
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ်၏ ပထမနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၅.၂၃ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၇.၂ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း General Department of Customs and Excise က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
အဆိုပါ အရှေ့တောင်အာရှနိုင်ငံ၏ အဓိကပို့ကုန်တင်ပို့ရာ ထိပ်သီးနိုင်ငံ ၅ ခုမှာ အမေရိကန်၊ ဗီယက်နမ်၊ ဂျပန်၊ တရုတ်နှင့် စပိန်နိုင်ငံတို့ ဖြစ်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ၏ ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း စုစုပေါင်း သွင်းကုန်တင်သွင်းမှုမှာ ဒေါ်လာ ၅.၈၈ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နှင့် တရုတ်၊ တောင်ကိုရီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့နှင့် ချုပ်ဆိုထားသော ကမ္ဘောဒီးယား၏ နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ (FTAs) သည် နိုင်ငံ၏ ပို့ကုန်တိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား နည်းပညာနှင့် သိပ္ပံတက္ကသိုလ်မှ တရုတ်-အာဆီယံ လေ့လာရေးစင်တာ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid ကလည်း အဆိုပါ ကုန်သွယ်ရေးစာချုပ်များကြောင့် ကမ္ဘောဒီးယား၏ ပို့ကုန်များသည် ၂၀၂၆ ခုနှစ်တစ်လျှောက်လုံးတွင် ဆက်လက်မြင့်တက်နေဖွယ်ရှိကြောင်း သုံးသပ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
