
ဗီယက်နမ် စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် လယ်ယာထွက်ကုန် နောက်ကြောင်းခြေရာခံစနစ် ထူထောင်ခြင်းကို ကနဦးစမ်းသပ်မှုအဖြစ် ဒူးရင်းသီး စိုက်ပျိုးထုတ်လုပ် ကုန်သွယ်ရောင်းဝယ်ရာတွင် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ လယ်ယာထွက်ကုန်များအားလုံးသို့ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟနွိုင်းမြို့တွင် ဒီဇင်ဘာ ၂၆ ရက်နေ့၌ အဆိုပါ လယ်ယာထွက်ကုန် နောက်ကြောင်းခြေရာခံ စနစ် စတင်မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးဌာန၏ ပြောကြားချက်အရ လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်နှင့် ရေထွက်ကုန်များအား ထုတ်လုပ်ခြင်း၊ ပြုပြင်ထုပ် ပိုးခြင်း၊ သယ်ယူခြင်း၊ ဖြန့်ဝေခြင်း စသည်တို့ပြုလုပ်ရာတွင် ထွက်ကုန်များ၏ ပင်ရင်းဒေသများအား မှတ်တမ်းတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန် အတွက် အဆိုပါစနစ်အား ဒစ်ဂျစ်တယ်စင်္ကြံတစ်ခုသဖွယ် အသုံးပြုသွားမည်ဖြစ်သည်။ အဆိုပါ စင်္ကြံမှတစ်ဆင့် စားသုံးသူများ အနေဖြင့် ထုတ်ကုန်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်ကို ပွင့်လင်းမြင်သာစွာ စစ်ဆေးနိုင် ပြီး အစိုးရအာဏာပိုင်များအနေဖြင့်လည်း စောင့်ကြည့်ထိန်းကျောင်းခြင်း၊ အချက်လက်စုဆောင်း ခြင်းနှင့် နောက်ကြောင်းခြေရာခံခြင်းကို လိုအပ်သည့်အချိန်တွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ယခု အကောင်အထည်ဖော်မှုသည် အချက်အလက် ပွင့်လင်းမြင်သာမှုရှိခြင်းကို တိုးမြှင့်ရန်၊ အစားအစာ လုံခြုံစိတ်ချရမှု သေချာစေရန်၊ ဗီယက်နမ်လယ်ယာထွက်ကုန်များကို ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်များအထိ တိုးချဲ့ရန် စသည်ဖြင့် ရည်ရွယ်ကြောင်း သိရှိရသည်။
၎င်းစနစ်ကို Technology Convergence Corporation (Netacom) က ကနဦး စမ်းသပ်မှု အဖြစ် ဆောင်ရွက်လျက်ရှိပြီး နည်းပညာဆိုင်ရာဖြေရှင်းမှုများနှင့် ပူးပေါင်းမှုများကို ပံ့ပိုးပေးလျက်ရှိ ကြောင်း၊ ဝန်ကြီးဌာနသည် နောက်ကြောင်းပြန် ခြေရာခံခြင်းစနစ်ကို ဒူးရင်းသီးတွင် စမ်းသပ်လျက် ရှိပြီး အီလက်ထရောနစ် အသိအမှတ်ပြု ကုန်အညွှန်းအမှတ်အသားများအား အချက်အလက် ထား သိုမှုစနစ်အတွင်းသို့ ပြောင်းလဲဆောင်ရွက်လျက်ရှိရာ ကပ်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသား နှင့် အချက်အလက်ထားသိုမှု စနစ်တို့အကြား တိကျသေချာမှုရှိစေရေး ပြည်သူ့လုံခြုံရေး ဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် ဒူရင်းသီးတင်ပို့နေသည့် ကုမ္ပဏီ (၆) ခုသည် အီလက်ထရောနစ် အသိ အမှတ်ပြု ကုန်အညွှန်းအမှတ်အသားများအား တွဲဖက်ဖော်ပြခြင်းဖြင့် ကနဦး စမ်းသပ်နေသည့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် တက်ကြွစွာပါဝင်လျက်ရှိသည်။ ကနဦးစမ်းသပ်မှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့နောက် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ နိုင်ငံတစ်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုလုပ်မီ နည်းပညာ စံချိန်စံညွှန်းများနှင့် လုပ်ထုံးလုပ်နည်းများ ပိုမိုကောင်းမွန်စေရန်အတွက် တိကျသည့် အချက်အလက်၊ အဆင်ပြေချောမွေ့မှု၊ ကုန်ကျစရိတ်နှင့် အကျိုးကျေးဇူးများကို တာဝန် ရှိသူများက စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်သည်။
မိတ်ဆက်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ဝန်ကြီး Tran Duc Thang က ယနေ့သည် ကမ္ဘာ့စီးပွားရေးကို နက်ရှိုင်းစွာ ပေါင်းစည်းခြင်းဖြစ်ကြောင်း၊ နောက်ကြောင်းခြေရာခံခြင်းသည် ကမ္ဘာ့ထုတ်လုပ်မှုကွင်းဆက်တွင် ပါဝင်နေသည့် လယ်ယာထွက် ကုန်များအတွက် မဖြစ်မနေဆောင်ရွက်ရမည့်စနစ်ဖြစ်ကြောင်း ပြောကြားထားပါသည်။
Source : Saigon Giai Phong News, December 27, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
