
စင်္ကာပူနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် မတ်လတွင် ယခင်နှစ် အလားတူကာလထက် ၁၀.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမသုံးလပတ်၏ စုစုပေါင်းတိုးတက်မှုမှာ ၇.၉ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက် များအရ သိရှိရသည်။
စင်္ကာပူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (EDB) ၏ ထုတ်ပြန်ချက်အရ မတ်လအတွင်း ဇီဝဆေးဘက်ဆိုင်ရာ ထုတ်လုပ်မှုနှင့် ဓာတုဗေဒကဏ္ဍများမှလွဲ၍ ကျန်ရှိသည့် ကဏ္ဍအားလုံးမှာ တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။ အီလက်ထရွန်နစ်ကဏ္ဍမှာ ၃၀ ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့သည်။ အထူးသဖြင့် AI (Artificial Intelligence) နည်းပညာသုံး ပစ္စည်းများအတွက် လိုအပ်ချက်များပြားလာခြင်းကြောင့် Semiconductors၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုံး ပစ္စည်းများနှင့် လူသုံးကုန် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်မှုမှာ သိသိသာသာ တိုးတက်ခဲ့ခြင်းဖြစ်သည်။
တိကျအင်ဂျင်နီယာကဏ္ဍမှာ ၁၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ Optical Instruments၊ အီလက်ထရွန်နစ် ဆက်သွယ်မှုပစ္စည်းများနှင့် သတ္တုအစိတ်အပိုင်းများ ထုတ်လုပ်မှုမြင့်တက်ခဲ့သလို၊ ဆီမီးကွန်ဒတ်တာ စက်ကိရိယာများ ထုတ်လုပ်မှုမှာလည်း တိုးတက်မှုရှိခဲ့သည်။
အထွေထွေ ထုတ်လုပ်မှုကဏ္ဍမှာ ၇.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ သံမဏိထည်များနှင့် အဆင်သင့်သုံး ကွန်ကရစ်များ ထုတ်လုပ်မှု မြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် အစား အသောက်၊ ဖျော်ရည်နှင့် ဆေးလိပ်ကဏ္ဍတွင်လည်း အဖျော်ယမကာအနှစ်များနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်မှုများကြောင့် တိုးတက်မှုရှိခဲ့သည်။
Transport Engineering မှာ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ကုန်းလမ်းနှင့် လေကြောင်း ကဏ္ဍနှစ်ခုလုံး တိုးတက်လာခြင်းဖြစ်သည်။ အထူးသဖြင့် လေယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်မှုနှင့် လေကြောင်းလိုင်းများ၏ ပြုပြင်ထိန်းသိမ်းမှု (MRO) လုပ်ငန်းများ တိုးတက်လာခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း ရေနံနှင့် သဘာဝဓာတ်ငွေ့မြေသုံး စက်ကိရိယာများ ထုတ်လုပ်မှုလျော့နည်းသွားခြင်းကြောင့် ရေကြောင်းနှင့် ကမ်းလွန်အင်ဂျင်နီယာကဏ္ဍမှာ ဆုတ်ယုတ်ခဲ့သည်။
ဇီဝဆေးဘက်ဆိုင်ရာ ထုတ်လုပ်မှုမှာ ၁၄.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဆေးဘက်ဆိုင်ရာ ကိရိယာများ လိုအပ်ချက်လျော့နည်းလာခြင်းနှင့် ဆေးဝါးကုန်ကြမ်း (API) ထုတ်လုပ်မှု ပုံစံပြောင်းလဲခြင်းတို့ကြောင့် ဖြစ်သည်။ ဓာတုဗေဒကဏ္ဍမှ, ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ကုန်ကြမ်းပေးသွင်းမှု ပြတ်တောက်မှုများကြောင့် ရေနံနှင့် ရေနံဓာတုပစ္စည်း ထုတ်လုပ်မှုများ လျော့ကျသွားခြင်းကြောင့် ဖြစ်သည်။ ခြုံငုံကြည့်ပါက မတ်လအတွင်း စင်ကာပူ၏ စုစုပေါင်းထုတ်လုပ်မှုသည် ဖေဖော်ဝါရီလ ထက် ၄.၇ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
