Main menu

အရှေ့အလယ်ပိုင်း ပဋိပက္ခက သင်္ဘောခနှင့် အာမခံစရိတ်တို့ကို မြင့်တက်လာစေမှုကြောင့် အင်ဒိုနီးရှား စားအုန်းဆီ တင်ပို့မှု အေးလျက်ရှိ

Powered by Drupal

    အမေရိကန်-အစ္စရေး-အီရန်စစ်ပွဲက သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှိ သင်္ဘောခနှင့် အာမခံ စရိတ်တို့ကို မြင့်တက်စေပြီးနောက် သင်္ဘောတင်ပို့ဆောင်မှုလုပ်ငန်းများအတွက် ပို့ကုန်အမှာစာ များ အသင့်အတင့်သာ ရှိခဲ့ကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း၊ ဥက္ကဋ္ဌက မတ်လ ၁၁ ရက် (ဗုဒ္ဓဟူးနေ့)တွင် The Business Times သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားသည် အစားအသောက်၊ အလှကုန်နှင့် သန့်ရှင်းလုပ်ငန်းသုံးပစ္စည်းများ ထုတ် လုပ်ရာတွင် အသုံးပြုသည့် ကမ္ဘာ့စားအုန်းဆီ အများဆုံး ထုတ်လုပ်တင်ပို့သည့်နိုင်ငံဖြစ်သည်။ စား အုန်းဆီသည် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ပို့ကုန်များတွင်  ထက်ဝက်ကျော်ခန့်ပါဝင်ပြီး အိန္ဒိယကဲ့ သို့ ဈေးကွက်ကြီးမားသည့်နိုင်ငံများစွာက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြသည်။

    အင်ဒိုနီးရှား စားအုန်းဆီအသင်း၊ ဥက္ကဋ္ဌ Mr. Eddy Martono က အမေရိကန်-အစ္စရေး-အီရန်စစ်ပွဲ ဖြစ်ပွားမှုနောက်ပိုင်း သင်္ဘောခနှင့် အာမခံစရိတ်တို့သည် ၅၀ %ခန့်မြင့်တက်လာ ကြောင်း၊ သင်္ဘောများကို ပိုမိုဝေးကွာသော ရေလမ်းကြောင်းများဖြင့် အသုံးပြုဆောင်ရွက်လာရပြီး စစ်ပွဲကြောင့် ဆုံးရှုံးမှုအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားလာသဖြင့် အာမခံစရိတ်များ မြင့်တက်လာရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ကုန်ကျစရိတ် မြင့်တက်လာမှုကြောင့် စားအုန်းဆီဝယ်လိုအား အနည်းငယ် ကျဆင်းခဲ့ သည်။ အင်ဒိုနီးရှားအနေဖြင့် အရောင်းအဝယ်စာချုပ်  ချုပ်ဆိုထားပြီးဖြစ်သည့် စားအုန်းဆီများကို အပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တင်ပို့ပေးရမည့် စားအုန်းဆီများ အဆက် မပြတ်ရှိနေသော်လည်း သင်္ဘောတင်ပို့ဆောင်မှုများကျဲလာကာ ကုန်လက်ကျန်များအဖြစ် အင်ဒိုနီးရှား နိုင်ငံအတွင်း စုဆောင်းလာကြောင်းနှင့် စားအုန်းဆီ ဈေးနှုန်းအပေါ် ဖိအားများရှိလာကြောင်း၊ အင်ဒိုနီးရှား စားအုန်းဆီအသင်းအနေဖြင့် ပို့ကုန်ပမာဏ ကျဆင်းနိုင်မည်ဟု ခန့်မှန်းထားမှု မရှိ ကြောင်း၊ သို့သော် ပို့ကုန်ကျဆင်းမည့်အရိပ်အယောင်များရှိကြောင်း၊ အသင်း၏ စားအုန်းဆီ တင်ပို့မှုအပေါ် ကြိုတင်ခန့်မှန်းချက်ကို မတ်လကုန်လောက်တွင် ရရှိမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှား သည် ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီ တန်ချိန် ၁.၈ သန်းခန့်ကို အရှေ့အလယ်ပိုင်း ဒေသသို့ တင်ပို့ နိုင်ခဲ့ပြီး စားအုန်းဆီ တင်ပို့မှု စုစုပေါင်း၏ ၅% ခန့်ရှိကြောင်း ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

    စားအုန်းဆီ ထိပ်တန်းဝယ်ယူသူနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်တို့သည် ၎င်းတို့တွင် စားသုံးဆီ သိုလှောင်မှု လက်ကျန်များတည်ငြိမ်လျက်ရှိသည့်အတွက် လက်ရှိအချိန်တွင် ဝယ်ယူမှု မရှိကြောင်း ဖော်ပြထားသည်။ အမေရိကန်-အစ္စရေး-အီရန် ပဋိပက္ခ စတင်ဖြစ်ပွားကတည်းက စားအုန်းဆီဈေးနှုန်းများသည် ပြိုင်ဘက် နေကြာဆီနှင့် ပဲပုပ်ဆီတို့ထက် ပိုမိုမြင့်တက်လျက်ရှိ သည်ကို နယူးဒေလီအခြေစိုက် စားအုန်းဆီ ကုန်သည်တစ်ဦးက ပြောကြားသည်။

    ယခင်က စားအုန်းဆီသည် အိန္ဒိယနိုင်ငံအရောက် သယ်ယူစရိတ်မှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၀၀ အောက်သာ ကုန်ကျမှုရှိပြီး ပဲပုပ်ဆီထက် ကုန်ကျစရိတ်သက်သာခဲ့သော်လည်း ယခုအခါ ပဲပုပ်ဆီ သယ်ယူစရိတ်က အမေရိကန်ဒေါ်လာ ၃၀ ခန့် စားအုန်းဆီထက် သက်သာ ကြောင်း၊ စားအုန်းဆီက ပဲပုပ်ဆီထက် သယ်ယူစရိတ် ပိုမိုရခြင်းမှာ သင်္ဘောခနှင့် အာမခံစရိတ် မြင့်တက်လာခြင်းကြောင်းဖြစ်ကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း၊ ဥက္ကဋ္ဌ နှင့် နယူးဒေလီ အခြေစိုက် စားအုန်းဆီကုန်သည်တို့၏ ပြောကြားချက်များကို တင်ပြလိုက်ရပါသည်။

Source: The Business Times, 11 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)