
အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်မီးရရှိမှုနှုန်းသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ၉၉.၈၃၂ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး၊ ၎င်းမှာ ၂၀၂၅ ခုနှစ်က မှတ်တမ်းတင်ထားခဲ့သည့် ၉၉.၈၃၁ ရာခိုင်နှုန်းမှ အနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း စွမ်းအင်နှင့် တွင်းထွက်သယံဇာတ ဝန်ကြီး ဌာနမှထုတ်ပြန်သော ထုတ်ပြန်ချက်များအရ သိရပါသည်။
ဇွန်လ ၄ ရက်နေ့တွင် ဂျကာတာမြို့ရှိ ပြည်သူ့လွှတ်တော် (DPR) နှင့် ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ဝန်ကြီးဌာန၏ လျှပ်စစ်စွမ်းအားဆိုင်ရာ ယာယီညွှန်ကြားရေးမှူးချုပ် တြီဝီနာနို (Tri Winarno) က အဆိုပါကိန်းဂဏန်းသည် လျှပ်စစ်မီးရရှိမှုနှုန်း ၉၁.၁၆ ရာခိုင်နှုန်း သာရှိခဲ့သည့် ၂၀၁၆ ခုနှစ်နှင့်နှိုင်းယှဉ်ပါက သိသာထင်ရှားစွာ ခုန်တက်သွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၎င်း၏ပြောကြားချက်အရ အဆိုပါအောင်မြင်မှုသည် နိုင်ငံအတွင်း ပြည်နယ်အများစုတွင် လျှပ်စစ်မီးရရှိမှုနှုန်း ၉၅ ရာခိုင်နှုန်းကျော်ကို ကျော်လွန်နေပြီဖြစ်ကြောင်းနှင့် အင်ဒိုနီးရှား နိုင်ငံသားများအတွက် လျှပ်စစ်မီးရရှိနိုင်မှု အခွင့်အလမ်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြည့်အဝရရှိတော့မည့် အခြေအနေသို့ နီးကပ်လာနေပြီး လက်တွေ့ဖြစ်လာနေပြီဖြစ်ကြောင်း သိရပါသည်။
သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ၏ လမ်းညွှန်ချက်များနှင့်အညီ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ ကျေးရွာတိုင်းသို့ လျှပ်စစ်မီးရရှိစေရန် ဆောင်ရွက်ပေးမည့် အစိုးရ၏ ခိုင်မာသောကတိကဝတ်ကို ၄ နှစ်တာကာလအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဝီနာနိုက အလေးပေးပြောကြားခဲ့ပါသည်။
အဆိုပါကတိကဝတ်ကို ပံ့ပိုးပေးနေသည့် အဓိကလုပ်ငန်းစဉ်များထဲမှ တစ်ခုမှာ ကျေးရွာလျှပ်စစ်မီးလင်းရေး အစီအစဉ်ဖြစ်ကြောင်းနှင့် လျှပ်စစ်မီးရရှိမှုကို တိုးချဲ့ရန် ကြိုးပမ်းမှုအဖြစ် အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ဒေသတစ်ခုချင်းစီ၏ သတ်မှတ်ထားသော အခြေအနေများနှင့် အညီ မဟာဗျူဟာ ၄ ရပ်ကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါသည်။
၎င်းတို့တွင် လက်ရှိဖြန့်ဖြူးရေးကွန်ရက်များနှင့် နီးကပ်စွာ တည်ရှိနေသော ကျေးရွာများအတွက် လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့သွယ်တန်းပေးခြင်း ပါဝင်နေကြောင်း သိရပါသည်။ ထို့အပြင် လူနေအိမ်များ စုစုဝေးဝေးဖြင့် နေထိုင်ကြသော်လည်း လျှပ်စစ်ဓာတ်အားလိုင်း တိုးချဲ့ရန်ခက်ခဲသော ဒေသများကိုရည်မှန်း၍ မီနီဂရစ် မဟာဗျူဟာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: Antaranews
DOCA (ရန်ကုန်)
