
ဗီယက်နမ်အမျိုးသား စက်မှု–စွမ်းအင်အုပ်စု (Petrovietnam) ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Petrovietnam Ca Mau Fertiliser Corporation (PVCFC) သည် ကမ္ဘာ့အကြီးဆုံးနှင့် ဝယ်လိုအားအကောင်းဆုံး တင်သွင်းသည့်စျေးကွက်များထဲမှ တစ်ခုဖြစ်သည့် အမေရိကန်သို့ မြေသြဇာ တန်ချိန် ၄၀,၀၀၀ ကို ပထမဆုံးအကြိမ် အောင်မြင်စွာ တင်ပို့နိုင်ခဲ့ ကြောင်း သိရပါသည်။ ၎င်းလုပ်ဆောင်ချက်ကို PVCFC ၏ နိုင်ငံတကာစျေးကွက် တိုးချဲ့မှုမဟာ ဗျူဟာအတွက် အရေးပါသည့် မှတ်တိုင်တစ်ရပ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါသည်။ သုံးစွဲမှုအလွန်မြင့်မားသော စျေးကွက်သို့ ဝင်ရောက်နိုင်ခြင်းအပြင် နည်းပညာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ခြေရာခံနိုင်မှု စံချိန်စံညွှန်းများ တင်းကျပ်သည့် အမေရိကန်စျေးကွက်တွင် Ca Mau မြေသြဇာတည်ရှိလာခြင်းသည် ဗီယက်နမ်ထုတ်ကုန်များ၏ အရည်အသွေးနှင့် ယုံကြည် စိတ်ချရမှုကို အတည်ပြုရာရောက်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါသည်။ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ပြည်တွင်းစျေးကွက်မှာ လက်ရှိတွင် ရာသီအလိုက် လိုအပ်ချက်လျော့နည်းနေပြီး လဆန်းနှစ်သစ်ကူးပွဲတော် (Lunar New Year) ပြီးနောက် စိုက်ပျိုးရေးမှ ဝယ်လိုအားများ ကျဆင်းနေကြောင်း သိရပါသည်။ ထိုကာလအတွင်း တင်ပို့ရေးကို တိုးမြှင့်လုပ်ဆောင်ခြင်းသည် ပြည်တွင်းလက်ကျန်ကုန်ပစ္စည်းများ လျှော့ချနိုင်ရန်နှင့် ထုတ်လုပ်ရေး၊ စီးပွားရေး ထိရောက်မှုများ မြှင့်တင်နိုင်ရန် အထောက်အကူဖြစ်မည်ဟု ခန့်မှန်းရပြီး အထူးသဖြင့် ကမ္ဘာ့မြေသြဇာစျေးနှုန်း များသည် သင့်လျော်သောအဆင့်တွင် ဆက်လက်တည်ရှိနေကြောင်းလည်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း PVCFC သည် တင်ပို့မှုကြီးထွားမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး စုစုပေါင်း တင်ပို့မှုပမာဏ တန်ချိန် ၁၅၀,၀၀၀ သို့ ရောက်ရှိခဲ့ကာ ယခင်နှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် စံချိန်စံညွှန်းမြင့်မားသော ဩစတြေးလျ စျေးကွက်သို့လည်း တန်ချိန် ၃၂,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ၂၀၂၆ ခုနှစ်အတွက် ပို့ကုန်-သွင်းကုန်လုပ်ငန်းများကို အဓိက ကြီးထွားမှုအင်အားတစ်ရပ်အဖြစ် သတ်မှတ်ထားပြီး စျေးကွက်ချဲ့ထွင်မှုနှင့် တန်ဖိုးကွင်းဆက် ထိရောက်မှု မြှင့်တင်ရေးကို ရည်ရွယ်ထားကြောင်း သိရပါသည်။ လက်ရှိတွင် တင်ပို့ခြင်းမှ ဝင်ငွေသည် ကုမ္ပဏီစုစုပေါင်းဝင်ငွေ၏ ခန့်မှန်းအားဖြင့် ၃၃ ရာခိုင်နှုန်းရှိပြီး စုစုပေါင်း ရောင်းအားပမာဏ ၏ ၃၀ ရာခိုင်နှုန်းခန့် ပါဝင်နေကြောင်း သိရပါသည်။ နိုင်ငံ ၁၈ နိုင်ငံတွင် စျေးကွက်ဝင်ရောက်ထားမှုအပေါ် အခြေခံ၍ PVCFC သည် ယခုနှစ်အတွင်း ၎င်းတို့၏နိုင်ငံတကာတွင် တည်ရှိမှုကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားကဲ့သို့ အစဉ်အလာစျေးကွက်များကို အားကောင်းစွာ ထိန်းသိမ်းသွားမည်ဖြစ်ပြီး စံချိန်စံညွှန်းမြင့် စျေးကွက်များဖြစ်သည့် ဩစတြေးလျနှင့် နယူးဇီလန်တို့တွင်လည်း အခွင့်အလမ်းများ ရှာဖွေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
