Main menu

၂၀၂၄ခုနှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ကုမ္ပဏီ(၁၀၀)စာရင်းတွင် ဗီယက်နမ်နိုင်ငံမှ လျှပ်စစ်ကားကုမ္ပဏီ VinFast ပါဝင်

Powered by Drupal

      လျှပ်စစ်ကားထုတ်လုပ်သည့် VinFast ကုမ္ပဏီသည် Google, Microsoft နှင့် Amazon တို့နှင့်အတူ Time မဂ္ဂဇင်းကရွေးချယ်သည့် ၂၀၂၄ခုနှစ်အတွက် လွှမ်းမိုးမှုအရှိဆုံးကုမ္ပဏီများ စာရင်းတွင် ဗီယက်နမ်နိုင်ငံမှ တစ်ခုတည်းသောကုမ္ပဏီအနေဖြင့်ပါဝင်ခဲ့သည်။ ယခုအကြိမ်သည် အမေရိကန်အခြေစိုက် Time မဂ္ဂဇင်းမှ သုံးနှစ်မြောက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံကုမ္ပဏီအနေဖြင့် ပထမဆုံးအကြိမ်ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။ VinFast သည် ၎င်းတို့၏စက်ရုံကို (၂၁)လအတွင်း လျင်မြန်စွာတည်ဆောက်ခဲ့သောကြောင့် လျှပ်စစ်ကားနယ်ပယ်အတွက် ကမ္ဘာလုံးဆိုင်ရာသက်‌ရောက်မှုဖြစ်ပေါ်စေခဲ့ကြောင်း Time မဂ္ဂဇင်းကဖော်ပြခဲ့ပါသည်။ VinFast သည် ထိုကဲ့သို့လွန်ခဲ့သည့်နှစ်တွင် အံ့အားသင့်စရာများဖန်တီးခဲ့မှုကြောင့် “ဖြိုခွဲသူများ” အမျိုးအစားတွင် ဖော်ပြခြင်းခံခဲ့ရကြောင်းသိရပါသည်။

      Time မဂ္ဂဇင်းသည် VinFast ၏ နယူးယော့ခ်စတော့အိတ်ချိမ်းတွင် ၎င်းတို့၏ရှယ်ယာများကို ပထမဆုံးရောင်းချသည့် နှစ်ပတ်ကျော်ကာလ၌ ရှယ်ယာတန်ဖိုး (၇၀၀) ရာခိုင်နှုန်းတိုးတက်ခဲ့မှု၊ မော်ဒယ်မြင့်လျှပ်စစ်ကားများနှင့် ဘက်ထရီများရောင်းချနိုင်မှုနှင့် ၂၀၂၄ခုနှစ်တွင် ၎င်းတို့၏မော်တော်ယာဥ်ရောင်းချမှုကို ၃ဆ (အစီးရေ ၁၀၀၀၀၀) ထိရောင်းချရန်စီစဥ်ထားမှု စသည့်အချက်များကိုထောက်ပြကာ VinFast ကုမ္ပဏီသည် အံ့အားသင့်စရာများကိုဖန်တီးခဲ့သည်ဟု ယုံကြည်ကြောင်းဖော်ပြခဲ့ပါသည်။

      VinFast ၏တည်ထောင်သူနှင့် CEO ဖြစ်သူ Pham Nhat Vuang သည် ၎င်း၏ကိုယ်ပိုင်ကြွယ်ဝမှုအနက် အမေရိကန်ဒေါ်လာ (၁) ဘီလီယံကို ကုမ္ပဏီထံစိုက်ထုတ်ပေးခဲ့ကြောင်းသိရ ပါသည်။ VinFast သည် ဗီယက်နမ်နိုင်ငံ Hai Phang ရှိ ၎င်းတို့၏အဓိကစက်ရုံအပြင် အမေရိကန်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင်ပါ စက်ရုံများဖွင့်ထားကြောင်းသိရပါသည်။ VinFast သည် ၂၀၂၄ခုနှစ်တွင် ၎င်းတို့၏စျေးကွက်ကို နိုင်ငံပေါင်း (၅၀) ကျော်ထိတိုးချဲ့ရန်စီစဥ်ထားပြီး ဥရောပ၊ မြောက်အမေရိက၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ကို အဓိကစျေးကွက်အနေနှင့် အာရုံစိုက်ထားကြောင်းသိရပါသည်။

Source;  VietnamPlus

DOCA(ရန်ကုန်)