Main menu

ဩစတြေးလျ အမဲသားတင်ပို့ရောင်းချသော စက်ရုံကြီး ၅ခုကို တားမြစ်ချက်ရုပ်သိမ်းလိုက်သည့် တရုတ်

Powered by Drupal

     တရုတ်နိုင်ငံသည် ဩစတြေးလျအမဲသားထုတ်လုပ်သည့် စက်ရုံကြီး ၅ခုမှ တင်သွင်းမှုတားမြစ်ချက်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် ထိုလုပ်ဆောင်ချက်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာမည့်လက္ခဏာဖြစ်ကြောင်း မေလ(၃၀)ရက်နေ့၊ ကြာသပတေးနေ့တွင် ဩစတြေးလျအစိုးရက ပြောကြားခဲ့သည်။

         ဩစတြေးလျနိုင်ငံ၏မြို့တော် ကင်ဘာရာတွင် Covid-19 ၏ဇစ်မြစ်ကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်တောင်းဆိုခဲ့ပြီးသည့်နောက် တရုတ်သည် ၂၀၂၀ပြည့်နှစ်မှ ၂၀၂၂ခုနှစ်အတွင်း ဤကဲ့သို့သော တားမြစ်ပိတ်ပင်မှုများပြုလုပ်ခဲ့ပြီး ဩစတြေးလျနိုင်ငံမှ ကျောက်မီးသွေး၊ သစ်နှင့် ဝိုင်အပါအဝင် အခြားကုန်ပစ္စည်းများတင်သွင်းမှုကိုလည်းတားမြစ်ခဲ့သည်။

         တရုတ်သည် ဩစတြေးလျ၏ ဒုတိယအကြီးဆုံး အမဲသားတင်ပို့သည့်ဈေးကွက်ဖြစ်ပြီး ယမန်နှစ်က ကန်ဒေါ်လာ ၁.၆ဘီလီယံတန်ဖိုးရှိ အမဲသားတန်ချိန်၂၄၀၀၀၀ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဩစတြေးလျကုန်သွယ်မှုဒေတာဖော်ပြချက်အရသိရသည်။

       လွန်ခဲ့သည့် ၂နှစ်ခန့်က ကင်ဘာရာတွင် အစိုးရပြောင်းပြီးနောက် ဩစတြေးလျနိုင်ငံ၏ ကုန်ပစ္စည်းများတင်ပို့မှုအပေါ်  ချမှတ်ထားသည့်အတားအဆီးအများစုကို ပေကျင်းက ရုပ်သိမ်းခဲ့ သည်။ သို့သော် ဩစတြေးလျမှ ပုစွန်သားပေါက်များတင်သွင်းခွင့်ကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်။

      “ဩစတြေးလျရဲ့ ပုစွန်လုပ်ငန်းအပါအဝင် ကျန်ရှိနေတဲ့ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးတွေကိုဖယ်ရှားဖို့ တရုတ်ကို ဆက်လက်ဖိအားပေးနေပါတယ်” ဟု ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီး Penny Wong၊ ကုန်သွယ်ရေးဝန်ကြီး Don Farrell နှင့် စိုက်ပျိုးရေးဝန်ကြီး Murray Watt တို့က ပူးတွဲထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

         တရုတ်၏ ကုန်သွယ်မှုအဟန့်အတားမြင့်မားမှုသည် ဩစတြေးလျပို့ကုန်များကို ဩစတြေးလျဒေါ်လာ ၂၀.၆ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃.၆ဘီလီယံ) ထိခိုက်စေခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

         ဩစတြေးလျအမဲသားတင်ပို့မှုအား ရပ်ဆိုင်းထားရခြင်းအတွက် တရုတ်နိုင်ငံမှပေးခဲ့သော အကြောင်းပြချက်များမှာ တံဆိပ်ကပ်ခြင်းကိစ္စ၊ ညစ်ညမ်းခြင်းကိစ္စနှင့် အလုပ်သမားများကြားတွင် Covid-19 ဖြစ်ပွားမှုကိစ္စများပင်ဖြစ်သည်။                                    

Source: Reuters

DOCA(ရန်ကုန်)