Main menu

ကုန်သွယ်ရေးသဘောတူညီချက်ဆွေးနွေးခဲ့ကြသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တရုတ်သံအမတ်

Powered by Drupal

         ဝန်ကြီးချုပ် Anutin Charnvirakul နှင့် ကုန်သွယ်ရေးဝန်ကြီး Suphajee Suthumpun တို့သည် ယခုနှစ်ကုန်တွင် ထိုင်းဆန်တန်ချိန် ၅၀၀,၀၀၀ ကို တရုတ်သို့တင်ပို့ရန်ချမှတ်ထားသည့်  ရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုလအတွင်း တန်ချိန် ၄၀,၀၀၀ ကို တင်ပို့ရန်  အစီအစဉ်များအကြောင်း ဆွေးနွေးရန် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jianwei နှင့် တွေ့ဆုံခဲ့ကြကြောင်း သိရပါသည်။ မစ္စတာ Anutin နှင့် မစ္စ Suphajee တို့သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညတွင် ဘန်ကောက်ရှိ တရုတ်သံရုံး၌ မစ္စတာ Zhang ၏ ဖိတ်ကြား ချက်အရ ညစာစားပွဲတက်ရောက်ခဲ့ကြကြောင်း သိရပါသည်။ ဝန်ကြီးချုပ်က တရုတ်နိုင်ငံမှ ထိုင်းဆန်တင်သွင်းရေးအပေါ် ပံ့ပိုးကူညီမှုများနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် တရုတ်ခရီးသွားဧည့်သည် ၃၀,၀၀၀ ခန့်သည် နေ့စဉ်ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်လျက်ရှိပြီး ၎င်းသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်မှုနှင့် ယုံကြည်မှုခိုင်မာမှုကို ဖော်ပြနေကြောင်း ပြောကြားခဲ့ပါသည်။ နှစ်ဖက်စလုံးသည် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု အခြေအနေတိုးတက်မှုများကို ပြန်လည် သုံးသပ်ခဲ့ကြပြီး ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀,၀၀၀ ရောင်းချရန် သဘောတူညီချက်အောက်တွင် ဆောင်ရွက်နေမှုများကို အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ပထမအကြိမ်အဖြစ် တန်ချိန် ၄၀,၀၀၀ ကို ဖေဖော်ဝါရီလကုန်မတိုင်မီ ပို့ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။ တရုတ်ဘက်က ယခုနှစ်အတွင်း တန်ချိန် ၅၀၀,၀၀၀ ရည်မှန်းချက် ပြည့်မီစေရန် ဝယ်ယူမှုများကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု အရိပ်အမြွက်ပြောကြားခဲ့ပါသည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ မစ္စတာ Zhang က တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်များ၏ တရားမဝင်လုပ်ရပ်များကို ခွင့်မပြုကြောင်း ပြောကြားခဲ့ပြီး ဥပဒေလိုက်နာရေးနှင့် စည်းမျဉ်းထိန်းချုပ်ရေးကဏ္ဍများတွင် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အဆင့်မြင့် နည်းပညာလုပ်ငန်းများ အထူးသဖြင့် ရိုဘော့တစ်နည်းပညာကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်နေကြောင်းနှင့် တရုတ် ဦးဆောင်ကုမ္ပဏီများသည်လည်း ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံ၏စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ဘတ် ၁၀ ဘီလီယံကျော်ရှိမည်ဟု ခန့်မှန်းရပြီး အလုပ်အကိုင်များ ဖန်တီးပေးကာ စက်မှုလုပ်ငန်းစွမ်းရည်ကိုလည်း အားကောင်းစေကြောင်း သိရပါသည်။ သံအမတ်ကြီးက တရုတ်နိုင်ငံသည် အရည်အသွေး မပြည့်မီသော သို့မဟုတ် အရည်အသွေးနိမ့်ကုန်ပစ္စည်းများကို ထောက်ခံခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး အကောက်ခွန်နှင့် သွင်းကုန်ထိန်းချုပ်ရေးများကို တင်းကျပ်စေရန် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ နှစ်ဖက်စလုံးသည် အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို မဟာဗျူဟာမြောက်အရေးပါသော စီမံကိန်းအဖြစ် သတ်မှတ်ကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် အလေးပေးပြောကြားခဲ့ကြကြောင်း သိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)