
၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် ဗီယက်နမ်သည် ဒူးရင်းသီးတင်ပို့ရာမှဝင်ငွေ အမေရိကန် ဒေါ်လာ ၃.၃၃ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အကောက်ခွန်အချက်အလက်အရ သိရပါသည်။ ဒူးရင်းသီးသည် ဗီယက်နမ်၏ စုစုပေါင်းစိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုတန်ဖိုးတွင် အကြီးမားဆုံးပါဝင်သူဖြစ်ကြောင်း သိရပါသည်။ ထိုသို့မြင့်တက်မှုသည် တရုတ်ဈေးကွက်ထံမှဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၉၄.၃၅ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ အထူးသဖြင့် အောက်တိုဘာလတွင် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၇၂ သန်းတန်ဖိုးရှိပြီး ၂၀၂၄ ခုနှစ်အောက်တိုဘာလထက် ၂.၇ ဆမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့သူများအသင်း၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Dang Phuc Nguyen ၏အဆိုအရ တရုတ်နိုင်ငံထံမှ နည်းစနစ်အတားအဆီးများနှင့် ရင်ဆိုင်နေရသော်လည်း အရည်အသွေးတိုးတက်လာမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်းတို့ကြောင့် ဗီယက်နမ် ဒူးရင်းသည် ကြီးထွားမှုအားကောင်းခဲ့ကြောင်း သိရပါသည်။ ပျမ်းမျှအားဖြင့် တင်ပို့သည့် ဗီယက်နမ် ဒူးရင်းတစ်တန်လျှင် ၃၆၉၆ အမေရိကန်ဒေါ်လာ ရှိပြီး ထိုင်းဒူးရင်းထက် ၁၅ ရာခိုင်နှုန်းနည်းပါးကြောင်း သိရပါသည်။ ဈေးနှုန်းအားသာချက်နှင့် တင်ပို့ချိန်တိုတောင်း သောကြောင့် ဗီယက်နမ်သည် ထိုင်းနိုင်ငံ၏နောက် တရုတ်သို့ဒုတိယအကြီးမား ဆုံးဒူးရင်းသီး တင်ပို့သူအဖြစ်ရပ်တည်နေကြောင်း သိရပါသည်။ ယခုနှစ်အစမှစ၍ တရုတ်နိုင်ငံထံမှ တင်းကျပ်သောနည်းစနစ်လိုအပ်ချက်များကြောင့် များစွာသောဗီယက်နမ်လုပ်ငန်းများသည် စိုက်ပျိုးသည့် ဧရိယာများကို အဆင့်မြှင့်တင် ခြင်း၊အအေးသိုလှောင်မှုနှင့် ထုတ်ပိုးမှုတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ၎င်းတို့၏အမှတ်တံဆိပ်များကို တည်ထောင်ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ တရုတ် ဈေးကွက်အပြင် များစွာသော အခြားဈေးကွက်များသို့ တင်ပို့မှုအားကောင်းစွာကြီး ထွားခဲ့ကြောင်း သိရပါသည်။ ဟောင်ကောင် (တရုတ်) သို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် ၈၉ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပါပါအူနယူးဂီနီအာနှင့်မလေးရှား သို့တင်ပို့မှုမှာ သိသာထင်ရှားစွာကြီးထွားခဲ့ပြီး ကနေဒါနှင့် ဂျပန်သို့တင်ပို့မှုမှာလည်း ဂဏန်းနှစ်လုံးကြီးထွားခဲ့ကြောင်း သိရပါသည်။ Nguyen က ၂၀၂၅ ခုနှစ်တွင် ဒူးရင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကိုရောက်ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပါသည်။ အသင်းထံမှလတ်တလောအချက်အလက်အရ ၂၀၂၅ ခုနှစ်၏ ပထမ ၁၁ လတွင် ဗီယက်နမ်သည် ဒူးရင်းသီးတင်ပို့ရာမှဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
