
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ ခေတ်မီလက်လီအရောင်းဆိုင်ကွန်ရက်များတွင် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) မှ ထုတ်ကုန်များသည် စုစုပေါင်းရောင်းချသည့် ကုန်ပစ္စည်းများ၏ ၆၀ ရာခိုင်နှုန်းကျော်အထိပါဝင်လာပြီး အစိုးရက ကနဦးမျှော်မှန်းထားသည်ထက်ကျော်လွန်နေပြီဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ပြောကြားခဲ့ပါသည်။ ဂျကာတာမြို့၌ စက်တင်ဘာ ၁၀ ရက်က ပြောကြားရာတွင် ခေတ်မီ လက်လီလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် MSME လုပ်ငန်းများအတွက် ဈေးကွက်ဝင်ရောက်ခွင့် ပိုမိုကျယ်ပြန့်လာခြင်းကို ယင်းအချက်ကဖော်ပြနေကြောင်း ဝန်ကြီးက ဆိုပါသည်။ ခေတ်မီလက်လီလုပ်ငန်းများ၏အချက်အလက်များအရ အဆိုပါဆိုင်များတွင် ရောင်းချနေသည့်ကုန်ပစ္စည်းများအနက် ၆၀ ရာခိုင်နှုန်းကျော်သည် MSME များနှင့် ပြည်တွင်း ထုတ်ကုန်များဖြစ်ကြောင်း သိရပါသည်။ MSME ထုတ်ကုန်များသည် နိုင်ငံတစ်ဝန်းရှိ ဈေးဝယ် စင်တာကြီးများ၊ ကုန်တိုက်များနှင့် ခေတ်မီလက်လီဆိုင်ကွန်ရက်များတွင် ပိုမိုနေရာရရှိလာနေပြီး ယင်းတိုးတက်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ရန် ကုန်သွယ်ရေးဝန်ကြီးဌာနက Indonesian Shopping Center Tenants Association (Hippindo) နှင့် Indonesian Retail Entrepreneurs Association (Aprindo) အပါအဝင် လက်လီလုပ်ငန်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။ မကြာသေးမီကထုတ်လုပ်ခဲ့သည့် ပြည်တွင်း MSME ထုတ်ကုန်များ ကို Tangerang မြို့ BSD ရှိ AEON အပါအဝင် အဓိကစီးပွားရေးစင်တာများတွင် ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ယခင်က အစိုးရအနေဖြင့် ခေတ်မီလက်လီအရောင်းဆိုင်များတွင် ပြည်တွင်း MSME ထုတ်ကုန် အနည်းဆုံး ၃၀ ရာခိုင်နှုန်း မဖြစ်မနေထည့်သွင်းရောင်းချရန် သတ်မှတ်ခဲ့သော်လည်း နိုင်ငံတကာကုန်သွယ်ဖက်များက ကုန်သွယ်ရေးခွဲခြားဆက်ဆံမှု ဖြစ်ပေါ် နိုင်သည့်အပေါ် ကန့်ကွက်မှုများရှိခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် အစိုးရသည် မဖြစ်မနေ သတ်မှတ်ထားသည့်ခွဲတမ်းစနစ်အစား ခေတ်မီလက်လီလုပ်ငန်းများနှင့် ပြည်တွင်း MSME များ အကြား ဆန္ဒအလျောက်ပူးပေါင်းဆောင်ရွက်သည့်စနစ်သို့ပြောင်းလဲခဲ့ပြီး ယင်းစနစ်သည် ပြည်တွင်းထုတ်ကုန်များကို ဈေးကွက်အတွင်း ပိုမိုထိရောက်စွာဖြန့်ဖြူးရောင်းချနိုင်စေကြောင်း ဝန်ကြီးကပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်နှင့် ဖြန့်ဖြူးရောင်းချရေးလမ်းကြောင်းများ ပိုမိုကျယ်ပြန့်လာစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေးနှင့် ထိရောက်သော ဈေးကွက်ဖြန့်ဖြူးရေးတို့ကို တစ်ပြိုင်နက်တည်းဆောင်ရွက်ရန်လိုအပ်ကြောင်း Budi က အလေးပေးပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)
