Main menu

အိန္ဒိယနိုင်ငံ၌ မိုးသီးနှံများ၏ အခြေခံရည်ညွှန်းဈေးနှုန်းများကို ၅% မှ ၁၀% အတွင်း တိုးမြှင့်ဖွယ်ရှိ

Powered by Drupal

     အိန္ဒိယနိုင်ငံတွင် ၂၀၂၄-၂၅ သီးနှံစိုက်ပျိုးရေးနှစ်အတွင်း မိုးရာသီ၌ တောင်သူလယ်သမား၏ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် နှံစားသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်နိုင်ရေး ဆွဲဆောင် ရန်အတွက် အစိုးရသည် အနိမ့်ဆုံးထား ထောက်ပံ့မည့် အခြေခံရည်ညွှန်းဈေးနှုန်းများ (Minimum Support Price - MSP) ကို ၅% မှ ၁၀% အတွင်း တိုးမြှင့်သတ်မှတ်ဖွယ်ရှိကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

     သတင်းအရင်းအမြစ်များမှ ပြောဆိုမှုအရ ပဲစင်းငုံနှင့် မတ်ပဲတို့အတွက် အခြေခံရည်ညွှန်း ဈေးနှုန်းသည် ၈% မှ ၁၀% အတွင်း မြင့်တက်ဖွယ်ရှိပြီး ယခင်နှစ်သီးနှံရာသီ၌ ပဲမျိုးစုံအနက် အမြင့် ဆုံး အခြေခံရည်ညွှန်းဈေးနှုန်းသတ်မှတ်ခံရသော ပဲတီစိမ်းမှာမူ ယခုနှစ်တွင် အသင့်အတင့်မျှသာ တိုးမြှင့်ဖွယ်ရှိကြောင်း သိရှိရသည်။ ဈေးကွက်ဝယ်လိုအားအပေါ် ကုန်ထုတ်လုပ်မှုမှ တိုးတက် ဖြည့်ဆည်းနိုင်မှုမှာ နှေးကွေးခြင်းကြောင့် ပဲစင်းငုံနှင့် မတ်ပဲတို့၏ ဈေးနှုန်းများသည် MSP နှုန်းထား သတ်မှတ်ချက်၏ အထက်တွင် ရောင်းဝယ်လျက်ရှိပြီး ပဲမျိုးစုံပမာဏ အများအပြားကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်သည်ဟု အစိုးရအရာရှိများက ပြောဆိုကြသည်။

        ပဲစင်းငုံ စိုက်ပျိုးထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်းမြင့်မားပြီး အကျိုးအမြတ် ပိုမို ဖြစ်ထွန်းသော ပဲပုပ်သီးနှံကို မဟာရဋ္ဌပြည်နယ်ရှိ တောင်သူများစွာက ပြောင်းလဲစိုက်ပျိုးလာခဲ့ကြ ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ မဟာရဋ္ဌပြည်နယ်တွင် လွန်ခဲ့သော ၃ နှစ်တာ ကာလအတွင်း ပဲပုပ်ပျမ်းမျှအထွက်နှုန်းမှာ ၁ ဟက်တာလျှင် ၁၂ ကွင်တယ်နှုန်း ရှိနေချိန်၌ ပဲစင်းငုံ ပျမ်းမျှအထွက်နှုန်းသည် ၁ ဟက်တာလျှင် ၇-၈ ကွင်တယ်ခန့်သာရရှိခဲ့သည်။ (၁ ကွင်တယ် = ၁၀၀ ကီလိုဂရမ်)

ယခင်နှစ် ၂၀၂၃-၂၄ သီးနှံရာသီ၌ အစိုးရသည် ပဲပုပ်အတွက် MSP နှုန်းထားကို ၇% တိုးမြှင့် လျက် ၁ ကွင်တယ်လျှင် ရူပီးငွေ ၄၆၀၀ နှုန်း သတ်မှတ်ပေးခဲ့ခြင်းကလည်း ပဲပုပ်စိုက်ပျိုးထုတ်လုပ် မှုကို မြင့်တက်စေခဲ့သည်။ လက်ရှိကာလတွင် အိန္ဒိယနိုင်ငံတစ်ဝန်း၌ ခရိုင် ၅၀ ခန့်တွင်သာ ပဲစင်းငုံ ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ MSP ရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက် မြင့်မားမှုက သမားရိုးကျ စိုက်ပျိုးလေ့မရှိသော ခရိုင်များ၌လည်း တောင်သူများ၏ ပဲစင်းငုံစိုက်ပျိုးမှုကို တွန်းအားပေးလိမ့် မည်ဟု အစိုးရအရာရှိများက ပြောဆိုကြသည်။

