
စင်္ကာပူတွင် ကျင်းပသည့် Food and Hotel Asia (FHA) 2026 ပြပွဲ၌ အင်ဒိုနီးရှား အစားအသောက်နှင့် အဖျော်ယမကာထုတ်ကုန်များ၏ ကုန်သွယ်မှုအလားအလာတန်ဖိုးမှာ ရူပီး ၂၃၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂.၆ သန်းခန့်) ရှိခဲ့ကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနက မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပျားရည်၊ အော်ဂဲနစ်ဟင်းခတ်အမွှေးအကြိုင်များ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားအစားအသောက်နှင့် အဖျော်ယမကာ ထုတ်ကုန်များအတွက် အမေရိကန်ဒေါ်လာ ၃.၁၇ သန်း (ရူပီး ၅၄.၅ ဘီလီယံခန့်) တန်ဖိုးရှိသော ပို့ကုန်စာချုပ် ၁၄ ခု ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ကျန်းမာရေး အထောက်အကူပြုအသင့်စားခေါက်ဆွဲ၊ အော်ဂဲနစ်အစားအစာများ၊ ရေလုပ်ငန်းထုတ်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံနှင့် အခြားအစားအသောက်နှင့် အဖျော်ယမကာများအတွက် အမေရိကန်ဒေါ်လာ ၁၀.၃ သန်း (ရူပီး ၁၇၇ ဘီလီယံခန့်) တန်ဖိုးရှိသော ကုန်သွယ်မှုအလားအလာများလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရပါသည်။ အမျိုးသားပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Fajarini Puntodewi က ၎င်းတို့၏အစား အသောက်နှင့် အဖျော်ယမကာ ထုတ်ကုန်များ ပါဝင်ပြသခြင်းက ကမ္ဘာလုံးဆိုင်ရာ ဟိုတယ်နှင့် ဧည့်ဝတ်ပြုလုပ်ငန်းဈေးကွက်သို့ အင်ဒိုနီးရှား၏ ဈေးကွက်ဝင်ရောက်ခွင့်ကို တိုးချဲ့ရန်အခွင့်အလမ်းတစ်ရပ်ဖြစ်စေပြီး အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းရှင်များနှင့် စင်္ကာပူဝယ်ယူသူများအကြား ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်လည်း ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား ပြခန်းတွင် MSME လုပ်ငန်း ၄၀ မှ ထုတ်လုပ်သော အစားအသောက်၊ အဖျော်ယမကာ၊ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းထုတ်ကုန်များကိုပြသခဲ့ပြီး အလတ်စားနှင့် အကြီးစား ကုမ္ပဏီ ၁၃ ခု၏ ထုတ်ကုန်များလည်း ပါဝင်ပြသခဲ့ကြောင်း သိရပါသည်။ စင်္ကာပူရှိအင်ဒိုနီးရှား ကုန်သွယ်ရေး အရာရှိ Billy Anugrah ကလည်း နိုင်ငံတကာ ပြပွဲများတွင် အင်ဒိုနီးရှား အစားအသောက်နှင့် အဖျော်ယမကာ ကုမ္ပဏီများ ပါဝင်ခြင်းသည် ကမ္ဘာ့ဈေးကွက်တွင် ထုတ်ကုန်များကို မြှင့်တင်ရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Anugrah က MSME များအပါအဝင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ပို့ကုန်ဈေးကွက်ဝင်ရောက်နိုင်ရေးအတွက် အင်ဒိုနီးရှား ကုန်သွယ်ရေးကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို အပြည့်အဝအသုံးချနိုင်ကြောင်း၊ အစား အသောက်နှင့် အဖျော်ယမကာ ထုတ်ကုန်များသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း အင်ဒိုနီးရှား၏ ပို့ကုန်တိုးတက်မှုကို ထောက်ပံ့ပေးသည့် အဓိကစက်မှုကဏ္ဍတစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံတကာ ပြပွဲများတွင် အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းများပါဝင်ခြင်းက ပို့ကုန်ဈေးကွက်ထဲသို့ ဆက်လက် ထိုးဖောက်ဝင်ရောက်နေသည်ကို ပြသနေကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ အင်ဒိုနီးရှားနှင့် စင်္ကာပူအကြား စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၇၈ ဘီလီယံ ရှိခဲ့ပြီးထိုအထဲတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၉၄ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၈၄ ဘီလီယံ ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် တွင်လည်း နှစ်နိုင်ငံ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂.၈၇ ဘီလီယံ ရှိခဲ့ပြီး အင်ဒိုနီးရှား၏ စင်္ကာပူသို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃.၇၀ ဘီလီယံနှင့် စင်္ကာပူမှ တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၉.၁၇ ဘီလီယံ ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၀ ခုနှစ် မှ ၂၀၂၅ ခုနှစ်အတွင်း စင်္ကာပူသည် အင်ဒိုနီးရှား၏ ပို့ကုန်ဈေးကွက်တွင် ပဉ္စမအကြီးဆုံး နိုင်ငံဖြစ်ခဲ့ပြီး သွင်းကုန်ရင်းမြစ်တွင်လည်း ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် အင်ဒိုနီးရှား၏ အစားအသောက်နှင့် အဖျော်ယမကာတင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၄.၉၆ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ထက် ၂.၃၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါ သည်။ စင်္ကာပူဈေးကွက်တွင်လည်း အဆိုပါကဏ္ဍသည် ၄၉.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
