Main menu

Apple သည် တရုတ် E-commerce ပွဲတော်တွင် ဖုန်းများအား လျှော့ဈေးဖြင့်ရောင်းချ

Powered by Drupal

      တရုတ်နိုင်ငံ၏ 618 ဈေးပွဲတော်အတွက် ပရိုမိုရှင်းများစတင်နေပြီဖြစ်သောကြောင့် Apple သည် Huawei ကဲ့သို့သော ပြည်တွင်းကုမ္ပဏီများနှင့် ပြိုင်ဆိုင်မှုပြင်းထန်နေချိန်တွင် တရုတ်နိုင်ငံရှိ iphone များအား အရောင်းမြှင့်တင်ရန်အတွက် လျှော့ဈေးများပေးလျက်ရှိသည်။ 618 ပွဲတော်ကို 2024ခုနှစ်၊ မေလ ၂၁ရက်နေ့၊ တနင်္လာနေ့တွင် စတင်ကျင်းပခဲ့ပြီး တရုတ် E-commerce ဈေးကွက်များဖြစ်သော JD.com နှင့် Alibaba ၏ Tmall တို့သည် ပရိုမိုရှင်းများဖြင့် စတင်ရောင်းချချိန်မှစ၍ ၂၀ရာခိုင်နှုန်းအထိလျှော့ဈေးဖြင့် ရွေးချယ်ထားသော iphone မော်ဒယ်များအား ရောင်းချပေးလျက်ရှိသည်။

       Apple ၏ 256 - gigabyte iphone 15 Pro Max ကို မူလဈေး ၉၉၉၉ယွမ်ထက်လျှော့ဈေး ၇၉၄၉ ယွမ် (အမေရိကန်ဒေါ်လာ၁၁၂၀) ဖြင့်ရောင်းချလျက်ရှိပြီး ဖေဖော်ဝါရီလတွင်ဖော်ပြခဲ့သော ဈေးထက် သိသိသာသာလျော့နည်းသွားခဲ့သည်။ Tmall နှင့် JD.com တို့သည် တရုတ်နိုင်ငံတွင်း၌ကျင်းပသော နှစ်လည် 618 ဈေးရောင်းပွဲတော်တွင် Apple ၏ ကုန်ထုတ်များအား လျှော့ဈေးဖြင့် ရောင်းချပေးလေ့ရှိသည်။ Alibaba ၏ ထုတ်ပြန်ချက်အရ ယခုနှစ်အရောင်းပြပွဲတော်သည် မေလ ၂၀ရက်နေ့မှ ၂၈ရက်နေ့အထိနှင့် မေလ ၃၁ရက်နေ့မှ ဇွန်လ ၂၀ရက်နေ့အထိ အရောင်းကာလ ၂ခုပါဝင်မည်ဖြစ်သည်။ Apple သည် တရုတ်ဝယ်လက်များ iphone 11 သို့မဟုတ် နောက်ပိုင်းဗားရှင်းများအား အရောင်းအဝယ်ပြုလျှင် iphone 15 အတွက် ယွမ်၆၁၀၀အထိလျှော့ဈေးပေးနေကြောင်း ကုမ္ပဏီ၏ Website အရသိရသည်။

      တရုတ်တယ်လီကွန်ကုမ္ပဏီ Huawei သည် အမေရိကန်မှ ကန့်သတ်ရန်ကြိုးပမ်းနေသော အဆင့်မြင့် Chip များကိုအသုံးပြု၍ စမတ်ဖုန်းမော်ဒယ်အသစ်များကို ယမန်နှစ်နှောင်းပိုင်းတွင် စတင်ရောင်းချခဲ့ပြီးကတည်းက Apple သည် ၎င်း၏ဈေးကွက်များအနက် တစ်ခုဖြစ်သည့် တရုတ်နိုင်ငံတွင် အကြပ်အတည်းများနှင့်ကြုံတွေ့နေရသည်။ ယခုနှစ်ပထမသုံးလတွင် Apple သည် တရုတ်နိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် ၂၅ရာခိုင်နှုန်းရောင်းအားကျဆင်းခဲ့ပြီး ၎င်း၏ဈေးကွက်ဝေစုကို ယမန်နှစ်အလားတူကာလများနှင့်နှိုင်းယှဉ်ကြည့်ပါက ၂၀ရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်းသို့ကျဆင်းသွားကြောင်း Canalys ၏ အချက်အလက်များအရသိရပါသည်။

         တစ်ချိန်တည်းမှာပင်ပြီးခဲ့သည့် ဧပြီလ ၁၈ရက်နေ့က Huawei ကုမ္ပဏီသည် Pura 70 ဟုခေါ်သော ဖုန်းစီးရီးအသစ်အားကြော်ငြာခဲ့ကာ iphone အား စိန်ခေါ်သူတစ်ယောက်နှင့်မိတ်ဆက်ပေးခဲ့သည်။ သို့သော်လည်း တရုတ်နိုင်ငံတွင် ရုန်းကန်နေရမှုများနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ iphone ရောင်းချမှုများ ၁၀ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း Apple ကုမ္ပဏီသည် ယခုလအစောပိုင်းတွင် ဝင်ငွေများခုန်တက်ကာ စတော့ရှယ်ယာများ အကြီးအကျယ်ပြန်လည်ဝယ်ယူပြီး နောက်ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်းသိရှိရပါသည်။

Source : cnbc.com

DOCA(ရန်ကုန်)