Main menu

တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့နိုင်ရန် ကြိုးပမ်းနေသည့် ကမ္ဘောဒီးယား

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနသည်  ကမ္ဘောဒီးယားဒူးရင်းသီးများကို တရုတ်နိုင်ငံသို့တင်ပို့နိုင်ရန်အတွက် နားလည်မှု သဝဏ်လွှာ (MOU) လက်မှတ်ရေးထိုးခွင့်ရရန် ကြိုးစားလျက်ရှိကြောင်း သိရပါသည်။ နိုင်ငံတစ်ဝှမ်းလုံးရှိ ဒူးရင်းသီး စိုက်ပျိုးသူများနှင့်ရောင်းချသူများသည် အကယ်၍ တရုတ်ဈေးကွက်သို့ ဒူးရင်းသီး တင်ပို့ရန် အဆိုပြုချက် အကောင်အထည်ပေါ်လာပါက ၎င်းတို့ပိုမိုဝင်ငွေရရှိမည်ဟု မျှော်လင့်လျက်ရှိပါသည်။ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Khim Finan က ဝန်ကြီးဌာနအနေဖြင့် ကမ္ဘောဒီးယားဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့် ရရန် ဆွေးနွေးနေသော်လည်း လတ်တလောတွင် ဆွေးနွေးဆဲအဆင့်သာရှိသေးကြောင်း၊ ထို့ပြင် ယခင်ကလည်း အခြားသီးနှံများကိုတင်ပို့ရန် ဆွေးနွေးမှုများရှိခဲ့ပြီး အုန်းသီးစိမ်းသာ တရုတ်သို့ တင်ပို့ရန် ခွင့်ပြုချက်ရခဲ့ကြောင်းနှင့် ဒူးရင်းသီး၊ နာနတ်သီးနှင့် ပိန္နဲသီးတို့ကို ခွင့်ပြုချက်ရရန် စောင့်ဆိုင်း လျက်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ သီးနှံများကိုတင်ပို့ရန်အတွက် MOU ရေးထိုးသည့်အဆင့်များမှာ ကျယ်ပြန့်ကြောင်း သိရပါသည်။ အဘယ်ကြောင့်ဆိုသော် အသီးအမျိုးအစား တစ်ခုချင်းစီအတွက် ညှိနှိုင်းဆွေးနွေးရသည့် သတ်မှတ်ချက်အခြေအနေများမှာ ကွဲပြားသောကြောင့်ဖြစ်သည်ဟု သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံမှ ဒူးရင်းသီးစိုက်ပျိုးရောင်းချသူ Khim Bunlene က ကမ္ဘောဒီးယားနိုင်ငံမှ ဒူးရင်းသီးစိုက်ပျိုးသူအများစုသည် ဒူးရင်းသီးများကို ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် တရားဝင်ဈေးကွက်ဖွင့်ပေးရန်အလိုရှိကြောင်း၊ အထူးသဖြင့် တရုတ်ဈေးကွက်သို့ တင်ပို့ချင်ကြကြောင်း၊ အကယ်၍ ကမ္ဘောဒီးယားအစိုးရသည် တရုတ်ဈေးကွက်ဖွင့် ‌ပေးနိုင်ပါက စိုက်ပျိုးရေးသမားများကို ပိုမိုယုံကြည်ချက်ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ ထို့ပြင် Khim Bunlene က ကမ္ဘောဒီးယားဒူးရင်းသီးများကို တရုတ်ဈေးကွက်သို့ တိုက်ရိုက်တင်ပို့နိုင်မည်ဆိုပါက အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသမားများအတွက် ကောင်းမွန်သည့်ဈေးနှုန်းနှင့် ဈေးကွက်ကိုရရှိမည်ဖြစ်ကြောင်း၊ ရင်းနှီး မြှုပ်နှံမည့်သူများကို စွဲဆောင်နိုင်ပြီး တိုက်ရိုက်ပြည်တွင်းဝင်ငွေရရှိမည်ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား လူမျိုးများအတွက်လည်း အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)