Main menu

အင်ဒိုနီးရှား၏ ပဉ္စမအကြိမ် ဆန်အဝယ်တင်ဒါ၌ ဗီယက်နမ်နှင့် မြန်မာတို့ လေလံအောင်မြင်

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ (Bulog) ၏ မကြာသေးမီက တင်ဒါခေါ်ယူမှုတွင် ဗီယက်နမ်သည် ဆန်ကွဲ ၅% ပါဝင်သော ဆန်ဖြူ တန်ချိန် ၁၅၀၀၀၀ တင်ပို့ရန်အတွက် လေလံ ၆ စောင်ကို အောင်မြင်ခဲ့သည်ဟု ကုန်သွယ်ရေး သတင်းအရင်းအမြစ်များက ပြောဆို ကြောင်း၊ သို့သော် ဗီယက်နမ်၏ ဆန်ဈေးနှုန်းများသည် တင်ဒါရလဒ်ကြေညာမှုမှ အကျိုးအမြတ် ရရှိရန် မျှော်လင့်နိုင်ဖွယ်မရှိကြောင်း S&P Global ဈေးကွက်သုတေသနအဖွဲ့က ဖော်ပြပါသည်။

   တင်ဒါခေါ်ယူရာတွင် Bulog အေဂျင်စီသည် ဗီယက်နမ်အတွက် ယှဉ်ပြိုင်နိုင်သည့် ပမာဏ ကို သတ်မှတ်ပေးထားသဖြင့် ဈေးနှုန်းများအပေါ် သိသာစွာ သက်ရောက်ခြင်းမရှိဟု စင်ကာပူ အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။ ဗီယက်နမ်မှ အနိမ့်ဆုံးထား ကမ်းလှမ်းသည့် ဈေးနှုန်းမှာ သင်္ဘောတင်စရိတ်နှင့် သယ်ယူပို့ဆောင်ခတို့ ပါဝင်သည့် ဆိပ်ကမ်းအရောက် CNF ဈေးနှုန်း ၁ တန်လျှင် ၅၆၄.၅ ဒေါ်လာခန့်ဖြစ်ပြီး အဆိုပါ တင်ဒါတွင် ယှဉ်ပြိုင်နိုင်စွမ်း အမြင့်ဆုံး ဖြစ်သည်။

   ပို့ကုန်အမှာစာ အသစ်ရရှိခြင်း မရှိသောကြောင့် ဗီယက်နမ်ရှိ ဆန်ရောင်းချသူ အချို့သည် ၎င်းတို့၏ ဆန်ဈေးနှုန်းများကို လျှော့ချခဲ့ကြပြီး S&P Global ၏ လက်အောက်ရှိ Platts ဈေးကွက် အချက်အလက် ထောက်ပံ့ရေးဌာန၏ အဆိုအရ ဗီယက်နမ်မှ ဆန်ကွဲ ၅% ပါဝင်သော ဆန်ဖြူ၏ ဈေးနှုန်းသည် ရက်သတ္တတစ်ပတ်အတွင်း ဆန် ၁ တန်လျှင် ၁၀ ဒေါ်လာနှုန်းဖြင့် ကျဆင်းခဲ့ပြီး ၂၃-၅-၂၀၂၄ ရက်နေ့တွင် သင်္ဘောပေါ်အရောက် FOB စျေးနှုန်းမှာ ၁ တန်လျှင် ၅၆၉ ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့သည်။

    ထိုင်းနိုင်ငံအနေဖြင့် တင်ဒါခေါ်ယူသည့် ဆန်တန်ချိန် ၃ သိန်းအနက် တန်ချိန် ၉၀၀၀၀ အတွက် တင်သွင်းခွင့်ရရှိခဲ့သော်လည်း ထိုင်းကုန်သည်များ၏ အနိမ့်ဆုံး ဈေးနှုန်းကမ်းလှမ်းချက် မှာ ဆိပ်ကမ်းအရောက် CNF ဈေးနှုန်း ၁ တန်လျှင် ၆၄၉ ဒေါ်လာနှုန်းရှိပြီး  ဆန်ဈေးနှုန်းကြီးမြင့်မှု ကြောင့်  တင်ဒါအောင်မြင်မှု မရှိကြောင်း၊ Bulog အနေဖြင့် အဆိုပါ အောင်မြင်မှုမရှိသော လေလံ စောင်ရေများအတွက် တင်ဒါများ ပြန်လည်ခေါ်ယူရန် သေချာမှုမရှိကြောင်း သိရှိရသည်။ ယင်း ရလဒ် ထွက်ပေါ်လာပြီး မကြာမီကာလအတွင်း ထိုင်းဆန်ဈေးနှုန်းများသည် ကျဆင်းလာနိုင် ဖွယ်ရှိသည်ဟု ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံသည် ဆိပ်ကမ်းအရောက် CNF ဈေးနှုန်း ဆန် ၁ တန်လျှင် ၆၂၁ ဒေါ်လာမှ ၆၂၉ ဒေါ်လာအတွင်း ကမ်းလှမ်းမှုများဖြင့် ဆန်တန်ချိန် ၆၀၀၀၀ ရောင်းချရန်အတွက် လေလံ အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသော ကမ်းလှမ်းမှုများကြောင့် ပါကစ္စတန်မှ  တင်ပို့သူများမှာ တင်ဒါကျရှုံးမှု ရှိခဲ့ကြောင်း သိရသည်။

     အင်ဒိုနီးရှားနိုင်ငံသည် ဆန်ကွဲ ၅% ပါဝင်သော ဆန်ဖြူ တန်ချိန် ၃၀၀၀၀၀ ဝယ်ယူရန် တင်ဒါအသစ်အား မကြာသေးမီက ကြေညာခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွင်း ယခုအချိန်အထိ ဆန်တန်ချိန် ၁.၇ သန်း တင်ဒါ ၅ ကြိမ်ခေါ်ယူ၍ ဝယ်ယူခဲ့ပြီးဖြစ်သည်။ ဗီယက်နမ်၊ ထိုင်း၊ မြန်မာ နှင့် ပါကစ္စတန် တို့သည် ယခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံအတွက် အဓိက ဆန်တင်သွင်းသူများ ဖြစ် ကြသည်။

    Bulog သည် ၂၀၂၄ ခုနှစ်အတွက် ဆန်တန်ချိန် ၃.၆ သန်း တင်သွင်းရန် ခွဲတမ်းသတ်မှတ် ထားသည်။ အယ်လ်နီညိုဖြစ်စဉ်၏ ခြောက်သွေ့သောရာသီဥတု အခြေအနေများက အင်ဒိုနီးရှား နိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုကို ခြိမ်းခြောက်လျက်ရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဆန်ထောက်ပံ့မှု ပိုမို ကျပ်တည်းလာခြင်းတို့အရ အဆိုပါ ဆန်တင်သွင်းမှုခွဲတမ်း သတ်မှတ်ချက်အား အပြည့်အဝ အသုံး ပြုမည့် အလားအလာရှိနေသည်။

Source: S&P Global, 23 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)