    အစိုးရသည် ၂၀၂၃-၂၄ သီးနှံရာသီ၌ မိုးစပါးအတွက် အခြေခံရည်ညွှန်းဈေးနှုန်းကို ယမန်နှစ် ထက် ၇% မြှင့်တင်ပြီး ၁ ကွင်တယ်လျှင် ၂၁၈၃ ရူပီးနှုန်း သတ်မှတ်ခဲ့သော်လည်း ယခုနှစ်တွင် လာမည့်မိုးစပါးအတွက် ၅% ခန့်သာ တိုးမြှင့်ဖွယ်ရှိကြောင်း သတင်းအရင်းအမြစ်များက ပြောကြား ထားသည်။ ဗဟိုအစိုးရထံ၌ အရန်ဆန်သိုလှောင်ထားရှိမှုမှာ ပိုလျှံလျက်ရှိပြီး အထူးသဖြင့် ပန်ဂျပ် နှင့် ဟာရီယာနာ ပြည်နယ်များရှိ လယ်သမားများအနေဖြင့် အကျိုးအမြတ်ပိုမိုရရှိမည့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများသို့ ပြောင်းလဲစိုက်ပျိုးစေရေးအတွက် အချက်ပြရန် အစိုးရက ရည်ရွယ်လျက်ရှိ ကြောင်း အရာရှိများက ပြောကြားခဲ့သည်။

    ဇွန်လ ၁ ရက်နေ့၌ အစိုးရ၏ အရန်ဆန်လက်ကျန်ပမာဏသည် တန်ချိန် ၃၁.၉၈ သန်းခန့်ရှိ သည်။ ဆန်စက်လုပ်ငန်းရှင်များထံမှ ရရန်ရှိသော ဆန်တန်ချိန် ၁၈.၁၂ သန်းခန့် အပါအဝင် အိန္ဒိယစားသောက်ကုန်လုပ်ငန်းကော်ပိုရေးရှင်း (FCI) သည် ဆန်တန်ချိန် ၅၀.၀၈ သန်းခန့်ကို သိုလှောင်ထားရှိပြီးဖြစ်ရာ ၎င်းပမာဏသည် ဇူလိုင်လ ၁ ရက်နေ့၌ အရန်ထားရှိရန်လိုအပ်သော တန်ချိန် ၁၃.၅၄ သန်းထက် ၄ ဆခန့် ပိုမိုလျက်ရှိသည်။

    အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်း၌ စားသုံးရန် စားသုံးဆီလိုအပ်ချက်၏ ၅၅-၅၆% ခန့်နှင့် ပဲမျိုးစုံလိုအပ်ချက်၏ ၁၅% ခန့်ကို ဖြည်ဆည်းနိုင်ရေး ပြည်ပမှ တင်သွင်းနေရသည်။ သို့ဖြစ်ရာ ဝယ်လိုအားနှင့် ရောင်းလိုအားတို့ ညီမျှမှုရှိစေရေးအတွက် ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် နှံစားသီးနှံများအား တောင်သူများ၏ ပြောင်းလဲတိုးချဲ့စိုက်ပျိုးမှုကို တွန်းအားပေးရန် လွန်ခဲ့သော နှစ်ကာလများကပင် သီးနှံအခြေခံရည်ညွှန်းဈေးနှုန်းများကို ပြန်လည်ချိန်ညှိဆောင်ရွက်ခဲ့သည်ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

     လယ်ယာထွက်ကုန်များ၏ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးနှုန်းများဆိုင်ရာ ကော်မရှင်သည် မိုးသီးနှံများအတွက် အခြေခံရည်ညွှန်းဈေးနှုန်းများကို မြှင့်တင်ရန် စိုက်ပျိုးရေးဝန်ကြီးဌာနသို့ ထောက်ခံတင်ပြထားပြီးဖြစ်ကြောင်း၊ အစိုးရအသစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးချိန်တွင် အစိုးရအဖွဲ့ စီးပွားရေးရာကော်မတီသည် ၂၀၂၄-၂၅ ခုနှစ် မိုးသီးနှံရာသီအတွက် အဆိုပါ ဈေးနှုန်းများမြှင့်တင်ရေးကိစ္စရပ်အပေါ် ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

Source: Financial Express, 4 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)