
ဒူးရင်းဈေးနှုန်း မြင့်တက်မှုသည် အမြတ်အစွန်း ကြီးမားစွာ ရရှိစေသော်လည်း အလျင်စလို ရိတ်သိမ်းမှုများနှင့် စိုက်ပျိုးဧရိယာ အလျင်အမြန် တိုးချဲ့မှုများထက် တင်းကျပ်သော အရည် အသွေးထိန်းချုပ်မှုနှင့် ရေရှည်တည်တံ့သော အစီအမံရေးဆွဲခြင်းကို ဦးစားပေးလုပ်ဆောင်ရန် အာဏာပိုင်များက တောင်သူများအား တိုက်တွန်းထားသည်။
၂၀၂၅ခုနှစ်တွင် ဒူးရင်းသီးစိုက်ပျိုးမှုအနေဖြင့် အောင်မြင်မှုရရှိခဲ့ကြောင်း၊ ပုံမှန်အားဖြင့် ယခုရာသီတွင် မွန်ထောင်းဒူးရင်းဈေးနှုန်းသည် တစ်ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၁၅,၀၀၀ ဝန်း ကျင် (အမေရိကန်ဒေါ်လာ ၄.၄၁)ရှိပြီး ဂိုဒေါင်အထိ သွားရောက်၍ ရောင်းချရကြောင်း၊ ယခုနှစ် တွင် ဒူးရင်းသီး ၁ ကီလိုလျှင် ဗီယက်နမ်ဒေါင် ၁၅၀,၀၀၀ ဝန်းကျင် (အမေရိကန်ဒေါ်လာ ၅.၇၅) မြင့်တက်လာခဲ့ပြီး ကုန်သည်များအနေဖြင့် ဒူးရင်းခြံအထိ လာရောက်ဝယ်ယူကြကြောင်း၊ အလား တူပင် ဗီယက်နမ် Ri6 ဒူးရင်းဈေးသည် ယခင်နှစ်က တစ်ကီလိုလျှင် ၅၅,၀၀၀ ဒေါင် ဝန်းကျင် (အမေရိကန်ဒေါ်လာ၂.၁၁) နှင့်နှိုင်းယှဉ်ပါက ၈၂,၀၀၀ ဒေါင် (အမေရိကန်ဒေါ်လာ ၃.၁၄)အထိ ဈေးခုန် တက်သွားကြောင်း၊ ယင်းပမာဏသည် လွန်ခဲ့သည့် ၃ နှစ်အတွင်း အမြင့်ဆုံးဈေးနှုန်း ဖြစ် ကြောင်း သိရှိရသည်။
ဗီယက်နမ်နှစ်သစ်ကူးအပြီး ဒူးရင်းသီးဈေးနှုန်း သိသိသာသာ မြင့်တက်ရခြင်း၏ အကြောင်း ရင်းကို ရှင်းပြရာတွင် Dong Thap ပြည်နယ် ဒူးရင်းသီးအသင်း ဥက္ကဋ္ဌ Vo Tan Loiက ယခုအချိန် သည် ခူးဆွတ်နိုင်သော ဒူးရင်းအထွက်နှုန်း အလွန်နည်းပါးကြောင်း ပြောကြားခဲ့သည်။ ပြည်တွင်း ဒူးရင်းသီးများသည် အရောင်းအဝယ်အေးနေသည့် အချိန်သို့ ရောက်ရှိနေရုံသာမက ဒေသတွင်း၌ ဒူးရင်းသီး အဓိက ရောင်းချသည့် ထိုင်းနိုင်ငံတွင်လည်း ဈေးကွက်သို့ တင်ပို့နိုင်သည့် ဒူးရင်းသီး အနည်းငယ် သို့မဟုတ် လုံးဝ မရှိသလောက်နီးပါး ဖြစ်နေကြောင်း၊ အဆိုပါအချက်သည် ဒူးရင်းသီး ဈေးနှုန်းမြင့်တက်စေပြီး ရောင်းချရာတွင် ရှားပါးလာစေသည့် အဓိကအကြောင်းရင်း ဖြစ်သည်။
Dong Thap ပြည်နယ်ရှိ Cai Lay ခရိုင် သို့မဟုတ် Vinh Long ပြည်နယ်ရှိ Cho Lach ခရိုင် ကဲ့သို့သော ဒူးရင်း အဓိကစိုက်ပျိုးရာဒေသများ၌ပင် အမှန်တကယ် ဒူးရင်းအထွက်နှုန်းသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း၊ ယင်းကဲ့သို့ အထွက် နှုန်း ကျဆင်းရခြင်းမှာ ယခင်နှစ်က အချိန်အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒူးရင်း စိုက်ခင်း အများအပြားတွင် အမြစ်ပုပ်ခြင်း သို့မဟုတ် အမြစ်မသန်ခြင်းများ ဖြစ်ပေါ်ခြင်းတို့ ကြောင့် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအခြေအနေသည် ဒေသတွင်း ရောင်းလိုအား ကွာဟချက်ကို ဖန်တီးပေးခဲ့ပြီး မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှ ဒူးရင်းများ၏ တန်ဖိုးကို မြှင့်တင်ပေးခဲ့သည်။ ဈေးနှုန်းမြင့်မားနေ သော်လည်း ဒူးရင်းတင်ပို့ရောင်းချသည့် လုပ်ငန်းများသည် ရောင်းလိုအား နည်းပါးမှုကြောင့် ဒူးရင်းသီး ဝယ်ယူရန် ကြိုးစားနေရသည်။ Phuong Ngoc Cai Be