိုမိုကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးမွေးမြူရေးဝန်ကြီးဌာန၏ ပြည်ထောင်စုအတွင်းရေးမှူးက ပြောကြားခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်တို့၏ အနာဂတ်ရည်မှန်းချက်မှာ အစားအစာများဖူလုံစိတ်ချရမှုရှိရေးနှင့် လယ်သမားများကို ပံ့ပိုးပေးနိုင်ရန်အပြင် တည်ငြိမ်သေစီးပွားရေးနှင့် ပတ်ဝန်းကျင်ကိုဖန်တီးရန်ဖြစ်ကြောင်း ကမ္ဘောဒီးယားဆန်စပါးကဏ္ဍသည် နိုင်ငံတော်အစားအသောက်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစားအစာများထုတ်လုပ်ရာတွင် အောင်မြင်မှုရရှိရုံသာမက ကမ္ဘာ့အစားအစာဖူလုံစိတ်ချရမှုရှိစေရေးတွင်လည်း ပူးပေါင်းပါဝင်လျက်ရှိကြောင်း အတွင်းရေးမှူးက ဆက်လက်ပြောကြားခဲ့ပါသည်။ ၂၀၂၄ခုနှစ်၏ ပထမလေးလပတ်ကာလတွင် စပါးနှင့် ကြိတ်ခွဲပြီးသားဆန်များတင်ပို့မှုသည် ၂၀၂၃ခုနှစ်၊ ပထမလေးလပတ်ကာလထက် ၃၀ရာခိုင်နှုန်း တိုးတက်လာကြောင်းသိရပါသည်။

        ၂၀၁၅ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ ဆန်တန်ချိန် ၁သန်းတင်ပို့နိုင်ရန် ရည်မှန်းချက်ထားခဲ့သော်လည်း ဆယ်စုနှစ် ၁စုနီးပါးကြာသည့်အချိန်ထိ ရည်မှန်းချက်မအောင်မြင်သေးကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်သည် ၂၀၂၅ခုနှစ်တွင် အနည်းဆုံးဆန်တန်ချိန် ၁သန်းတင်ပို့နိုင်ရန် ရည်မှန်းချက်ထားလျက်ရှိပါသည်။ လွန်ခဲ့သည့်လေးနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ တစ်နှစ်ကို ဆန်တန်ချိန် ၆သောင်းကျော် ပုံမှန်တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

Source : Khmar Times

DOCA(ရန်ကုန်)