Main menu

စံချိန်တင်ဆန်လက်ကျန်တန်ချိန် ၅.၃၆ သန်းရရှိထားသည့်အင်ဒိုနီးရှား၏ Bulog

Powered by Drupal

         အင်ဒိုနီးရှားနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ Bulog သည် လက်ရှိတွင် ဆန်သိုလှောင်မှုပမာဏကို စံချိန်တင်တန်ချိန် ၅.၃၆ သန်းအထိ စီမံခန့်ခွဲထားပြီး နိုင်ငံတဝန်း သိုလှောင်နိုင်စွမ်းကိုလည်း တန်ချိန် ၆.၂ သန်းအထိ တိုးချဲ့ထားကြောင်း သိရပါသည်။ Bulog ဥက္ကဋ္ဌ Ahmad Rizal Ramdhani က မေလ ၂၅ ရက်နေ့တွင် ပြောကြားရာ၌ နိုင်ငံ၏ ဆန်ထုတ်လုပ်မှုမြင့်တက်လာမှုနှင့် အညီ သိုလှောင်နိုင်စွမ်းကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပြီး ဆန်လက်ကျန်စီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စေရန်နှင့် အစားအသောက်ဈေးကွက်တည်ငြိမ်ရေးကို အားကောင်းစေရန် ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ပါသည်။ ဝယ်ယူစုဆောင်းမှုဘက်တွင်လည်း Bulog သည် ၂၀၂၆ ခုနှစ်အတွက် သတ်မှတ်ထားသော ဆန်တန်ချိန် ၄ သန်း ရည်မှန်းချက်အနက် လက်ရှိတွင်တန်ချိန် ၂.၈ သန်းခန့်ကို ပြည်တွင်းမှ စုဆောင်းထားပြီးဖြစ်ကြောင်း သိရပါသည်။ Ramdhani က ထိုအောင်မြင်မှုသည် ပြည်တွင်းစိုက်ပျိုးရေးသမားများကို အားပေးထောက်ပံ့ပေးရာတွင် Bulog ၏ တက်ကြွသော အခန်းကဏ္ဍကို ဖော်ပြသကဲ့သို့ အမျိုးသားစားနပ်ရိက္ခာ အရန်သိုလှောင်မှုကိုလည်း ခိုင်မာစေကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကို စုဆောင်းဝယ်ယူခြင်းက ဆန်လုံလောက်မှုကို အာမခံပေးရုံသာမက ထုတ်လုပ်သူများနှင့် စားသုံးသူများအတွက် ဈေးနှုန်းတည်ငြိမ်မှုကိုလည်း ထိန်းသိမ်းပေးနိုင်ကြောင်း၊ Bulog သည် အင်ဒိုနီးရှားနိုင်ငံတဝန်းတွင် ဂိုဒေါင်များ၊ ထောက်ပံ့ပို့ဆောင်ရေးကွန်ယက်များနှင့် စပါး၊ ဆန်ပြုပြင်ထုတ်လုပ်ရေးစက်ရုံများအပါအဝင် အခြေခံအဆောက်အအုံကွန်ယက် ကျယ်ပြန့်စွာတည်ဆောက်ထားကြောင်းနှင့် ရေရှည်စားနပ်ရိက္ခာ ဖူလုံမှုရရှိရန်အတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုလိုအပ်ပြီး တက္ကသိုလ်များအနေဖြင့် အသိပညာ၊ သုတေသန၊ နည်းပညာတီထွင်မှုနှင့် အတွေးအခေါ်သစ်များ ဖန်တီးရာဗဟိုများအဖြစ် တက်ကြွစွာပါဝင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ Ramdhani ၏အဆိုအရ စားနပ်ရိက္ခာဖူလုံမှု အားကောင်းလာစေရန်မှာ ထုတ်လုပ်မှုပမာဏတိုးမြှင့်ခြင်း တစ်ခုတည်းမဟုတ်ဘဲ လယ်သမားများ၏ သီးနှံထွက်ရှိမှုကို စနစ်တကျဝယ်ယူနိုင်ခြင်း၊ အရန်ရိက္ခာ ထိန်းသိမ်းနိုင်ခြင်း၊ ရိတ်သိမ်းပြီးနောက်ပိုင်း အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်လာခြင်းနှင့် စားနပ်ရိက္ခာကို လူထုအတွက် လုံလောက်စွာရရှိနိုင်ပြီး ဈေးနှုန်းသက်သာစွာ ထိန်းထားနိုင်ခြင်းတို့အပေါ် မူတည်ကြောင်း သိရပါသည်။ ယခုတိုးချဲ့မှုများမှာ ထုတ်လုပ်မှုတိုးတက်စေရန်၊ ရိတ်သိမ်းပြီးနောက် စီမံခန့်ခွဲမှုအရည် အသွေးမြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုရန် ရည်ရွယ်သည့် ရေရှည်မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)