Main menu

တောင်ကိုရီးယား၏ ပို့ကုန်တင်ပို့မှု မြင့်တက်လာ

Powered by Drupal

          ဆီမီးကွန်ဒတ်တာ (Semiconductors) ဝယ်လိုအား အလွန်အမင်း မြင့်တက်လာခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် မတ်လ ပထမ ၁၀ ရက်အတွင်း ဂဏန်းနှစ်လုံးပမာဏ (နှစ်ဆနီးပါး) အထိ တိုးတက်လာကြောင်း အကောက်ခွန်ရုံး၏ မတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

​          ကိုရီးယားအကောက်ခွန်ဌာန (Korea Customs Service) ၏ အဆိုအရ အဆိုပါကာလအတွင်း ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၁.၄၇ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ပျမ်းမျှနေ့စဉ် ပို့ကုန်တင်ပို့မှုမှာလည်း ၃၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ဒေါ်လာ ၃.၃၀ ဘီလီယံအထိရှိခဲ့သည်။

​          အထူးသဖြင့် ဉာဏ်ရည်တု (AI) နည်းပညာတွင် အသုံးပြုသည့် ချစ်ပ်ပြား (Chips) များ ဝယ်လိုအား ကောင်းမွန်နေခြင်းကြောင့် ဆီမီးကွန်ဒတ်တာ တင်ပို့မှုသည် ၁၇၅.၉ ရာခိုင်နှုန်းအထိ အဆမတန် မြင့်တက်ခဲ့သည်။

          ​ရေနံထွက်ပစ္စည်းများ၊ မော်တော်ယာဉ်၊ သံမဏိ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ စက်ကိရိယာများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ တင်ပို့မှုမှာလည်း ဂဏန်းနှစ်လုံးအထိ မြင့်တက်ခဲ့သော်လည်း သင်္ဘောတင်ပို့မှုမှာမူ ဂဏန်းနှစ်လုံးအထိ လျော့ကျသွားခဲ့သည်။ သွင်းကုန်တင်သွင်းမှုမှာမူ မတ်လ ပထမ ၁၀ ရက်အတွင်း ပြီးခဲ့သည့်နှစ်ထက် ၂၁.၇ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၁၉.၃၇ ဘီလီယံ ရှိခဲ့သဖြင့် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂.၁၀ ဘီလီယံ ရရှိခဲ့သည်။

​          အဆိုပါ ၁၀ ရက်တာအတွင်း ချစ်ပ်ပြားများ၊ ဆီမီးကွန်ဒတ်တာသုံး စက်ကိရိယာများ၊ စက်မှုလုပ်ငန်းသုံးစက်များ၊ ရေနံထွက်ပစ္စည်းများ၊ စက်ကိရိယာများနှင့် ကျောက်မီးသွေး တင်သွင်းမှုမှာလည်း ဂဏန်းနှစ်လုံးအထိ မြင့်တက်ခဲ့ပြီး ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုမှာမူ ဂဏန်းတစ်လုံးအထိ လျော့ကျခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

DOCA (ရန်ကုန်)