အောက်တိုဘာလတွင် ဗီယက်နမ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၁.၅ သန်းရှိသော ရော်ဘာတန်ချိန် ၇၂၆၀ တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ထုထည်အားဖြင့် ၈၆၁% နှင့် တန်ဖိုးအားဖြင့် ၁၂၄၀% တိုးလာခဲ့ကြောင်း၊ ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ၎င်းသည် စက်တင်ဘာလတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ထုထည်အားဖြင့် ၂၂.၂% နှင့် တန်ဖိုးအားဖြင့် ၄၇.၈% တိုးလာကြောင်းကို ပြသနေခြင်းဖြစ်သည်။ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း မလေးရှားနိုင်ငံသည် ရော်ဘာတန်ချိန် ၂၄၈၀၀ တင်သွင်းရန် အမေရိကန်ဒေါ်လာ ၃၅.၂ သန်းအသုံးပြုခဲ့သည်။ ၂၀၂၄ခုနှစ်၏ ပထမ ၁၀လအတွင်း ဗီယက်နမ်သည် ရော်ဘာတန်ချိန် ၁.၅၄ သန်းတင်ပို့ခဲ့ပြီး ဝင်ငွေဒေါ်လာ ၂.၅၂ ဘီလီယံကျော်ရရှိခဲ့သည်။ ၂၀၂၃ခုနှစ်၏ ပထမ ၁၀လတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ပမာဏမှာ ၄.၉% ကျဆင်းခဲ့သော်လည်း တန်ဖိုး ၁၆.၄% တိုးလာခဲ့သည်။ ပျမ်းမျှပို့ကုန်ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ၁၆၃၈ရှိကြောင်းသိရသည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ရော်ဘာတင်ပို့မှုတွင် အကြီးဆုံးဈေးကွက်အဖြစ်ဆက်လက်ရပ်တည်နေပြီး ဗီယက်နမ်နိုင်ငံ စုစုပေါင်းတင်ပို့မှု၏ ၇၈.၇% ရှိသည်။ ရော်ဘာသည် ဗီယက်နမ်အတွက် အရေးပါသောပို့ကုန်ကဏ္ဍတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ကမ္ဘာပေါ်တွင် စိုက်ခင်းဧရိယာ၌ ပဥ္စမအဆင့်နှင့် သဘာဝရော်ဘာထုတ်လုပ်မှုတွင် တတိယအဆင့်ရှိသည်။ ဗီယက်နမ်ရော်ဘာအသင်း (VRA) ၏အဆိုအရ နိုင်ငံအတွင်း ရော်ဘာစိုက်ခင်း ၉၃၀၀၀၀ဟတ်တာခန့်ရှိပြီး နှစ်စဉ် ရော်ဘာစေးတန်ချိန် ၁.၃ သန်းခန့်ထုတ်လုပ်လျက်ရှိသည်။ ယခုနှစ်ပို့ကုန်ပမာဏကျဆင်းနေသော်လည်း ဗီယက်နမ်၏ ရော်ဘာတင်ပို့မှုတန်ဖိုးသည် တစ်သမတ်တည်းမြင့်မားသော ပို့ကုန်ဈေးနှုန်းကြောင့် မြင့်တက်လာခဲ့သည်။ ဤရလဒ်များနှင့်အတူ ၂၀၂၄ခုနှစ်တွင် ရော်ဘာတင်ပို့မှုမှ ဝင်ငွေသည် ၃ဘီလီယံနှင့် ၃.၅ ဘီလီယံအကြားတွင်ရှိလာရန် ခန့်မှန်းထားပြီး ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ဒေါ်လာသန်း၂၀၀နှင့် သန်း၄၀၀အကြားတိုးလာမည်ဟု ခန့်မှန်းထားကြကြောင်းသိရပါသည်။
Source : the star
DOCA(ရန်ကုန်)