Main menu

ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံအဖြစ် ထိုင်းနိုင်ငံဆက်လက်ရပ်တည်

Powered by Drupal

      ၂၀၂၄ ခုနှစ်၊ ပထမ(၅)လတာကာလတွင် ထိုင်းနိုင်ငံသည် ဘတ် ၉၄.၆ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၆ဘီလီယံ) တန်ဖိုးရှိသည့် ဆန်တန်ချိန် ၄.၀၆သန်းတင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၆.၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း(TREA) ဥက္ကဋ္ဌ Charoen Laothamatas က ပြောကြားခဲ့ပါသည်။ သို့သော် မေလတွင် ဆန်ဖြူနှင့်ပေါင်းဆန်မှာယူမှုလျော့ကျခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုမှာ ၆၅၉၅၆၆တန်ဖြင့် ၂၉.၃ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ၏ အဓိကဆန်ဖြူတင်ပို့သည့် ဈေးကွက်များမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အီရတ်၊ ဂျပန်၊ အန်ဂိုလာ၊ မလေးရှား၊ ကင်မရွန်းနှင့် မိုဇမ်ဘစ်တို့ဖြစ်ပြီး ပေါင်းဆန်အတွက် အဓိကဈေးကွက်များမှာ တောင်အာဖရိကနှင့် ဘီနင်တို့ဖြစ်ကြောင်းသိရပါသည်။ Thai Hom Mali ဆန်မွှေးအတွက် အဓိကဈေးကွက်များမှာ အမေရိကန်၊ ဟောင်ကောင်၊ ကနေဒါ၊ စင်္ကာပူ၊ တရုတ်နှင့် ဩစတြေးလျတို့ဖြစ်ကြောင်းသိရပါသည်။ Charoen က ထိုင်းဆန်ဈေးနှုန်းများမှာ အိန္ဒိယ၊ ဗီယက်နမ်နှင့် ပါကစ္စတန်တို့မှထုတ်လုပ်သည့် ဆန်ဈေးနှုန်းများထက် အများအပြားမြင့်မားနေပြီး ထိုသို့ ဈေးနှုန်းကွာဟမှုကြောင့် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့မှာ ဗီယက်နမ်နိုင်ငံမှ တင်သွင်းမှုတိုးမြင့်လာကြောင်းပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် ဆန်တန်ချိန် ၇.၂၀သန်းဖြင့် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံအဖြစ်ရပ်တည်နေပြီး ထိုင်းနိုင်ငံက တန်ချိန်  ၄.၀၆သန်း၊ ဗီယက်နမ်က တန်ချိန် ၄.၀၃သန်း၊ ပါကစ္စတန်က တန်ချိန် ၃.၀၂သန်းနှင့် အမေရိကန်က တန်ချိန် ၁.၅သန်း အသီးသီးတင်ပို့ခဲ့ကြကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် ထိုင်းဆန်တင်သွင်းသည့် ထိပ်ဆုံး(၅)နိုင်ငံမှာ အင်ဒိုနီးရှားက တန်ချိန်၉၁၄၇၆၀၊ အီရတ်က တန်ချိန်၃၆၃၄၃၈၊ အမေရိကန်က တန်ချိန်၃၄၄၈၇၃၊ ဖိလစ်ပိုင်က တန်ချိန်၂၈၀၅၂၂နှင့် တောင်အာဖရိကက တန်ချိန်၂၂၉၃၆၉တို့ဖြစ်ကြောင်းသိရပါသည်။

Source: Vietnam plus

DOCA(ရန်ကုန်)