(၆-၃-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းသည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကြက်ဆူကျင်း ကျေးရွာတွင်ကျင်းပသော “မူပိုင်ခွင့်မှသည် ကုန်သွယ်ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” အလုပ် ရုံဆွေးနွေးပွဲသို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ရှင်မတောင်သနပ်ခါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍရေရှည်ဖွံ့ဖြိုးရန်နှင့် အရည်အသွေးကောင်းမွန်စွာထုတ်လုပ်ရန် အသင်းအဖွဲ့များဖွဲ့စည်းစေ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ အသင်းအဖွဲ့အနေဖြင့် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ပါက စဉ်ဆက်မပြက် တိုးတက်မည် ဖြစ်ပါ ကြောင်း၊ ယခုအခါ ပြည်ပနိုင်ငံများက သနပ်ခါးကို ၎င်းတို့၏မူပိုင်အဖြစ် ပြောဆိုနေကြသည်ကို တွေ့ ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသထွက် သနပ်ခါးအား မူပိုင်ခွင့်ရရှိအောင် ဆောင်ရွက်သွားရန် လို အပ်ပါကြောင်း၊ သို့မှသာ ရေရှည်တည်တံ့ခိုင်မြဲစေမည် ဖြစ်ပါကြောင်း၊ ထုတ်ကုန်များ မူပိုင်ခွင့်ရရှိရေး ဆောင်ရွက်ကြရမည့်အချက်များနှင့်စပ်လျဉ်း၍ သိကောင်းစရာများအား မူပိုင်ခွင့်ဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ဆက်လက်ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ဆွေး နွေးပြောကြားခဲ့ပါသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ မူပိုင်ခွင့်ဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများနှင့် မူပိုင်ခွင့်ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်လှမိုးခိုင်က ရှင်မတောင်သနပ်ခါးနှင့် သနပ်ခါးထွက်ကုန်များ ပြည်ပဈေးကွက်အခြေအနေများကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဌေးက ရှင်မ တောင်သနပ်ခါး စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ် ဆေးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မြင့်မြင့်သိန်းက ရှင်မတောင်သနပ်ခါး တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းဆိုင်ရာများကို လည်းကောင်း၊ ပခုက္ကူခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦး စီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်နီလာဌေးက သနပ်ခါး comestic ပစ္စည်း ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ လိုက်နာရန်အချက်များကို လည်းကောင်း၊ ပခုက္ကူခရိုင် ရှင်မတောင်သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌက ရှင်မတောင်သနပ်ခါး၏ သမိုင်းစဉ်နှင့် ရှေ့ဆက်လက်ဆောင်ရွက် မည့် အစီအမံများကို လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးကြပါသည်။ ထို့နောက် တက်ရောက် လာသူများအား စားပွဲဝိုင်းများဖြင့် ဆွေးနွေးစေကာ ရှင်မတောင်သနပ်ခါး ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရှင်မတောင် သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူတောင်သူ၊ လုပ်ငန်းရှင်များသာမက မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ သိရှိနိုင် စေရန် ရေစကြိုဒေသရှိ ထန်းလျှက်မှုန့်လုပ်ငန်းရှင်များ၊ လျှော်ဖြူလုပ်ငန်းရှင်များပါ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။