ကုမ္ပဏီလီမိတက်၏ ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ Vo Tan Minh က ပြောကြားရာတွင် ဒူးရင်းတန်ချိန် ၂၀ ပါသော ကွန်တိန်နာ တစ်လုံးပြည့်ရန် အလွန်ခက်ခဲရသည့်အကြောင်းမှာ အဆိုပါကွန်တိန်နာတွင် ဒူးရင်းပမာဏ အများ အပြား ပါဝင်ခြင်းမရှိပဲ ပြည်နယ်အနှံ့အပြားတွင် ဒူးရင်းခြံများရှိနေသည့်အတွက်ကြောင့် ဖြစ် ကြောင်း၊ ဒူးရင်းလုပ်ငန်းများအနေဖြင့် ဝယ်ယူရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အချိန်နှင့် ငွေ ကြေး အမြောက်အမြား သုံးစွဲကြရကြောင်း၊ ဒူးရင်းသီးပမာဏ အလုံအလောက် ရရှိရန်အတွက် ကုန်သည်များသည် ဒူးရင်းဈေးနှုန်းကို မြှင့်လိုက်ခြင်းသည် ရောင်းလိုအားကို ပိုမိုရှားပါးစေကြောင်း သိရှိရသည်။
တစ်ချိန်တည်းတွင် Tay Ninhပြည်နယ်၊ Dong Thap ပြည်နယ်များနှင့် Can Tho မြို့တို့မှ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဦးစီးဌာနများ၏ ကိုယ်စားလှယ်များက စိုက်ပျိုးဧရိယာများ အကောင်အထည်ဖော်မှုကို ကြီးကြပ်ကွပ်ကဲခြင်း၊ လယ်သမားများ၊ ခြံပိုင်ရှင်များနှင့် ကုန်သည် များ၏ ဒူးရင်းသီး ခူးဆွတ်ခြင်း လုပ်ငန်းများကို ကြီးကြပ်ရေးတို့အတွက် စိုက်ပျိုးရေး ကဏ္ဍအား ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။
Dong Thap ပြည်နယ် ဒူးရင်းအသင်းကလည်း ဒူးရင်းဈေးနှုန်း မြင့်မားခြင်းသည် သီးနှံ ပြုပြင်ပြောင်းလဲမှုကို ရုတ်တရက်မြင့်တက်စေကြောင်း သတိပေးခဲ့သည်။ လက်ရှိတွင် မဲခေါင် မြစ်ဝ ကျွန်းပေါ်ဒေသရှိ ဒေသအသီးသီးသည် စာရင်းအင်းများ ကောက်ယူခြင်း၊ လမ်းညွှန်မှုပေး ခြင်း၊ ဒူးရင်းပင်များအတွက် စိုက်ပျိုးဧရိယာများကို အသေးစိတ် အစီအမံရေးဆွဲခြင်း၊ စိုက်ပျိုး ဧရိယာ အစီအမံများ အကောင်အထည်ဖော်ခြင်းကို ကြပ်မတ်ခြင်းနှင့် စီမံကိန်းဇုန်များ အပြင် ဘက်တွင် ဒူးရင်းစိုက်ဧရိယာ တိုးချဲ့မှုများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းခြင်းတို့ ပြု လုပ်သင့်သည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် အလုံးအရင်းဖြင့် အပြိုင်အဆိုင် စိုက်ပျိုးခြင်းကြောင့် ရောင်းလိုအား ပိုလျှံမှုနှင့် အထွက်ကောင်းသော်လည်း မလိုလားအပ်ဘဲ ဈေးနှုန်းနိမ့်ကျမှုကို ရှောင် ရှားနိုင်မည်ဖြစ်သည်။
ဒူးရင်းဈေးနှုန်း မြင့်တက်မှုသည် ကာလတိုအတွင်း အပြုသဘောဆောင်သော အချက်တစ်ချက် ဖြစ်သော်လည်း ရေရှည်တွင် ဒူးရင်းလုပ်ငန်းသည် စိုက်ပျိုးဧရိယာ လျင်မြန်စွာ တိုးချဲ့မှု၊ ရောင်းလို အားနှင့် ဝယ်လိုအား မညီမျှမှုအန္တရာယ်နှင့် သွင်းကုန်ဈေးကွက်များဘက်မှ အရည်အသွေးဆိုင်ရာ ဖိအားများကြောင့် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ထို့ကြောင့် တိုးတက်မှု အရှိန်အဟုန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းရန် အဓိကသော့ချက်မှာ အစီအမံ ရေးဆွဲခြင်းကို ကြီးကြပ်ရန်နှင့် ထုတ်လုပ်မှုနှင့်စားသုံးမှု ကွင်းဆက်များကို မြှင့်တင်ခြင်းပင်ဖြစ်သည်။
Source: SGGP English Edition, 26 Feb 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
