
တောင်ကိုရီးယားနိုင်ငံ၏ စိုက်ပျိုးရေးအခြေခံစားသောက်ကုန်နှင့် စိုက်ပျိုးရေးစက်မှု ထုတ်ကုန်များအပေါ် နိုင်ငံတကာဝယ်လိုအား ကောင်းမွန်နေခြင်းကြောင့် ယခုနှစ် ပထမသုံးလပတ်အတွင်း ပို့ကုန်တင်ပို့မှုမှာ ၃.၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ဒေသရေးရာ ဝန်ကြီးဌာန၏ ဧပြီလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလပတ်အတွင်း စုစုပေါင်း ပို့ကုန်တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၃၅ ဘီလီယံ ရှိခဲ့သည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ တင်ပို့မှုမှာ သိသိသာသာမြင့်တက်ခဲ့ပြီး ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့မှုမှာ ၃၂.၃ ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့ကြောင်း သိရသည်။
ပြုပြင်ပြီး စားသောက်ကုန်ကဏ္ဍတွင် ကိုရီးယား၏ နာမည်ကျော် ခေါက်ဆွဲခြောက် (Ramyeon)၊ မုန့်အမျိုးမျိုးနှင့် ရေခဲမုန့် တင်ပို့မှုများသည် ဂဏန်းနှစ်လုံးအဆင့် (Double-digit) အထိ တိုးတက်မှုနှုန်း မြင့်မားခဲ့သည်။ ထို့အပြင် လတ်ဆတ်သည့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် စတော်ဘယ်ရီ၊ စပျစ်သီးနှင့် သစ်တော်သီး တင်ပို့မှုမှာလည်း သိသိသာသာ တိုးတက်ခဲ့ကြောင်း သိရသည်။
Smart Farm စနစ်များ၊ စိုက်ပျိုးရေးသုံး စက်ကိရိယာများနှင့် တိရစ္ဆာန်အစာများ အပါအဝင် စိုက်ပျိုးရေးစက်မှုထုတ်ကုန် တင်ပို့မှုမှာလည်း ၂.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ သန်း ၇၉၀ ဖိုး တင်ပို့နိုင်ခဲ့သည်။ သို့သော်လည်း တိရစ္ဆာန်သုံး ဆေးဝါးတင်ပို့မှုမှာမူ ယခင်နှစ်ထက် ၉.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဝန်ကြီးဌာန၏ ကိန်းဂဏန်းများက ဖော်ပြနေသည်။ မြောက်အမေရိက၊ အာဆီယံနှင့် ဥရောပသမဂ္ဂ (EU) ဈေးကွက်များသို့ တင်ပို့မှုမှာလည်း ပုံမှန်အတိုင်း ဂဏန်းတစ်လုံးအဆင့် တိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
