Main menu

အင်ဒိုနီးရှားနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးအတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးမည်ဟု ဒုဝန်ကြီးဆို

Powered by Drupal

       အင်ဒိုနီးရှား သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း စားနပ်ရိက္ခာကိုယ်တိုင် ဖူလုံမှုရရှိစေရန်အတွက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကဏ္ဍနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။

          သစ်တောရေးရာ ဒုတိယဝန်ကြီး Rohmat Marzuki က ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌နောင်အနာဂတ်မှာ ဂေဟစနစ်တွေ ပြန်လည်ကောင်းမွန်လာစေဖို့နဲ့ စားနပ်ရိက္ခာ ဖူလုံမှုရရှိဖို့အတွက် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိပါတယ်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ လက်တွေ့လုပ်ဆောင်ချက်အနေဖြင့် သစ်တောမဟုတ်သော မြေလွတ်မြေရိုင်းများကို အကျိုးရှိရှိ အသုံးချနိုင်ရေးကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်။

         ၎င်းမြေလွတ်များတွင် မျိုးစေ့ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနောက်ဆက်တွဲ ထုတ်ကုန်လုပ်ငန်းများ ဖော်ဆောင်ခြင်းနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ အဓိကစီမံကိန်းတစ်ခုဖြစ်သော သစ်တောနှင့် စိုက်ပျိုးရေး ရောနှောလုပ်ကိုင်သည့်စနစ် (Agroforestry) ကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

         ယခုအပတ်အစောပိုင်းက မြောက်ဆူမားတြားပြည်နယ်၊ တိုဘာအိုင် (Lake Toba) ဒေသတွင် ပြုလုပ်ခဲ့သည့်ဉာဏ်ရည်တု (AI) အခြေပြု စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဆွေးနွေးပွဲ၏ နောက်ဆက်တွဲအဖြစ် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် အမျိုးသား စီးပွားရေးကောင်စီ (DEN) ဥက္ကဋ္ဌ Luhut Binsar Pandjaitan က မြေယာ၊ နည်းပညာ၊ လူသားအရင်းအမြစ်နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ပေါင်းစပ်ပြီး နည်းပညာ အခြေပြု စိုက်ပျိုးရေးအသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရန် အလေးပေး ပြောကြားခဲ့သည်။

        ကြက်သွန်ဖြူကဲ့သို့ မဟာဗျူဟာမြောက် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်မည်။ AI နည်းပညာကို အသုံးပြု၍ စိုက်ပျိုးရေးအချက်အလက်များကို အချိန်နှင့် တပြေးညီ စုဆောင်းဆန်းစစ်ခြင်းဖြင့် ပိုမိုတိကျသောမူဝါဒများ ချမှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

       ဤနည်းလမ်းသည် ကုန်ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးရုံသာမက စားနပ်ရိက္ခာ ထောက်ပံ့မှုနှင့် ဈေးနှုန်းတည်ငြိမ်မှုကိုလည်း အထောက်အကူပြုမည်ဖြစ်သည်။ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ နည်းပညာအကူအညီတွေကတစ်ဆင့် တိုဘာအိုင်ဒေသကို ပတ်ဝန်းကျင်ရေရှည်တည်တံ့မှုရှိပြီး ခေတ်မီတဲ့ စိုက်ပျိုးရေးစံပြဒေသအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်ဟု ဒုဝန်ကြီးက နိဂုံးချုပ် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source : ANTARA                                                                                

DOCA (ရန်ကုန်)