
မြန်မာနိုင်ငံ၏စီးပွားရေးမောင်းနှင်အားတွင် ပို့ကုန်သွင်းကုန်ကဏ္ဍသည် အဓိကအခန်းကဏ္ဍ မှပါဝင်နေပြီး ယခုအခါပြည်ပပို့ကုန်ကဏ္ဍတွင် လယ်ယာထွက်ကုန်နှင့်ရေထွက်ပစ္စည်းများကို ပိုမို ဦးစားပေးတင်ပို့လျက်ရှိသည်။ ဆန်၊ ပဲမျိုးစုံ၊ ပြောင်းနှင့်ရော်ဘာကဲ့သို့သောထုတ်ကုန်များကို အိမ်နီးချင်းနိုင်ငံများနှင့်နိုင်ငံတကာဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရန်ကြိုးပမ်းလာကြသည်။ ပြည်တွင်းထုတ်လုပ်မှုအားကောင်းလာသည်နှင့်အမျှ ကုန်ကြမ်းတင်ပို့နိုင်မှုများကြောင့် နိုင်ငံခြား ဝင်ငွေပိုမိုရရှိစေရုံတင်မက ပြည်တွင်းလုပ်ငန်းရှင်များအတွက် အကျိုးအမြတ်ပိုမိုရရှိစေမည့် အလားအလာကောင်းများဖြစ်ပေါ်နေပါသည်။
သွင်းကုန်ကဏ္ဍတွင်မူ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ် သည့် စက်သုံးဆီ၊ လုပ်ငန်းသုံးစက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့်ဆေးဝါးများကို အဓိကထား တင်သွင်းလျက်ရှိသည်။ လက်ရှိတွင် သွင်းကုန်မူဝါဒများကို ပြည်တွင်းလိုအပ်ချက်အပေါ် မူတည်၍ စနစ်တကျ ထိန်းညှိဆောင်ရွက်လျက်ရှိပြီး အခြေခံစားသောက်ကုန်နှင့်ဆေးဝါးများ ပြတ်လပ်မှုမရှိ စေရန် ကုန်သွယ်မှုကဏ္ဍကိုအဆင်ပြေချောမွေ့အောင်ဖော်ဆောင်ပေးနေပါသည်။
ပို့ကုန်သွင်းကုန်ကဏ္ဍသည် ဒစ်ဂျစ်တယ်စနစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ပိုမိုသွက်လက်လာခြင်းတို့ကြောင့် အလားအလာကောင်းများဆက်လက်ရှိနေပါသည်။ ကုန်သွယ်မှုလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ချောမွေ့စေရန်အတွက် ပို့ကုန်အရည်အသွေးကို နိုင်ငံတကာ စံချိန်စံညွှန်းမီအောင် ထိန်းသိမ်းနိုင်မည်ဆိုပါက မြန်မာ့ပိုကုန်ကဏ္ဍသည် ကမ္ဘာ့ဈေးကွက်အတွင်း ယခုထက်ပိုမိုခိုင်မာစွာနေရာယူလာနိုင်မည်ဖြစ်လာပါသည်။
DOCA(ပဲခူး)
