
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်း၌ ဖွင့်လှစ်ထားသော Active Bar Restaurant သို့ (၂၈.၁၀.၂၀၂၅) ရက်နေ့တွင် သွားရောက်စားသောက်ခဲ့ရာမှ မော်တော်ကား၏ ညာဖက် နောက်မီးခွက်ကွဲအက်သွားမှုနှင့် စပ်လျဉ်းသည့် ကိစ္စအား (၅.၁၁.၂၀၂၅) နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လာရောက်တိုင်ကြားခဲ့ပါသည်။
ဖြစ်စဉ်မှာ ရန်ကင်းမြို့နယ်နေ ဦးဒန်ခုန်လမှ ၎င်းပိုင်မော်တော်ယာဉ် 5G/8229 Landcruiser (အဖြူရောင်) ဖြင့် (၂၈.၁၀.၂၀၂၅) ရက်နေ့ ညနေပိုင်အချိန်၌ စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်း၌ ဖွင့်လှစ်ထားသော Active Bar Restaurant သို့ သွားရောက်ခဲ့ပြီး ကားပါကင်ထိုးရန်အတွက် ၎င်းဆိုင်မှ ဝန်ထမ်းတစ်ဦးအား ကားသော့ပေးအပ်ခဲ့ပြီး ဆိုင်တွင်စားသောက်ပြီးနောက် ည (၀၉:၅၀) နာရီအချိန်တွင် ၎င်း၏ မော်တော်ယာဉ်အား ပြန်လည်ယူဆောင်၍ ထွက်ခွာလာခဲ့ကြောင်း၊ (၃.၁၁.၂၀၂၅) ရက်နေ့ ညနေပိုင်း၌ ၎င်း၏ မော်တော်ယာဉ်ညာဖက် နောက်မီးခွက် အက်ကွဲနေသည်ကို တွေ့ရှိရ၍ ဆိုင်သို့ ဆက်သွယ်ပြောဆိုပြီး ဆိုင်မှ CCTV အား (၄.၁၁.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန် တွင် သွားရောက်ကြည်ရှုခဲ့ရာ ဆိုင်သို့ဝင်ရောက်စဉ် ကားမီးခွက်အက်ကွဲခြင်းမရှိဘဲ ဆိုင်မှထွက်လာမှသာ ကားမီးခွက်အက်ကွဲနေသည်ကို သိရှိရ၍ ဆိုင်မှတာဝန်ယူ ဖြေရှင်းပေးရန် ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသောကြောင့် (၅.၁၁.၂၀၂၅) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်၍ ဖြေရှင်းပေးပါရန် တိုင်ကြားလာခဲ့ခြင်း ဖြစ်ပါသည်။
တိုင်းကြားမှုနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူများမှ Active Bar မှ တာဝန်ရှိသူများအား တိုင်ကြားသူနှင့် ဆက်သွယ်၍ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပါရန်နှင့် ဖြေရှင်းပြီးစီးမှုအခြေနေအား ဌာနသို့ ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့သော်လည်း ပြေလည်မှု မရရှိသောကြောင့် ၁၅.၁.၂၀၂၆ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ နှစ်ဦးနှစ်ဖက်လုံးအား ဌာနသို့ လာရောက်ရန် ခေါ်ယူ၍ တွေ့ဆုံညှိ့နှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ပါသည်၊ ထိုသို့ညှိ့နှိုင်း ဆောင်ရွက်ပေးမှုအရ (၂၃.၁.၂၀၂၆) ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၏ ရှေ့မှောက်မှာပင် Active Bar မှ တာဝန်ရှိသူ ဦးဆန်းဌေးကိုယ်တိုင် တိုင်ကြားသူ ဦးဒန်ခုန်လအား လျော်ကြေးငွေ (၁၂၅၀၀၀၀) ကျပ်အား ပေးအပ်ခဲ့ပြီး တိုင်ကြားသူ ဦးဒန်ခုန်လအား ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည့် Active Bar နှင့် ပတ်သက်သည့် Post အား ဖျက်ပေးခဲ့၍ နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိသွားကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
