Main menu

အိန္ဒိယနိုင်ငံတွင် မိုးသီးနှံစိုက်ဧရိယာ ဟက်တာ  ၈.၂၇ သန်းဖြင့် ယခင်နှစ်ထက် ၂ ရာခိုင်နှုန်း လျော့ကျလျက်ရှိ

Powered by Drupal

     အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့အထိ မိုးသီးနှံ စိုက်ပျိုးပြီးစီးသည့် ဧရိယာမှာ ဟက်တာ  ၈.၂၇ သန်းဖြင့် ယခင်နှစ်ကာလတူ စိုက်ဧရိယာ ဟက်တာ ၈.၄ သန်းထက် ၂ ရာခိုင်နှုန်းကျဆင်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ အစီရင်ခံစာ၌ ဖော်ပြ ထားသည်။ အဆိုပါရာသီအတွက် ပြည်နယ်၏ ပုံမှန်စိုက်ဧရိယာမှာ ဟက်တာ ၈.၅၃ သန်းဖြစ်ပြီး လက်ရှိအချိန်တွင် ၉၇ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးပြီးစီးကြောင်း သိရသည်။ ပဲမျိုးစုံနှင့် ကောက်နှံ သီးနှံများ၏ စိုက်ဧရိယာများမှာ တိုးမြင့်လာခဲ့သော်လည်း ဆီထွက်သီးနှံစိုက်ဧက လျော့နည်းခဲ့ ကြောင်း သိရသည်။

    ပြည်နယ်အတွင်း စပါးစိုက်ဧရိယာသည် ယခင်နှစ်တွင် ဟက်တာ ၉၀၃,၃၄၉ ရှိရာမှ ယခုနှစ် တွင် ဟက်တာ ၉၂၅,၀၄၁ သို့ တိုးမြင့်ခဲ့ကြောင်း၊ jowar နှံစားပြောင်းမှာ ယခင်နှစ်တွင် ဟက်တာ ၁၁,၅၉၈ ရှိရာမှ ယခုနှစ်တွင် ဟက်တာ ၁၄,၀၀၄ သို့ တိုးမြင့်ခဲ့ကြောင်း၊ အစေ့ထုတ်ပြောင်းမှာ  ယခင်နှစ်တွင် ဟက်တာ ၂၈၀,၉၄၅ ရှိရာမှ ယခုနှစ်တွင် ဟက်တာ ၂၇၂,၀၁၇ သို့ လျော့ကျခဲ့ ကြောင်း၊ bajra နှံစားပြောင်းမှာ ယခင်နှစ်တွင် ဟက်တာ ၁၇၂,၅၈၀ ရှိရာမှ ယခုနှစ်တွင် ဟက်တာ ၁၆၂,၉၃၃ သို့ လျော့ကျခဲ့သည်။ နှံစားပြောင်းစုစုပေါင်းစိုက်ဧရိယာသည် ယခင်နှစ်တွင် ဟက်တာ ၁.၃၈ သန်းရှိရာမှ ယခုနှစ်တွင် ဟက်တာ ၁.၃၉ သန်းသို့ တိုးမြင့်ခဲ့ကြောင်း သိရသည်။

    ပဲမျိုးစုံ စုစုပေါင်း စိုက်ဧရိယာသည် ယခင်နှစ်ထက် ၄ ရာခိုင်နှုန်းတိုးမြင့်၍ ဟက်တာ ၄၆၉,၆၅၂ ရှိခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ပဲစင်းငုံစိုက်ဧရိယာမှာ ယခင်နှစ်တွင် ဟက်တာ ၂၉၇,၄၆၈ ရှိရာမှ ယခုနှစ်တွင် ဟက်တာ ၃၃၀,၄၇၁ သို့ မြင့်တက်ခဲ့ကြောင်း၊ မတ်ပဲစိုက် ဧရိယာမှာ ယခင်နှစ်တွင် ဟက်တာ ၈၃,၄၅၃ ရှိရာမှ ယခုနှစ်တွင် ဟက်တာ ၉၂,၆၈၀ သို့ မြင့်တက် ခဲ့ကြောင်း၊ ပဲတီစိမ်းစိုက်ဧရိယာ မှာ ယခင်နှစ်တွင် ဟက်တာ ၄၈,၄၃၅ ရှိရာမှ ယခုနှစ်တွင် ဟက်တာ ၃၁,၈၉၉ သို့ ‌လျော့နည်းခဲ့ကြောင်း သိရသည်။

    ဆီထွက်သီးနှံ စုစုပေါင်းစိုက်ဧရိယာသည် ယခင်နှစ်ထက် ၆ ရာခိုင်နှုန်းခန့်လျော့ကျခဲ့ပြီး ဟက်တာ ၃ သန်းအထိ ရှိခဲ့သည်။ မြေပဲစိုက်ဧရိယာသည် ယခင်နှစ်တွင် ဟက်တာ ၂.၂ သန်းမှ ယခုနှစ် တွင် ၂.၀၇ သန်း သို့ လျော့နည်းခဲ့သည်။ ပဲပုပ်စိုက်ဧရိယာမှာ ယခင်နှစ်တွင် ဟက်တာ ၂၇၇,၅၁၄ ရှိရာမှ ယခုနှစ်တွင် ဟက်တာ ၃၀၄,၄၈၈ သို့ မြင့်တက်ခဲ့သည်။

    ဝါစိုက်ဧရိယာသည် ယခင်နှစ်တွင် ဟက်တာ ၂.၀၈ သန်း ရှိရာမှ ယခုနှစ်တွင် ဟက်တာ ၂.၁၅ သန်းသို့ မြင့်တက်ခဲ့သည်။ ဟင်းသီးဟင်းရွက်စုစုပေါင်းစိုက်ဧရိယာသည် ယခင်နှစ်တွင် ဟက်တာ ၂၆၂,၇၀၃ ရှိရာမှ ယခုနှစ်တွင် ၂၆၄,၆၅၄ သို့ တိုးမြင့်ခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြ ထားသည်။

    မိုးသီးနှံများကို အနောက်တောင်မုတ်သုံလေရာသီချိန်ဖြစ်သည့် ဇွန်လဝန်းကျင်တွင် စတင် စိုက်ပျိုးပြီး အောက်တိုဘာလဝန်းကျင်တွင် ရိတ်သိမ်းကြသည်။ အိန္ဒိယမိုးလေဝသဦးစီးဌာန၏ အချက်အလက်များအရ ဇွန်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ဂူဂျာရတ်ပြည်နယ်တွင် မိုးရေချိန် ၆၃၅.၁ မီလီမီတာ ရရှိခဲ့ပြီး အဆိုပါကာလအတွက် ပုံမှန်မိုးရေချိန်ဖြစ်သည့် ၆၈၂.၉ မီလီမီတာအောက် ၇ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း သိရှိရသည်။

Source: Informist, September 22, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)