Main menu

ဂျပန်ကုမ္ပဏီများ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေဟု ထိုင်းဝန်ကြီးချုပ်ပြောကြား

Powered by Drupal

        ဂျပန်ကုမ္ပဏီများသည် ဘိုင်အိုလောင်စာထုတ်လုပ်ခြင်း၊ အစိမ်းရောင်ထုတ်ပိုးခြင်း၊ AI နည်းပညာ လျှပ်စစ်ကားထုတ်လုပ်မှုတို့တွင် ထိုင်းနိုင်ငံ၌ ပိုမိုရင်းနှီးမြှုပ်နှံရန်နှင့် ၎င်းတို့၏ ထုတ်လုပ်ရေးစက်ရုံများကိုတိုးချဲ့ရန် စိတ်ဝင်စားနေကြောင်း ဝန်ကြီးချုပ်ဆရတ်သာဗီဆင်က ၂၃-၅-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားမှုကို ၎င်း၏ ၂၂-၅-၂၀၂၄ ရက်နေ့မှ ၂၄-၅-၂၀၂၄ ရက်နေ့ထိ (၃)ရက်တာကြာမြင့်ခဲ့သည့် ဂျပန်နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည့် တိုကျိုတွင် ဂျပန်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည့် အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

          ဆရတ်သာက Mitsui & Co သည် သန့်စင်သောစွမ်းအင်ထုတ်လုပ်မှုတို့တွင် ထိုင်းနိုင်ငံ၌ ပိုမိုရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်းနှင့် ထိုင်းအစိုးရကလည်း နိုင်ငံတော်စွမ်းအင်အစီအစဉ်ကိုအဆင့်မြှင့်တင်ရန် အရှိန်မြှင့်တင်နေသည့်အတွက် နိုင်ငံတကာမှ ကုမ္ပဏီများအတွက် ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားပါက အဆင်ပြေလွယ်ကူမည်ဟု အာမခံကြောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ်သည် စွမ်းအင်ရှာဖွေခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစိမ်းရောင်ထုပ်ပိုးမှုများနှင့်ပတ်သက်၍လည်း Mitsui မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်ဆွေးနွေးခဲ့ကြောင်း အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရသိရပါသည်။

         Sony Corp ကလည်း ဆရတ်သာကို ထိုင်းနိုင်ငံ Bangkadi စက်မှုဇုန်တွင် ကွန်ပျူတာ Hard Disk Drives များအတွက် တစ်ပိုင်းလျှပ်ကူးလေဆာများနှင့် မော်တော်ယာဉ်များအတွက် ပုံရိပ်မြင်ဆင်ဆာများထုတ်လုပ်မည့် ၎င်းတို့၏ (၄)ခုမြောက်စက်ရုံဖွင့်လှစ်မည့်အစီအစဉ်ကို အကျဉ်းချုပ်ရှင်းလင်းခဲ့ကြောင်းသိရပါသည်။

         Sony သည် AI နည်းပညာနှင့် အခြားနည်းပညာဖြင့် ထုတ်ကုန်များ၌ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ ရန်အတွက် ထိုင်းနိုင်ငံအစိုးရ၏ မူဝါဒနှင့်ပံ့ပိုးနိုင်စွမ်းကို ယုံကြည်မှုရှိကြောင်း ပြသခဲ့သည်ဟုသိရပါသည်။

        ဆရတ်သာသည် ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ်နှင့် အယုဒ္ဓယဘဏ်၏ အဓိကရှယ်ယာရှင်ဖြစ်သည့် MUFG ဘဏ်နှင့် နည်းပညာဗဟိုပြုရင်းနှီးမြှုပ်နှံမှုဦးပိုကုမ္ပဏီ Soft Bank မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်လည်းဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။

        ဆရတ်သာကို Nidec Corporation က ထိုင်းနိုင်ငံတွင် AI နည်းပညာသုံးနိုင်သည့် ထုတ်ကုန်သစ်များထုတ်လုပ်မှုတို့တွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့မည့်အစီအစဉ်ကို အကျဉ်းချုပ် ရှင်းလင်းခဲ့ပြီး ဆရတ်သာက ထိုင်းအစိုးရအဆင့်မြှင့်တင်လျက်ရှိသည့် လျှပ်စစ်ကားအစိတ်အပိုင်းများထုတ်လုပ်မှုတို့တွင် ပိုမိုရင်းနှီးမြှုပ်နှံရန် တောင်းဆိုခဲ့ကြောင်းသိရပါသည်။

          Ajinomoto က အရည်အသွေးမြင့်အချိုမှုန့်များကို ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ ရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟုသိရပါသည်။

Source: Bangkok Post

DOCA(ရန်ကုန်)