Main menu

၂၀၂၄ခုနှစ်တွင် ဖူးခတ်ကမ်းခြေ၏ ခရီးသွားကဏ္ဍမှတစ်ဆင့် ဘတ် ၄၀၀ဘီလီယံရရှိရန် မျှော်လင့်နေသည့် ထိုင်းနိုင်ငံ

Powered by Drupal

      ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) သည် ယခုနှစ်တွင် ဖူးခတ်ကမ်းခြေ၏ ခရီးသွားကဏ္ဍမှတစ်ဆင့် အနည်းဆုံးဘတ် ၄၀၀ဘီလီယံရရှိမည်ဟု ယုံကြည်ချက်ရှိနေပြီး ၂၀၂၄ခုနှစ်၏ ပထမသုံးလတာကာလတွင် ဖူးခတ်ကမ်းခြေကို ခရီးသွား ၃.၆သန်းကျော်လာရောက်လည်ပတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ TAT ရုံး၏ ဒါရိုက်တာတစ်ဦးဖြစ်သည့်  Lerdchai Wangtiakoondee က ဇန်နဝါရီလမှ မတ်လအတွက် ဖူးခတ်ကိုလာရောက်လည်ပတ်ခဲ့သည့် ခရီးသွားအရေအတွက်မှာ ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၃၀ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဘဏ္ဍာငွေ ဘတ် ၁၃၇ဘီလီယံရရှိခဲ့ကြောင်း ၂၅-၅-၂၀၂၄ ရက်နေ့က မီဒီယာများကိုပြောကြားခဲ့ပါသည်။ ဖူးခတ်သည် ယခုအချိန်တွင်  ခရီးသွားလာရောက်မှုနည်းပါးသည့်ကာလကို ရောက်လာသော်လည်း ဟိုတယ်အခန်းကြိုတင်မှာယူမှုများမှာ သိသာစွာလျော့ကျခြင်းမရှိသေးကြောင်း၊ ဒေသတွင်းစီးပွားရေးသမားများကလည်း ကျွန်းသို့ ခရီးသွားနည်းပါးခြင်းမရှိသည့်ရာသီကို အစိမ်းရောင်ရာသီဟုအမည်ပေးကြောင်း Mr.Lerdchai က ပြောကြားခဲ့ပါသည်။ ဖူးခတ်လေဆိပ်သို့ ခရီးသွားရာသီကာလမျိုးတွင်  နေ့စဉ်ခရီးသွား ၂၀၀၀၀ကျော်လာရောက်လျက်ရှိပြီး နှစ်တစ်နှစ်၏ ယခုအချိန်ကဲ့သို့သောကာလမျိုးတွင် လာရောက်မှုလျော့ကျကြောင်းသိရပါသည်။ လတ်တလောတွင် ဖူးခတ်လေဆိပ်ကို ပြည်ပခရီးသွားနေ့စဉ်လာရောက်မှုမှာ ပျမ်းမျှတစ်ရက်လျှင် ၁၀၀၀၀ဦးရှိပြီး ယခင်နှစ်များက ပျမ်းမျှ ၆၀၀၀ဦးသာရှိခဲ့ကြောင်းသိရပါသည်။ ဖူးခတ်တွင် ဟိုတယ်အခန်းအရေအတွက် ၁၀၁၀၀၀ဖြင့် ထိုင်းနိုင်ငံ၏ မည်သည့်နေရာထက်မဆို မျာပြားသည့်အခန်းအရေအတွက်ရှိပြီး တည်းခိုသူဦးရေမှာ မတ်လတွင် ၈၆ရာခိုင်နှုန်းရှိခဲ့ရာမှ မေလတွင် ၇၀ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်းသိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် ဖူးခတ်သို့ ခရီးသွား ၁၁သန်းလာရောက်လည်ပတ်ခဲ့ပြီး ဘတ် ၃၈၈ဘီလီယံဝင်ငွေရရှိခဲ့ကြောင်းသိရပါသည်။ ဖူးခတ်မှ စီးပွားရေးလုပ်ငန်းရှင်အများစုမှာ ယခုနှစ်ခရီးသွားအရေအတွက်ကို ၁၁သန်းကျော်ရန်အလိုမရှိကြပါ။ အဘယ်ကြောင့်ဆိုသော် များပြားလှသည့် ခရီးသွားများကြောင့် ခရီးသွားဧရိယာတွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် လူများပြွတ်သိပ်နေခြင်းတို့ဖြစ်ပေါ်စေခြင်းကြောင့်ဖြစ်ပါသည်။ သို့သော် စီးပွားရေးလုပ်ငန်းရှင်များသည် ဒေသတွင်း TAT ၏ အထူးကြေညာမြှင့်တင်ခြင်းတို့ကြောင့် ဝင်ငွေ ဘတ် ၄၀၀ဘီလီယံကျော်ရရှိမည်ဟု ယုံကြည်လျက်ရှိနေကြပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)