Main menu

ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုပြုလုပ်သွားရန် တရုတ်နိုင်ငံကတိပြု

Powered by Drupal

      တရုတ်နိုင်ငံသည် ပြည်တွင်းမှကုမ္ပဏီများကို ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်အတွက် တိုက်တွန်းသွားမည်ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးစင်္ကြန်ကိုအရှိန်မြှင့်တင်ရန်၊ စက်မှုဇုံလုပ်ငန်းစဥ်များအရှိန်ရလာစေရန်နှင့် မီးရထားလမ်း၊ ကားလမ်း၊ စွမ်းအင်နှင့်စိုက်ပျိုးရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန်အတွက် အဆင်သင့်ဖြစ်နေကြောင်းသိရပါသည်။ ၎င်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Sok Chenda Sophea နှင့် ၂၄-၅-၂၀၂၄ ရက်နေ့တွင် ဘေဂျင်း၌ တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

        Mr-Wang က Mr-Sok သည် ရာထူးစတင်ရယူချိန်မှစ၍ ပထမဆုံးပြည်ပခရီးစဥ်အဖြစ် တရုတ်နိုင်ငံအားရွေးချယ်ခဲ့ခြင်းသည် ကမ္ဘောဒီးယားအစိုးရသစ်၏ နှစ်နိုင်ငံကြား ရိုးရာချစ်ကြည်ရင်းနှီးမှုကို ရှေ့ဆက်သယ်ဆောင်သွားရန်အတွက် ခိုင်မာစွာဆုံးဖြတ်ချက်ချထားခြင်းကိုပြသရာရောက်ကြောင်းနှင့် ၎င်းကို တရုတ်နိုင်ငံကလည်း စစ်မှန်စွာအသိအမှတ်ပြုကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားပြည်သူများ လူနေမှုဘဝတိုးတက်စေရေး၊ တည်ငြိမ်မှုကိုထိမ်းသိမ်းရေးနှင့် ၎င်းတို့၏နိုင်ငံအခြေအနေများနှင့်သင့်တော်သည့် အောင်မြင်သောဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်သည့်လမ်းကြောင်းကို အခိုင်အမာထောက်ပံ့မည်ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများတွင် အရေးပါသည့်ကဏ္ဍတွင် တည်ရှိနေကြောင်းပြောကြားခဲ့ပါသည်။

       တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏အဆိုအရ ခေါင်းဆောင်နှစ်ဦးသည် Diamond Hexagon Corporation ကိုအကောင်အထည်ဖော်နိုင်ရန်အတွက် အရှိန်မြှင့်တင်ကြရန်၊ ငါးနှင့် ဆန်စပါးစင်္ကြန်တည်ဆောက်ရေး၊ စီးပွားရေးစင်္ကြန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံများတည်ဆောက်ရေး၊ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ AI နည်းပညာ၊ လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အထူးစီးပွားရေးဇုန်များတည်ဆောက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများအားကောင်းလာစေရန်အတွက် သဘောတူညီခဲ့ကြကြောင်းသိရှိရပါသည်။

Source; Khmer Times

DOCA(ရန်ကုန်)