Main menu

ဖိလစ်ပိုင်နိုင်ငံ၌ ဆန်တင်သွင်းမှုအပေါ် အခွန်နှုန်းထားလျှော့ချရန် အာဏာပိုင်အဖွဲ့ အတည်ပြု

Powered by Drupal

   ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်စည်းကြပ်မှုအား ၃၅% သတ်မှတ် ထားရာမှ ၁၅% သို့ လျှော့ချခြင်းနှင့်အတူ အစိုးရ၏ ထပ်ဆောင်းထောက်ပံ့မှုက ဝင်ငွေနည်းပါးသူများအတွက် ဆန် ၁ ကီလိုဂရမ်လျှင် ၂၉ ပီဆိုနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေလိမ့်မည်ဟု အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့ (National Economic and Development Authority - NEDA) မှ အတွင်းရေးမှူး Arsenio M. Balisacan က ပြောကြားခဲ့ပါသည်။

     ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ဝင်ငွေနိမ့်ကျသူများအတွက် ဆန် ၁ ကီလိုဂရမ်လျှင် ၂၉ ပီဆိုနှုန်းသို့ လျှော့ချနိုင်ရေး ရည်မှန်းထားကြောင်း၊ သို့ဖြစ်ရာ မိမိတို့အနေဖြင့် ဝင်ငွေနည်းပါးသူများသို့ အထောက်အပံ့များ တိုက်ရိုက်ပေးအပ်ခြင်းနှင့်အတူ အကောက်ခွန်နှုန်းထား လျှော့ချခြင်းကို အကောင်အထည်ဖော်လျက် အဆိုပါဆန်ဈေးနှုန်းသို့ ရောက်ရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဆန်တင်သွင်းမှုအပေါ် အခွန်နှုန်းကို လက်ရှိ ၃၅% မှ  ၁၅% သို့ လျှော့ချပေးမည် ဖြစ်ရာ လူတိုင်းသည် အကျိုးခံစားခွင့်ရရှိလိမ့်မည်ဖြစ်ကြောင်း၊ အလေအလွင့်ဖြစ်ပေါ်ခြင်း မရှိစေရန်အတွက် Pantawid Pamilyang Pilipino ခေါ် အစိုးရ၏ ထောက်ပံ့ရေးအစီအစဉ်မှတစ်ဆင့် ငွေသားဖြင့် တိုက်ရိုက်ထောက်ပံ့မှုကို  လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဆန်ဈေးနှုန်းများမှာ မြင့် တက်လျက်ရှိရာ ဆန်တင်သွင်းမှုအပေါ် အခွန်နှုန်းထား လျှော့ချမှုသည် သက်ရောက်မှုကြီးမားနိုင် မည် မဟုတ်သော်လည်း ပြည်တွင်း၌ ဈေးနှုန်းများ မြင့်တက်သည့်ဖိအားများကို အတိုင်းအတာ တစ်ရပ်အထိ သက်သာမှုရရှိစေမည်ဖြစ်ကြောင်းဖြင့် ဇွန်လ ၄ ရက်၊ အင်္ဂါနေ့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် NEDA ၏ အတွင်းရေးမှူး Mr. Balisacan က ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။

     သမ္မတ Ferdinand Marcos Jr. က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော အဆိုပါ NEDA အာဏာပိုင်အဖွဲ့သည် ၂၀၂၄-၂၀၂၈ ကာလအတွက် ဘက်စုံအကောက်ခွန်နှုန်းထား အစီအစဉ်အသစ်ကို အတည်ပြုခဲ့ရာ ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်း ၁၅% စည်းကြပ်မှုသည် ၂၀၂၈ ခုနှစ်အထိ သက်ရောက်မှုရှိမည်ဖြစ်သည်။ စွမ်းအင်ဖူလုံမှုတိုးတက်ကောင်းမွန်စေရန်နှင့် သွင်းအားစု ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန်အတွက် အချို့သော ဓာတုပစ္စည်းများနှင့် ကျောက် မီးသွေး လောင်စာတောင့်များ တင်သွင်းမှုအပေါ် အခွန်နှုန်းထားများကိုလည်း NEDA အာဏာပိုင်အဖွဲ့က လျှော့ချခဲ့သည်။

    ထိုကဲ့သို့ ဆန်တင်သွင်းမှုအပေါ် စည်းကြပ်သော အခွန်နှုန်းထားလျှော့ချမှုကြောင့် ဘဏ္ဍာငွေရရှိမှုတွင် ကြီးမားသည့် သက်ရောက်မှုမရှိကြောင်း၊ ကျန်ရှိသော အခွန်ဝင်ငွေသည် ကောင်းစွာ လုံလောက်မှုရှိကြောင်း Mr. Balisacan က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ဥပဒေအရ ဆန်စပါးလုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေး ရန်ပုံငွေကို ၂၀၁၈ ခုနှစ်၌ စတင်ထူထောင်ခဲ့ပြီး နှစ်စဉ် တောင်သူလယ်သမားများသို့ ပီဆိုငွေ ၁၀ ဘီလီယံထောက်ပံ့မှုကို ဆောင်ရွက်ခဲ့ရာ နောင်လာမည့် ၆ နှစ်ကာလအထိ ပေးအပ်ရန်ရှိကြောင်း၊ အဆိုပါ ရန်ပုံငွေအတွက် လိုအပ်သော ဘတ်ဂျက်ပမာဏကို ဆန်တင်သွင်းမှုအပေါ် အခွန်ကောက်ခံရရှိမှုမှ ခွဲဝေချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: Manila Bulletin, 4 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)