Languages

Main menu

လယ်ယာထုန်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

နေပြည်တော်   -  ဇွန် ၂၅ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၁) နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပသည်။

               အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ယခင်နှစ်မှစ၍ တောင်သူ လယ်သမားအကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့်တင်ရေးဦးဆောင်အဖွဲ့ကို တင်ပြခဲ့ပြီး စပါးတင်း ၁၀၀ ကို ကျပ်ငါးသိန်း  သတ်မှတ်ထုတ်ပြန်ခဲ့ကြောင်း၊ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်နိမ့်ကျနေသော ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် စပါးဝယ်ယူရန်အတွက် လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၁၅ ဘီလီယံ သုံးစွဲဝယ်ယူခဲ့ပြီး တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျပ် ၁၅ ဘီလီယံမှ ကျပ် ခုနစ်ဘီလီယံ သုံးစွဲဝယ်ယူခဲ့ပြီး ဝယ်ယူလက်ခံထားသော ဆန်များထဲမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၈၀၀ နှင့် အခြေခံလူတန်းစားများကို ရောင်းချရန်အတွက် ဆန်တန်ချိန် ၈၀၀၀ အား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တစ်ဆင့် ရောင်းချပေးခဲ့ပါကြောင်း၊ ယခုနှစ်အတွက်  အခြေခံစပါးဈေးနှုန်းသတ်မှတ်ရန် ဝယ်ယူမည့်ပမာဏ၊ လိုအပ်မည့်ငွေ၊ တင်ဒါစနစ်ဖြင့် ဆန်ပြန်လည်လက်ခံရာတွင် ဆန်အရည်အသွေးပိုင်းအနေနှင့်ပတ်သက်ပြီး ဆွေးနွေး ပေးစေလိုကြောင်း၊ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအား ဖြစ်သင့်သည့်ဈေးနှုန်းကို တင်ပြစေလိုပါကြောင်း၊ လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူခဲ့ရာတွင် အခက်အခဲရှိသော်လည်း စပါးဈေးနှုန်း ငါးသိန်းအောက် မကျသည့်အတွက် အောင်မြင်သည်ဟု သုံးသပ်ရပါကြောင်း၊ ထို့အတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်းသတ်မှတ်ရန်ကိစ္စ၊ ဝယ်ယူမည့်ပမာဏ၊ လိုအပ်သည့်ငွေကြေးပမာဏ၊ တင်ဒါလက်ခံမည့် ဆန်အရည် အသွေးကိစ္စရပ်များကို ဆွေးနွေးပေးရန် ပြောကြားသည်။

               ယင်းနောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၊ စပါး၊ ဆန်ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ၊ ဆန်စပါးစျေး ကွက်နှင့် စျေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစပါးကုန်သည်များအသင်းတို့မှ တာဝန်ရှိ သူများက လုပ်ငန်းကဏ္ဍအလိုက် တင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန