Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၇၀ ရရှိခဲ့သည့် ကမ္ဘောဒီးယား

          ယခုနှစ်၏ ပထမလေးလတာကာလတွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာသန်း (၁၇၀) ပမာဏရှိသည့် ဆန်တန်ချိန် ၂၄၈၄၉၁တန်ကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းအဖွဲ့ချုပ်၏ (၈-၅-၂၀၂၄) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဧပြီလတစ်လတည်းတွင် ဆန်တန်ချိန် ၈၂၄၉၁တန်တင်ပို့ခဲ့ခြင်းမှ အမေရိကန်ဒေါ်လာ ၄၆.၆သန်းရရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံးဆန်တင်သွင်းသည့် နိုင်ငံဖြစ်ပြီး ယခုနှစ်၏ ပထမလေးလတွင် အမေရိကန်ဒေါ်လာ ၄၂.၂၈သန်းတန်ဖိုးရှိသည့် ဆန်တန်ချိန် ၆၇၄၅၇တန်ဝယ်ယူခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံသည် ဆန်တန်ချိန် ၁၀၅၇၉၉တန်ကို ဥရောပရှိ နိုင်ငံ ၂၆နိုင်ငံကိုတင်ပို့ခဲ့ပြီး ၅၇၇၆၆တန်ကို အာဆီယံဒေသရှိနိုင်ငံ ၇နိုင်ငံနှင့် ၂၁၄၆၉တန်ကို အခြားဒေသများသို့ တင်ပို့ခဲ့သည်ဟုသိရပါသည်။ တင်ပို့ခဲ့သည့် ဆန်များထဲတွင် ဆန်မွှေး၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များပါဝင်ပြီး ဆန်မွှေးတင်ပို့မှုမှ စုစုပေါင်းဆန်တင်ပို့မှု၏ ၇၃ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘောဒီးယားနိုင်ငံသည် မကြိတ်ခွဲရသေးသည့် ရိတ်သိမ်းပြီးသော စပါးတန်ချိန် ၁၂သန်းနှင့် ကြိတ်ခွဲပြီးသောဆန် ၇သန်းထုတ်လုပ်လျက်ရှိပြီး ပြည်တွင်းလိုအပ်ချက်၏ ၅၀ရာခိုင်နှုန်းပိုမိုကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးမွေးမြူရေးဝန်ကြီးဌာန၏ ပြည်ထောင်စုအတွင်းရေးမှူးက ပြောကြားခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်တို့၏ အနာဂတ်ရည်မှန်းချက်မှာ အစားအစာများဖူလုံစိတ်ချရမှုရှိရေးနှင့် လယ်သမားများကို ပံ့ပိုးပေးနိုင်ရန်အပြင် တည်ငြိမ်သေစီးပွားရေးနှင့် ပတ်ဝန်းကျင်ကိုဖန်တီးရန်ဖြစ်ကြောင်း ကမ္ဘောဒီးယားဆန်စပါးကဏ္ဍသည် နိုင်ငံတော်အစားအသောက်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစားအစာများထုတ်လုပ်ရာတွင် အောင်မြင်မှုရရှိရုံသာမက ကမ္ဘာ့အစားအစာဖူလုံစိတ်ချရမှုရှိစေရေးတွင်လည်း ပူးပေါင်းပါဝင်လျက်ရှိကြောင်း အတွင်းရေးမှူးက ဆက်လက်ပြောကြားခဲ့ပါသည်။ ၂၀၂၄ခုနှစ်၏ ပထမလေးလပတ်ကာလတွင် စပါးနှင့် ကြိတ်ခွဲပြီးသားဆန်များတင်ပို့မှုသည် ၂၀၂၃ခုနှစ်၊ ပထမလေးလပတ်ကာလထက် ၃၀ရာခိုင်နှုန်း တိုးတက်လာကြောင်းသိရပါသည်။

        ၂၀၁၅ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ ဆန်တန်ချိန် ၁သန်းတင်ပို့နိုင်ရန် ရည်မှန်းချက်ထားခဲ့သော်လည်း ဆယ်စုနှစ် ၁စုနီးပါးကြာသည့်အချိန်ထိ ရည်မှန်းချက်မအောင်မြင်သေးကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းချုပ်သည် ၂၀၂၅ခုနှစ်တွင် အနည်းဆုံးဆန်တန်ချိန် ၁သန်းတင်ပို့နိုင်ရန် ရည်မှန်းချက်ထားလျက်ရှိပါသည်။ လွန်ခဲ့သည့်လေးနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာဈေးကွက်သို့ တစ်နှစ်ကို ဆန်တန်ချိန် ၆သောင်းကျော် ပုံမှန်တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

Source : Khmar Times

DOCA(ရန်ကုန်)

တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုကို လွှမ်းမိုးထားသည့်ထိုင်းနိုင်ငံကို ဗီယက်နမ်နိုင်ငံစိန်ခေါ်လာ

       တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့သည့်နိုင်ငံများတွင် ထိပ်ဆုံးနေရာတွင်ရပ်တည်နေသည့် ထိုင်းနိုင်ငံသည် စိန်ခေါ်မှုများရင်ဆိုင်လာရသည်ဟု ဒူးရင်းသီးစျေးကွက်အရင်းအမြစ်အရ သိရပါသည်။ ယခုနှစ် ပထမသုံးလပတ်ကာလတွင် ဒူးရင်းသီးတန်ချိန်(၄၈၀၀၀) ကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့ပြီး အဆိုပါပမာဏထဲမှတန်ချိန်(၃၅၀၀၀)ကို ဗီယက်နမ်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ကာ ထိုင်းနိုင်ငံမှ တန်ချိန်(၁၃၀၀၀)ကိုသာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ရှင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရသိရပါသည်။ အဆိုပါဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံက တင်ပို့မှု (၄၈.၁)ရာခိုင်နှုန်းတိုးတက်လာပြီး ထိုင်းနိုင်ငံက (၅၉.၅)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံ၏ တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုကျဆင်းရခြင်းမှာ မိုးခေါင်ခြင်းနှင့် ရာသီဥတုပူပြင်းသောကြောင့် ထုတ်လုပ်မှကျဆင်းသောကြောင့်ဖြစ်သည်ဟုသိရပါသည်။ လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသည် ဒူးရင်းသီးတန်ချိန်(၁.၄၂)သန်းတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ (၉၂၈၆၄၄)တန်၊ ရာခိုင်နှုန်းအားဖြင့် (၆၅.၁၉)ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံထံမှ (၄၉၂၁၁၁)တန်၊ ရာခိုင်နှုန်းအားဖြင့် (၃၄.၅၅)ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံထံမှ (၃၇၇၀)တန်၊ ရာခိုင်နှုန်းအားဖြင့် (၀.၂၆)ရာခိုင်နှုန်းတင်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ တရုတ်နိုင်ငံဒူးရင်းသီးစားသုံးသူများ၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံတို့၏ ယှဥ်ပြိုင်မှုကိုရင်ဆိုင်နေရကြောင်းသိရပါသည်။ တရုတ်နိုင်ငံရှိ ဒူးရင်းသီးအဓိကတင်သွင်းသူတစ်ဦးက (၂၀၂၃)မတိုင်မီတွင် ကုမ္ပဏီသည် ထိုင်းနိုင်ငံထံမှသာ ဒူးရင်းသီးများတင်သွင်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်တွင်းစားသုံးသူများ၏ လိုအပ်ချက်မြင့်တက်လာမှုကြောင့် ထောက်ပံ့ရေးအရင်းအမြစ်များ တစ်နိုင်ငံမက လိုအပ်လာကြောင်း ရှင်ဟွာသတင်းဌာနကိုပြောကြားခဲ့ပါသည်။ တင်သွင်းသူတစ်ဦးကလည်း ဒူးရင်းသီးတင်သွင်းမှုမှာ ယခုအခါ ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံဟူ၍ နှစ်ပိုင်းကွဲသွားကြောင်း၊ ဗီယက်နမ်နိုင်ငံသည် သယ်ယူရသည့်လမ်းကြောင်းပိုမိုတိုတောင်းခြင်းနှင့် ကုန်ကျမှုနည်းပါးခြင်းကြောင့် ထိုင်းနိုင်ငံထက် အသာရကြောင်းနှင့် ထိုင်းနိုင်ငံသည် (၂၀၂၂)ခုနှစ်၊ စက်တင်ဘာမှစ၍ ၎င်းတို့၏စျေးကွက်ဝေစုလျော့ကျလာကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ယှဥ်ပြိုင်နိုင်စွမ်းကိုဆက်လက်ထိန်းသိမ်းရန် ၎င်းတို့တင်ပို့မည့်ဒူးရင်းသီးများ၏ အရည်အသွေး ထိမ်းချုပ်မှုအတိုင်းအတာများကို ဆက်လက်ထိန်းသိမ်းရန် ကြိုးစားသင့်ကြောင်းနှင့် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့‌ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်းသိရပါသည်။ နိုင်ငံတကာကုန်သွယ်ရေးမြှင့်တင်မှုဌာန၏ တရားဝင်ဖော်ပြချက်အရ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ထံမှ ဒူးရင်းသီးများကိုသာတင်သွင်းခွင့်ပြုကြောင်းသိရှိရပါသည်။

Source; Bangkok Post

DOCA(ရန်ကုန်)        

အိန္ဒိယ၏ စားအုန်းဆီတင်သွင်းမှု ယခုနှစ် ဧပြီလ၌ ၄၁% မြင့်တက်ခဲ့

     စားအုန်းဆီဈေးနှုန်းများ ကျဆင်းလာမှုအရ ပြန်လည်သန့်စင်သည့် စက်ရုံများ၏ ဝယ်ယူမှု များပြားလာသဖြင့် အိန္ဒိယနိုင်ငံ၏ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း စားအုန်းဆီတင်သွင်းမှုသည် ယခင် လကထက် ၄၁% မြင့်တက်လျက် သုံးလတာကာလ၌ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု ကုန်သည် လုပ်ငန်းရှင် ၅ ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

    ကမ္ဘာ့အကြီးဆုံး စားအုန်းဆီတင်သွင်းသည့် နိုင်ငံဖြစ်သော အိန္ဒိယ၏ ဝယ်ယူမှုမြင့်မားခြင်း က မလေးရှား စားအုန်းဆီကြိုရောင်းဈေးကွက်၌ စံပြုရောင်းဝယ်သည့် FCPOc3 အဆင့် စားအုန်း ဆီကြမ်း၏ ၃ လအတွင်း အနိမ့်ဆုံးဈေးနှုန်းသို့ ရောက်ရှိနေမှုကို တိုးတက်လာစေဖွယ်ရှိသည်။ အဆိုပါ ကုန်သည်များက အိန္ဒိယနိုင်ငံအနေဖြင့် ဧပြီလအတွင်း စားအုန်းဆီ တန်ချိန် ၆၈၂၀၀၀ တန် ခန့် တင်သွင်းခဲ့သည်ဟု ခန့်မှန်းထားကြသည်။

     စားသုံးဆီကုန်သွယ်မှုနှင့် ပွဲစားလုပ်ငန်းတစ်ခုဖြစ်သော GGN Research မှ စီမံခန့်ခွဲရေး မိတ်ဖက်ဆောင်ရွက်သူ Rajesh Patel က မကြာသေးမီကာလ၌ ဈေးနှုန်းများ ပြန်လည်ချိန်ညှိခဲ့မှု အရ စားအုန်းဆီသည် ပဲပုပ်ဆီနှင့် နေကြာဆီတို့ထက် ဝယ်ယူသူများအား ပိုမိုဆွဲဆောင်နိုင်မှု ရှိလာ ကြောင်း ပြောကြားခဲ့သည်။ ကုန်သည်များ၏ ပြောဆိုချက်အရ ဇွန်လတွင် အိန္ဒိယဆိပ်ကမ်း အရောက် တင်ပို့မည့် သင်္ဘောတင်စရိတ်၊ အာမခံကြေးနှင့် သယ်ယူပို့ဆောင်စရိတ်များ ပါဝင်သော CIF ဈေးနှုန်းသည် စားအုန်းဆီကြမ်းအတွက် ၁ တန်လျှင် ၉၂၀ အမေရိကန်ဒေါ်လာ (မလေးရှား ရင်းဂစ် ၄၃၈၄) ခန့်ရှိပြီး ပဲပုပ်ဆီကြမ်းနှင့် နေကြာဆီကြမ်းတို့မှာ ၁ တန်လျှင် ၉၂၀ ဒေါ်လာနှင့် ၉၄၅ ဒေါ်လာခန့် အသီးသီးရှိကြောင်း သိရှိရသည်။ လွန်ခဲ့သော ၁ လခန့်ကမူ စားအုန်းဆီကြမ်း၏ ဈေးနှုန်းသည် အဆိုပါ ပြိုင်ဘက် စားသုံးဆီများထက် ၁ တန်အပေါ်တွင် ဒေါ်လာ ၅၀ ခန့် ပိုမို မြင့်မားနေခဲ့သည်။

     ဝယ်ယူသူများအနေဖြင့် နေကြာဆီတင်သွင်းမှုကို လျှော့ချလျက် စားအုန်းဆီသို့ ပြောင်းလဲ ဝယ်ယူလာကြသဖြင့် အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုမှာ မေလတွင် တန်ချိန် ၇ သိန်းခန့်အထိ မြင့်တက်လာနိုင်သည်ဟု Sunvin Group စားသုံးဆီကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် Sandeep Bajoria က ပြောဆိုသည်။

     ဧပြီလအတွင်း အိန္ဒိယ၏ နေကြာဆီတင်သွင်းမှုမှာ တန်ချိန် ၂၃၃၀၀၀ ခန့်ရှိပြီး ယခင်လ ထက် ၄၈% ကျဆင်းခဲ့ကြောင်း၊ ပဲပုပ်ဆီတင်သွင်းမှုမှာမူ တန်ချိန် ၃၉၁၀၀၀ ရှိပြီး ၇၉% တိုးတက် လျက် ၁၀ လအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း၊ ပြန်လည်သန့်စင်ထုတ်လုပ်ရာတွင် အမြတ် အစွန်း ပိုမိုရရှိသဖြင့် ထိုကဲ့သို့ တင်သွင်းမှုမြင့်တက်ရခြင်းဖြစ်ကြောင်း၊ စားအုန်းဆီနှင့် ပဲပုပ်ဆီတို့ ကို တင်သွင်းမှုမြင့်မားခြင်းက အိန္ဒိယ၏ ဧပြီအတွက် စားသုံးဆီတင်သွင်းမှုကို ၁၃% တိုးတက် လျက် တန်ချိန် ၁.၃ သန်းအထိ ရောက်ရှိစေခဲ့ကြောင်း ကုန်သည်များက ပြောကြားခဲ့ကြသည်။

Source: The Edge Malaysia, 2 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗြိတိန်၏ သစ်တောဥပဒေသည် စားအုန်းဆီကုန်သွယ်မှုအပေါ် တရားမျှတမှုရှိရန် လိုအပ်ကြောင်း အင်ဒိုနီးရှားပြောဆို

     စားအုန်းဆီကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိစေမည့် ဗြိတိန်၏ သစ်တောကဏ္ဍအပေါ် ဆိုးကျိုး အန္တရာယ်ဖြစ်စေသည့်ကုန်ပစ္စည်းဆိုင်ရာ ဥပဒေ (Due Diligence Law) အား မျှတမှုရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး အင်ဒိုနီးရှားနိုင်ငံက ဗြိတိန်နိုင်ငံသို့ တောင်းဆို တိုက် တွန်းထားကြောင်း Antara News ဌာနက မေလ ၁ ရက်နေ့တွင် ဖော်ပြပါသည်။

    အင်ဒိုနီးရှား စီးပွားရေးရာညှိနှိုင်းရေး ဝန်ကြီး Mr. Airlangga Hartarto သည် ဗြိတိန်နိုင်ငံ၊ ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာ ဝန်ကြီး Mr. Richard Henry Ronald Benyon နှင့် ၃၀-၄-၂၀၂၄ ရက်၊ အင်္ဂါနေ့၌ လန်ဒန်မြို့တွင် တွေ့ဆုံစဉ် အဆိုပါတောင်းဆိုချက်ကို ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

     အဆိုပါ Due Diligence Law သည် ကုန်သွယ်မှုကို အဟန့်အတားဖြစ်စေခြင်း သို့မဟုတ် နိုင်ငံတစ်နိုင်ငံ၏ ထုတ်ကုန်ပစ္စည်းအပေါ် ခွဲခြားဆက်ဆံခြင်းတို့ ပြုလုပ်ခြင်းမပြုစေလိုကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရေရှည်တည်တံ့သော ဘက်စုံကုန်သွယ်မှုစနစ်ကို တည်ဆောက်ပိုင်ခွင့်ရှိ ကြောင်း၊ ဗြိတိသျှအစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု၊ ခွဲခြားဆက်ဆံမှု ကင်းရှင်းရေးနှင့် နိုင်ငံစုံ ကုန်သွယ်မှု စည်းမျဉ်းများနှင့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာမည်ဟု မျှော်လင့်ကြောင်း ၁-၅-၂၀၂၄ ရက်၊ ဗုဒ္ဓဟူးနေ့၌ ထုတ်ပြန်ခဲ့သည့် အင်ဒိုနီးရှား၊ စီးပွားရေးရေးရာညှိနှိုင်းရေးဝန်ကြီး Mr. Hartarto ၏ တိုက်တွန်းချက်တွင် ပါဝင်ကြောင်း သိရပါသည်။

      ဗြိတိန်နိုင်ငံ ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာဝန်ကြီး Mr. Benyon ၏ ပြောကြားချက်မှာ ဗြိတိန်အစိုးရသည် မိတ်ဖက်နိုင်ငံများရှိ စံချိန်စံညွှန်းများနှင့် အသိအမှတ်ပြုလက်မှတ်များကို ထည့်သွင်းစဉ်းစားလျက်ရှိပြီး တိကျသေချာသောနည်းဥပဒေများဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းအတွက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းကို အသုံးပြုမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ စံနှုန်းများတွင် အင်ဒိုနီးရှား၏ စဉ်ဆက်မပြတ်စားအုန်းဆီ ထုတ်လုပ်ရေးစနစ် (ISPO) နှင့် စဉ်ဆက်မပြတ် စားအုန်းဆီဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးချက် (RSPO) တို့ပါဝင်ကြောင်း၊ အင်ဒိုနီးရှား၏ ဆီအုန်းစိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသည့် လုပ်ကွက်ငယ်တောင်သူမျာ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်များအပေါ် ဗြိတိန်အစိုးရအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း ဖော်ပြပါရှိပါ သည်။

     ဗြိတိန်နိုင်ငံ ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုင်ရာဝန်ကြီး Mr. Benyon က သစ်တောကဏ္ဍအပေါ် ဆိုးကျိုးအန္တရာယ်ဖြစ်စေသည့်ကုန်ပစ္စည်းဆိုင်ရာနည်းဥပဒေကို အကောင်အထည်‌ ဖော်ဆောင်ရွက်ရာတွင် ဗြိတိန်သည် ဥရောပသမဂ္ဂနှင့် ကွဲပြားနေပြီး သစ်တောရေရှည်တည်တံ့မှုအတွက် ဆိုးကျိုးအန္တရာယ်မရှိဘဲ ရေရှည်တည်တံ့သော ထုတ်ကုန်များ ထောက်ပံ့ရေးကွင်းဆက်ကို အင်ဒိုနီးရှားနှင့် တည်ဆောက်လိုကြောင်း ပြောကြားခဲ့သည်။

     အင်ဒိုနီးရှား၊ စီးပွားရေးရာညှိနှိုင်းရေးဝန်ကြီး Mr. Hartarto သည် ဇီဝဒီဇယ် ထုတ်လုပ်ရေး (B40) အစီအစဉ်၊ ဒီရေတော စိုက်ခင်းနှင့် စွမ်းအင်အကူးအပြောင်း အရှိန်မြှင့်ခြင်း စသည့် အစီအမံ များမှတစ်ဆင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်ရာတွင် အင်ဒိုနီးရှား၏ တိုးတက်မှုကို အဆိုပါတွေ့ဆုံမှုအတွင်း မျှဝေခဲ့ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် ၎င်း၏ ခိုင်မာသော ကတိကဝတ်ပုံစံတစ်ခုအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသည် အဆင့်မြှင့်တင်ထားသည့် Nationally Determined Contributions (NDCs) စာတမ်းကို ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC) အတွင်းရေးမှူးရုံးသို့ တင်သွင်းခဲ့ကြောင်း၊ ဤစာတမ်း တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ၃၁.၈၉ ရာခိုင်နှုန်းကို ခြွင်းချက်မရှိ သို့မဟုတ် နိုင်ငံတကာ အကူအညီမပါပဲ ဖြတ်တောက်နိုင်ရန် ဦးတည်ဆောင်ရွက်နေသည်ကို ဖော်ပြထားကြောင်း သတင်း ရရှိပါသည်။

Source: Antara News, May 1, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဆန်အရောင်တင်ကြိတ်ဖွပ်မှုကို ဥပဒေဖြင့် တားမြစ်မည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြား

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်ကို အလွန်အကျွံ အရောင်တင်ကြိတ်ဖွပ်ခြင်းကြောင့် ဆန်၏ အာဟာရတန်ဖိုး လေလွင့်ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိရာ  ဆန်အရောင်တင်ကြိတ်ဖွပ်မှုကို တားမြစ်ရန် ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားရှိပြီး လာမည့် မိုးစပါးရာသီ (Aman season) မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း စားနပ်ရိက္ခာဝန်ကြီး Sadhan Chandra Majumder က ၂-၅-၂၀၂၄ ရက်၊ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်း Naogaon မြို့နယ်ရှိ အစိုးရဧည့်ရိပ်သာ (Circuit House) တွင် ကျင်းပသော နွေစပါး စုပေါင်းရောင်းချပွဲ အခမ်းအနား၌ စားနပ်ရိက္ခာဦးစီးဌာနမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံရာတွင် ဆန်ကို အလွန်အကျွံ အရောင်တင်ကြိတ်ဖွပ်ခြင်းကြောင့် ဆန်မက်ထရစ်တန်ချိန် ၁၆ သိန်းမှ သိန်း ၂၀ အထိ ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိကြောင်း၊ ဥပဒေတစ်ရပ်ရှိပါက အဆိုပါ မြောက်မြားစွာသော ဆန်များလေလွင့်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး စားသုံးသူများ အနေဖြင့် လည်း ဆန်ကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ အသင့်ထုပ်ပိုးရောင်းချသည့် ဆန်အိတ်များတွင် ဈေးနှုန်းကို တစ်ပါတည်းဖော်ပြရေး စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ မကြာမီ ကာလ၌ ဆန်အမျိုးအစားနှင့်ဈေးနှုန်း ရိုက်နှိပ်ဖော်ပြချက်ပါရှိသော ဆန်အိတ်များမှာ ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ အစိုးရ၏ စားနပ်ရိက္ခာ သိုလှောင်ရုံသို့ စပါးများပေးသွင်းချိန်တွင် မည်သည့်လယ်သမား သို့မဟုတ် ဆန်စက်ပိုင်ရှင် တစ်ဦးတစ်ယောက်မျှ နှောင့်ယှက်ခံရခြင်း မရှိ စေရအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊  နှောင့်ယှက်မှု  တစ်စုံတစ်ရာ ဖြစ်ပေါ်လာခြင်းအတွက် တိုင်ကြားလာပါက ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း Mr. Majumder က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

    အစိုးရ၏ စပါးဝယ်ယူရေး အောင်မြင်မှု ရှိ/မရှိ ဆိုသည့် မေးခွန်းကို ဖြေကြားရာတွင် စပါးဝယ်ယူရေးလုပ်ငန်း အောင်မြင်မှုမရရှိနိုင်သည့် အကြောင်းရင်းများကို ဖော်ထုတ်ရန် စီမံချက်များ ချမှတ် လုပ်ဆောင်ထားကြောင်း၊  ယခုနှစ် ဆန်စုဆောင်းမှုကဲ့သို့ စပါးဝယ်ယူစုဆောင်းမည်ဆိုပါက အောင်မြင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်မှုကြောင့် ဆန်စပါးထုတ်လုပ်မှုသည် အဆပေါင်းများစွာ တိုးတက်လာပြီး ယခင်နှစ်၌ ပြည်ပမှ ဆန်တင်သွင်းရခြင်း မရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း နွေစပါးအထွက်နှုန်း ကောင်းမွန်မှုရှိကြောင်းဖြင့် စားနပ်ရိက္ခာဝန်ကြီးက ပြောကြားခဲ့သည်။

Source: United News of Bangladesh, 2 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

 

ဆန်တန်ချိန် ၈ သန်း တင်ပို့ရန် လုံလောက်မှုရှိကြောင်း ဗီယက်နမ်ပြောကြား

      ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၄၃ သန်းအထိ ထုတ်လုပ်နိုင်မည်ဟု  မျှော်မှန်းထားပြီး ၎င်းပမာဏသည် ပြည်တွင်းစားသုံးမှုနှင့် ဆန်တန်ချိန် ၈ သန်းကျော်ရှိသော ပို့ကုန် ဝယ်လိုအားတို့အတွက် လုံလောက်မှုရှိကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

     ဗီယက်နမ်သည် ၂၀၂၄ ခုနှစ် ပထမ လေးလတွင် ပြည်ပသို့ ဆန်တန်ချိန် ၃.၂၃ သန်း တင်ပို့မှု မှ အမေရိကန်ဒေါ်လာ ၂.၀၈ ဘီလီယံရရှိခဲ့ရာ ယမန်နှစ်၏ အလားတူကာလ တင်ပို့မှုထက် တန်ဖိုး အားဖြင့် ၃၆.၅ ရာခိုင်နှုန်းနှင့် ကုန်ချိန်ပမာဏအားဖြင့် ၁၁.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယခုနှစ်အစပိုင်းမှစတင်၍ ဆန်ပို့ကုန်တန်ဖိုးမှာ မြင့်တက်လာခဲ့ရာ တစ်တန်လျှင် ၆၄၄ အမေရိကန် ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ၂၂.၂ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။

    မကြာသေးမီက မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ Can Tho မြို့၌ ကျင်းပသည့် ဆန်တင်ပို့မှု ဆိုင်ရာ ညီလာခံတစ်ရပ်တွင် အစီရင်ခံတင်ပြမှုများအရ အယ်လ်နီညိုနှင့် ရာသီဥတုဖောက်ပြန်မှု များကြောင့် ၂၀၂၃-၂၀၂၄ သီးနှံရာသီတွင် ကမ္ဘာ့ဆန်ထွက်ရှိမှုသည် တန်ချိန် ၅၁၈ သန်းခန့်သို့ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ စားသုံးမှုအတွက် လိုအပ်ချက်မှာ တန်ချိန် ၅၂၅ သန်းရှိ သဖြင့် ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံးသည် ဆန်တန်ချိန် ၇ သန်းခန့် ပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။

     အဆိုပါ အခြေအနေသည် ဗီယက်နမ်အပါအဝင် ဆန်တင်ပို့သူများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း၊ ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှု ရှိသည့်အပြင် တစ်ချိန်တည်းမှာပင် ကမ္ဘာ့ဈေးကွက်သို့ ဆန်တန်ချိန် ၈.၁၃ သန်း တင်ပို့ပေးနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံ၏ ဆန်စပါးထွက်ရှိမှု အကြီးမားဆုံးနှင့် အချက်အချာဖြစ်သည့် မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသတွင် တင်ပို့ရန် ဆန်ပမာဏ စုစုပေါင်းသည် ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၇.၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း Vietnam Plus သတင်းဌာနက ဖော်ပြထားသည်။

Source: Vietnam Plus, 2 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

၂၀၂၄ ခုနှစ် ပထမသုံးလ၌ ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှု ၁၉.၄% တိုးတက်

     ထိုင်းနိုင်ငံ၌ ဘတ်ငွေတန်ဖိုး အားနည်းလျက်ရှိခြင်းက ယခုနှစ် ပထမသုံးလပတ်အတွင်း ဆန်တင်ပို့မှုကို ယခင်နှစ်ကာလတူ၌တင်ပို့မှု တန်ချိန် ၂.၀၆ သန်းအပေါ် ၁၉.၄ ရာခိုင်နှုန်း တိုးတက် ပြီး ဆန်တန်ချိန် ၂.၄၆ သန်းအထိ ရောက်ရှိစေခဲ့ကြောင်း သိရသည်။

      ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ဆန်ပို့ကုန်တန်ဖိုးသည် ထိုင်းဘတ်ငွေ ၅၆.၇၃ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁.၆၁ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်၏ အလားတူကာလထက် ၄၉ ရာခိုင်နှုန်း တိုးတက်မှုရရှိမည်ဟု ထိုင်းဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ Charoen Laothamatas က ပြောကြားခဲ့သည်။ သို့သော် ဖေဖော်ဝါရီလတွင် ဘတ်ငွေ ၁၈.၅၃ ဘီလီယံတန်ဖိုးရှိသည့် ဆန်တန်ချိန် ၈၀၀၂၂၅ တန် တင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက မတ်လ၌ ဆန် တန်ချိန် ၇၁၆၆၁၉ တန်၊ တန်ဖိုးအားဖြင့် ဘတ်ငွေ ၁၇. ၃၃ ဘီလီယံသာ တင်ပို့နိုင်သဖြင့်  ၁၀.၄ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

    ဖေဖေါ်ဝါရီလတွင် ဟုန်မာလီဆန်မွှေး၊ ဆန်ကွဲနှင့် ပေါင်းဆန် တင်ပို့မှုသည် ဇန်နဝါရီလ ထက် လျော့နည်းခဲ့သည်။ အထူးသဖြင့် ထိုင်းပေါင်းဆန် တင်ပို့မှုမှာ ဝယ်လက်များထံမှ ဝယ်လိုအား ကျဆင်းမှုနှင့် အိန္ဒိယနိုင်ငံထံမှ စျေးနှုန်းသက်သာသော ပေါင်းဆန်များ ဝယ်ယူရရှိနိုင်မှုတို့ကြောင့် ကျဆင်းခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် တင်ပို့မှုသည် ၅၀ ရာခိုင်နှုန်းခန့် လျော့ကျမည်ဟု ခန့်မှန်းထား ကြောင်း သိရသည်။ ဟုန်မာလီဆန် တင်ပို့မှုသည် မတ်လတွင် ၁၀၉၄၄၈ တန်ရှိပြီး ဖေဖော်ဝါရီလ၌ တင်ပို့မှုအပေါ် ၄.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အဆိုပါဆန်များကို အမေရိကန်၊ ဟောင်ကောင်၊ စင်ကာပူ၊ ကနေဒါ၊ တရုတ်၊ ဗြိတိန်နှင့် သြစတြေးလျစသည့် အဓိက ဈေးကွက်များသို့ တင်ပို့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    ထိုင်းပို့ကုန်လုပ်ငန်းရှင်များသည် ဂျပန်နိုင်ငံ၊ အာဆီယံနိုင်ငံများ၊ အင်ဂိုလာ၊ မိုဇမ်ဘစ်နှင့် အိုင်ဗရီကို့စ် ကဲ့သို့သော အာဖရိကနိုင်ငံများနှင့် အီရတ်ကဲ့သို့သော အရှေ့အလယ်ပိုင်း ဒေသနိုင်ငံ များရှိ ဆန်ဝယ်ယူသူများနှင့် ချုပ်ဆိုထားသော အရောင်းအဝယ်စာချုပ်များကို ဖြည့်ဆည်းပေးရန် ကတိကဝတ်များ ရှိနေသဖြင့် ထိုင်းနိုင်ငံအနေဖြင့် ဧပြီလ၌ ဆန်အမျိုးအစား အားလုံးကို တန်ချိန် ၈ သိန်းခန့် တင်ပို့ဖွယ်ရှိသည်။

    ထိုင်းနိုင်ငံ၏ ဆန်ကွဲ ၅% ပါဝင်သောဆန်ဖြူ၏ တင်ပို့မှုဈေးနှုန်းမှာ တစ်တန်လျှင် ၅၉၉ အမေရိကန်ဒေါ်လာရှိပြီး အလားတူ ဗီယက်နမ်ဆန်သည် ၅၇၉ ဒေါ်လာမှ ၅၈၃ ဒေါ်လာအကြား နှင့် ပါကစ္စတန်ဆန်သည် ၅၇၈ ဒေါ်လာမှ ၅၈၂ ဒေါ်လာအကြား ဈေးနှုန်းများဖြစ်ပေါ်လျက်ရှိသည်။ ထိုင်းပေါင်းဆန်သည် တစ်တန်လျှင် ၆၀၂ အမေရိကန်ဒေါ်လာရှိပြီး အိန္ဒိယ၏  ပေါင်းဆန်သည် ၅၃၇ ဒေါ်လာမှ ၅၄၁ ဒေါ်လာ အကြားနှင့် ပါကစ္စတန် ပေါင်းဆန်သည် ၆၀၁ ဒေါ်လာမှ ၆၀၅ ဒေါ်လာအကြား ရှိသည်။

     ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း အိန္ဒိယနိုင်ငံသည် ဆန်တန်ချိန် ၄.၃ သန်း တင်ပို့မှုဖြင့် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူအဖြစ် ရပ်တည်နေပြီး ယမန်နှစ်၏ အလားတူကာလထက် ၂၈.၁ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ၎င်း၏နောက်တွင် ထိုင်းနိုင်ငံသည် တန်ချိန် ၂.၄၆ သန်း၊ ဗီယက်နမ် နိုင်ငံသည် တန်ချိန် ၂.၁၈ သန်းနှင့် ပါကစ္စတန်နိုင်ငံသည် တန်ချိန် ၁.၉၈ သန်းဖြင့် အဆိုပါကာလ အတွင်း ဆန်တင်ပို့မှု အများဆုံးနိုင်ငံများအဖြစ် ရပ်တည်ခဲ့ကြောင်း သိရပါသည်။

Source: Thai PBS World, 4 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဘာစမာတီမဟုတ်သောဆန် တင်ပို့ရာတွင် ဆန်ကွဲပါဝင်မှုရာခိုင်နှုန်း ပြင်ဆင်သတ်မှတ်ရန် အိန္ဒိယ အစိုးရ စီစဉ်

     အစားအသောက်ဈေးနှုန်းများမြင့်တက်နေမှုနှင့် ငွေကြေးဖောင်းပွမှုတို့ ဖြစ်ပေါ်နေမှုများကြောင့် အိန္ဒိယနိုင်ငံအစိုးရသည် ဘာစမာတီမဟုတ်သောဆန် ပြည်ပတင်ပို့ရာတွင် ဆန်ကွဲပါဝင်မှု ရာခိုင်နှုန်းကို လျော့နည်းသတ်မှတ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်မှုမှာ စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှု ဖြစ်ပေါ်နေမှု အရေးကိစ္စကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် ဆန်ရောင်းချမှု လုံလောက်စွာရရှိနိုင်ရန်တို့ အတွက် ဖြစ်ပါသည်။

     ၂ဝ၂၄ ခုနှစ် မတ်လတွင် စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှုမှာ အနည်းငယ် လျော့နည်း ကျဆင်းခဲ့သော်လည်း ဆန်ဈေးနှုန်းများမှာမူ ၁၂.၇ ရာခိုင်နှုန်းအထိ သိသာစွာ ဆက်လက် မြင့်တက် ခဲ့ပါသည်။ ဆန်လက်လီဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် ၄၄.၄ဝ ရူပီးသို့ မြင့်တက်ရောက်ရှိ ခဲ့ပြီး ယခင်နှစ် ကာလတူကထက် ၁၃.၁ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စားသုံးသူရေးရာဝန်ကြီး ဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။

    အဆိုပါအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနိုင်ငံအစိုးရသည် ဘာစမာတီ မဟုတ်သောဆန်နှင့် ပေါင်းဆန်တင်ပို့မှုတို့တွင် ဆန်ကွဲပါဝင်သည့်ရာခိုင်နှုန်းကို လက်ရှိ ၂၅ ရာခိုင် နှုန်းအစား ၅ ရာခိုင်နှုန်းသို့ လျှော့ချရန်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းဆန်ဈေးနှုန်းများကို တည်ငြိမ်စေပြီး ဆန်ရောင်းချမှုကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း အဆင့်မြင့်အရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံအစိုးရသည် ပြည်တွင်း တွင် ဆန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်း ဆောင် ရွက်ခဲ့ပြီး အဆိုပါနည်းလမ်းများအနက် ဘာရတ်ဆန် (Bharat rice) ခေါ် အစိုးရအထောက်အပံ့ဖြင့် ဆန်ထုပ်ပိုးရောင်းချမှုကို မိတ်ဆက်ဆောင်ရွက်ခြင်း၊ ကုန်သည်များလက်ဝယ်ရှိ ဆန်လက်ကျန် ထုတ်ဖော်ပြောဆိုမှုများကို တိုးတက်စေခြင်းနှင့် ပို့ကုန်ကန့်သတ်ခြင်းစသည့် ပါဝင်သည်။ ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း ဆန်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပါသည်။

      ပြည်ပကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနသည် ဆန်ပို့ကုန်အတွက် အရည်အသွေး သတ် မှတ်ချက်များကို ပြင်ဆင်ရန်အချက်များအား အဆိုပြုခဲ့သည်။ ဥပမာအားဖြင့် ပေါင်းဆန်၌ ဆန်ကွဲ ပါဝင်မှုကို လက်ရှိ ၁၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချခြင်းနှင့် ဘာစမာတီ မဟုတ်သောဆန် တွင် ဆန်ကွဲပါဝင်မှုကို ၂၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းသို့ လျှော့ချခြင်းတို့ ဖြစ်ပါသည်။ ဆန်တင်ပို့ ရာတွင် ဆန်ကွဲပါဝင်မှုရာခိုင်နှုန်း သတ်မှတ်ချက်သည် တင်သွင်းသည့်နိုင်ငံများ၏ လိုအပ်ချက်အရ ဆောင်ရွက်ရခြင်းဖြစ်ပြီး ဘာစမာတီမဟုတ်သောဆန်တွင် ဆန်ကွဲပါဝင်မှု ရာခိုင်နှုန်းကို အာဖရိက နိုင်ငံများက ၂၅ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံသည် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအတွင်း သတ်မှတ် ထားကြောင်း သိရှိရပါသည်။

     ဆန်ကွဲပါဝင်မှုရာခိုင်နှုန်းကို လျှော့ချသတ်မှတ်ခြင်းသည် ဆန်ဈေးနှုန်းများအပေါ် သိသာ ထင်ရှားသော အကျိုးသက်ရောက်မှုရှိမည်ဟု ခန့်မှန်းထားပါသည်။ ဆန်ကို လက်ငင်းရောင်းချသူ ကုန်သည်များ၏ ပြောဆိုချက်အရ လက်ရှိကာလတွင် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဘာစမာတီ မဟုတ်သောဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ရူပီး ၃၅ဝဝဝ နှင့် ဆန်ကွဲ ၂၅ ရာခိုင်နှုန်းပါဝင်သည့် ဘာစမာတီမဟုတ်သောဆန်ဈေးနှုန်းမှာ တစ်တန်လျှင် ရူပီး ၃ဝဝဝဝ ရှိကြောင်း သိရှိရပါသည်။ ပြည်ပတင်ပို့သောဆန်တွင် ဆန်ကွဲပါဝင်မှုရာခိုင်နှုန်းကို လျှော့ချလိုက်ခြင်းသည် ဆန်ဈေးနှုန်းများကို တည်ငြိမ်စေသည်သာမက အီသနောထုတ်လုပ်မှုကဲ့သို့သော ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် ဆန်များကို ပိုမိုရရှိလာစေပါသည်။ သို့ရာတွင် အဆိုပြုထားသော ပြုပြင်ပြောင်းလဲမှုများ သည် ဆန်တင်ပို့မှု လုပ်ငန်းတစ်ရပ်လုံးအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်သဖြင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများအပေါ် အကဲ ဖြတ်သုံးသပ်ရန် အစိုးရက တာဝန်ပေးခဲ့ပါသည်။ အကဲဖြတ်မှုပြီးစီးပါက သက်ဆိုင်ရာအာဏာပိုင် များက ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

       လက်ရှိကာလတွင် ဘာစမာတီမဟုတ်သော ဆန်တင်ပို့မှုကို ကန့်သတ်ထားပြီး အစိုးရချင်း ညှိနှိုင်းမှု (G to G) စနစ်ဖြင့်သာ တင်ပို့ခွင့်ပြုလျက်ရှိပြီး ပေါင်းဆန်တင်ပို့မှုကိုမူ ပို့ကုန်အခွန် ၂ဝ ရာခိုင်နှုန်း သတ်မှတ်ချက်ဖြင့် တင်ပို့ခွင့်ပြုထားပါသည်။ အိန္ဒိယအစိုးရသည် ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုကိုလည်း G to G စနစ်ဖြင့် ဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ ဆန်ပို့ကုန် ကန့်သတ်မှုများကို ဆောင်ရွက်ခဲ့ပြီး အစိုးရချင်း ညှိနှိုင်းမှုစနစ်ဖြင့် ဘာစမာတီမဟုတ်သောဆန် တန်ချိန် ၂ သန်းခန့်ကို တင်ပို့ခဲ့ပါသည်။

Source: Bharat Rice, 4 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့သို့ ဆန်ရောင်းဝယ်မှုလုပ်ကိုင်ခွင့် ပြန်လည်အပ်နှင်းရန် ဖိလစ်ပိုင် သမ္မတက သဘောတူ

      ဖိလစ်ပိုင်နိုင်ငံတွင် အမျိုးသားစားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့ (National Food Authority – NFA) အနေဖြင့် ဈေးကွက်များ၌ ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ပြန်လည်ရောင်းချခွင့် ရှိစေရေးအတွက်  အငြင်းပွားဖွယ်ရာ ဆန်စပါး အကောက်ခွန်နှုန်းထားသတ်မှတ်ခြင်း ဥပဒေ (Rice Tariffication Law - RTL) အား ပြင်ဆင်ရန် အရေးကြီးအဆိုပြုချက်အပေါ် သမ္မတ Ferdinand Macros Jr. က သဘောတူညီမှုပြုခဲ့ပါသည်။

     စားနပ်ရိက္ခာအာဏာပိုင်အဖွဲ့၏ မူလလုပ်ပိုင်ခွင့်ကို ပြန်လည်အသက်သွင်းရန်  အဆိုပါ RTL  ဥပဒေကို ပြောင်းလဲချိန်ညှိမှု လုပ်ဆောင်ခြင်းဖြင့် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်ခြင်းကို လျော့နည်းသက်သာစေမည်ဟု ဖိလစ်ပိုင်လွှတ်တော်ဥက္ကဋ္ဌ Martin Romualdez က ပြောကြားခဲ့ ပြီးနောက် ထိုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်သည်။ ၆-၅-၂၀၂၄ နေ့၌ သတင်းထောက်များနှင့် တွေ့ဆုံ ရာတွင် ဈေးနှုန်းများကို ကုန်သည်များက ယှဉ်ပြိုင်သတ်မှတ်ခြင်းဖြစ်ပြီး အစိုးရအနေဖြင့် ၎င်းကို ထိန်းချုပ်နိုင်မှု မရှိသဖြင့် ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေရခြင်းဖြစ်ကြောင်း၊ ၎င်းအချက် အရ ဆောလျင်စွာ အသိအမှတ်ပြုခြင်းကို လုပ်ဆောင်မှုမှာ သင့်လျော်မှုရှိသည်ဟု ယူဆကြောင်း သမ္မတ Marcos က ပြောကြားခဲ့ပါသည်။

      ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ ဆန်ဈေးနှုန်းဖောင်းပွမှု သည် ဖေဖော်ဝါရီလ၌ ၂၃.၇ ရာခိုင်နှုန်း ရှိရာမှ မတ်လတွင် ၂၄.၄ ရာခိုင်နှုန်းသို့မြင့်တက်ခဲ့ပြီး ၁၅ နှစ်တာအတွင်း အမြင့်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။ ဖိလစ်ပိုင်နိုင်ငံအတွင်း ယခင် ဆန်ဈေးနှုန်း ဖောင်းပွမှု အမြင့်ဆုံးသည် ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလတွင် ၂၄.၆ ရာခိုင်နှုန်းဖြင့် စံချိန်တင်ထားခဲ့ ခြင်းဖြစ်သည်။

      လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် RTL ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခြင်းဖြင့် လက်ရှိ ကာလ၌ ဆန် ၁ ကီလိုဂရမ်လျှင် ၄ဝ ပီဆိုမှ ၄၅/၅ဝ ပီဆိုနှုန်းအတွင်း ရှိရာမှ ဇွန်လတွင် ၃ဝ ပီဆိုနှုန်း အထိသို့ လျော့ကျစေရန် ရည်မှန်းထားသည်ဟု Mr. Romualdez က တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောဆိုခဲ့သည်။ အဆိုပါဥပဒေတွင် အဓိကအားဖြင့် အကောက်ခွန်နှုန်းထားများ၊ အခွန်နှုန်းထား များနှင့် NFA အာဏာပိုင်အဖွဲ့အား လယ်သမားများထံမှ ဆန်ဝယ်ယူရန် အခွင့်အာဏာပေးအပ်မှု တို့ကို ပြင်ဆင်ထည့်သွင်းရန် လွှတ်တော်၌ အဆိုပြုထားသည်။

      ဖိလစ်ပိုင်သမ္မတနိုင်ငံအက်ဥပဒေအမှတ် ၁၁၂ဝ၃ ဟု ခေါ်ဆိုသော ဆန်စပါး အကောက်ခွန် နှုန်းထားသတ်မှတ်သည့် RTL ဥပဒေကို ၂ဝ၁၉ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ဆန်တင်ပို့မှု၊ တင်သွင်းမှုနှင့် ကုန်သွယ်မှုများတွင် ဖြေလျှော့မှုများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဥပဒေအရ ပြည်ပနိုင်ငံများမှ ဈေးနှုန်းသက်သာသောဆန်များကို တင်သွင်းနိုင်ရေးအတွက် အကောက်ခွန်မဟုတ်သော သွင်း ကုန်ဆိုင်ရာ ကန့်သတ်ချက်များအစား အကောက်ခွန်များ စည်းကြပ်ကောက်ခံခြင်းကို အသုံးပြု ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ ဈေးနှုန်းချိုသာပြီး အရည်အသွေးနိမ့်ကျသည့်ဆန်များကို တင်သွင်းမှုမှာ ပြည်တွင်းလယ်သမားများ၏ဝင်ငွေကို ထိခိုက်နစ်နာမည်အရေး စိုးရိမ်မှုများဖြစ်ပေါ်မှုနှင့်အတူ ယခင်သမ္မတ Duterte လက်ထက်၌ ချမှတ်ကျင့်သုံးခဲ့သော အဆိုပါ ဈေးနှုန်းလျှော့ချရေး ယန္တရား စနစ်အပေါ် လယ်သမားအဖွဲ့အစည်းများက ကျယ်ပြန့်စွာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါသည်။

      ထို့အပြင် RTL ဥပဒေသည် ဆန်စပါးကဏ္ဍကို ထိန်းညှိဆောင်ရွက်နိုင်သည့် NFA အာဏာ ပိုင်အဖွဲ့၏ အခွင့်အာဏာကို ကွယ်ပျောက်စေခဲ့သည့်အပြင် NFA အရာရှိများအပေါ် အကျင့်ပျက်ခြစားမှုရှိသည်ဟူသော စွပ်စွဲမှုများကို တုံ့ပြန်သည့်အနေဖြင့် ဘေးအန္တရာယ်များအတွက်  အရန် စပါး သိုလှောင်ထားရှိသည့် လုပ်ငန်းရပ်ကိုလည်း လုပ်ဆောင်နိုင်မှုမရှိပဲ ကန့်သတ်မှု ဖြစ်ပေါ်စေခဲ့ပါသည်။

      Economic Think Tank IBON Foundation အဖွဲ့ကလည်း ယင်းဥပဒေသည် ဆန်ဈေးနှုန်း များကို လျော့နည်းအောင်ဆောင်ရွက်ရာတွင် ထိရောက်မှုမရှိကြောင်းနှင့် ဆန်ဈေးနှုန်း ဖောင်းပွမှု မှာ တရားဝင်ကိန်းဂဏန်းများအရ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ၌ ၄ ရာခိုင်နှုန်းခန့်ရှိရာမှ ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ၂၃.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဝေဖန်ထောက်ပြပြောကြားခဲ့ပါ သည်။ ထို့အပြင် အဆိုပါအဖွဲ့က ဆန်စပါးကဏ္ဍကို ဖြေလျှော့ဆောင်ရွက်ပေးမှုသည် လယ်သမား များ၏ဝင်ငွေကို ထိခိုက်နစ်နာစေခဲ့ကြောင်းနှင့် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ စာရင်းများအရ လယ်သမားများ၏ အသားတင်ဝင်ငွေမှာ ၂ဝ၁၈ ခုနှစ် ကိန်းဂဏန်းများနှင့်နှိုင်းယှဉ်ပါက ၂ဝ၁၉ ခုနှစ်အတွင်း ခြောက်သွေ့သော ရာသီကာလတွင် တစ်ဟက်တာလျှင် ၃၂ ရာခိုင်နှုန်း၊ စိုစွတ်သော ရာသီကာလ၌ ၄၇ ရာခိုင်နှုန်းနှင့် ပျှမ်းမျှအားဖြင့် ၃၈ ရာခိုင်နှုန်း လျော့နည်းကျဆင်းခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့ပါသည်။

Source: The Philippine Star, 6 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

ဗီယက်နမ်ဈေးကွက်၌ ကော်ဖီစေ့ဈေးနှုန်းများ ပြန်လည်ကျဆင်း

    ဗီယက်နမ်နိုင်ငံတွင် ကော်ဖီစေ့ တစ်ကီလိုဂရမ်လျှင် ၅.၁ အမေရိကန်ဒေါ်လာနှင့်ညီမျှသော ဗီယက်နမ်ဒေါင်ငွေ ၁၃၀၀၀၀ ကျော်အထိ ရောက်ရှိပြီးနောက် ပြည်တွင်းကော်ဖီဈေးနှုန်းများသည် မကြာသေးမီ ရက်များအတွင်း သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။

     ၆-၅-၂၀၂၄ ရက်နေ့၌ ကော်ဖီစေ့ဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၀၀၀၀၀ ခန့် ဈေးရှိနေပြီး တစ်ပတ်အတွင်း တစ်ကီလိုဂရမ်အပေါ် ဗီယက်နမ်ဒေါင် ၃၀၀၀၀ အထိ လျော့ကျသွားကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ကော်ဖီစိုက်ပျိုးရေး အချက်အချာနေရာ ဖြစ်သည့် ဗဟို ကုန်းပြင်မြင့်ပြည်နယ်များတွင် လက်ရှိကော်ဖီစေ့ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၀၀၀၀၀ ဝန်းကျင်ဖြစ်ကြောင်း သိရှိရသည်။

    လန်ဒန်နှင့် နယူးယောက် ကုန်စည်စတော့ဈေးကွက်များ အပါအဝင် ကမ္ဘာ့ဈေးကွက်တွင် ရောင်းချသည့် ကော်ဖီစေ့စျေးနှုန်းများ သိသာစွာကျဆင်းခဲ့သည်။ Intercontinental Exchange (ICE) တွင် ကော်ဖီစေ့ကုန်လက်ကျန်များ ပြန်လည်ကောင်းမွန်လာခြင်းသည် ရောင်းလိုအား ပတ်သက်၍ စိုးရိမ်မှုများကို ဖြေလျှော့ပေးခဲ့ပြီး ကော်ဖီစေ့စျေးနှုန်းများ ကျဆင်းစေခဲ့သည်။ မေလ ၃ ရက်နေ့ ကုန်သွယ်ရောင်းဝယ်မှုတွင် ဇူလိုင်လ၌ သင်္ဘောတင်ပေးပို့ရမည့် အာရေးဘီကာ ကော်ဖီ ဈေးနှုန်းသည် တစ်ပေါင်လျှင် ၂၀၀.၇၅ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး ၅.၃၅ ဆင့် တန်ဖိုးလျော့ကျခဲ့ ကြောင်း၊ ရိုဘတ်စတာကော်ဖီစေ့ဈေးနှုန်းသည် တစ်တန်လျှင် ၃၅၄၁ ဒေါ်လာနှုန်းသို့ ကျဆင်းပြီး တစ်တန်အပေါ် ၁၃၉ ဒေါ်လာ တန်ဖိုးကျဆင်းလျက် ယခင်လထက် အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း သိရှိ ရသည်။

      ကျွမ်းကျင်သူများ၏အဆိုအရ ဗီယက်နမ်ပြည်တွင်း၌ ကော်ဖီစေ့ဈေးနှုန်းများသည် မကြာသေးမီရက်များအတွင်း သိသိသာသာ ကျဆင်းလာခဲ့ပြီး ကမ္ဘာ့ကော်ဖီစေ့အရောင်း တိုးလာခြင်း ကြောင့် ယခင်လတွင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

     မကြာသေးမီက ကော်ဖီဈေးနှုန်းများ မြင့်တက်ရခြင်းမှာ အရောင်းကန့်သတ်ထားသည့်အတွက်ကြောင့်ဖြစ်ကြောင်း ဗဟိုကုန်းပြင်မြင့်ပြည်နယ်တစ်ခုဖြစ်သော Dak Lak ပြည်နယ်ရှိ ကော်ဖီတင်ပို့သည့် လုပ်ငန်းတစ်ခုက ပြောကြားခဲ့သည်။ ရောင်းလိုအားများလာသည့်အချိန်တွင် ကော်ဖီစျေးနှုန်းများ တည်ငြိမ်သွားလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံ၏ အဓိက ကော်ဖီစိုက်ပျိုးသည့်ဒေသများတွင် ယခင်သီတင်းပတ်က မိုးရွာသွန်းမှုက လာမည့်ရာသီ၌ သီးနှံထွက်ရှိနိုင်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများကို သက်သာစေခဲ့သည်။

     အင်ဒိုနီးရှားနှင့် ဘရာဇီး၌ လာမည့်ကော်ဖီသီးဆွတ်ခူးသည့်ရာသီတွင် ကော်ဖီစေ့ဈေးနှုန်း နှင့်စပ်လျဉ်း၍ ကြုံတွေ့နေရသည့် ဖိအားများအား လျှော့ချပေးနိုင်သည့် ရောင်းအားအသစ်များ ဖန်တီးပေးနိုင်လိမ့်မည်ဟု စီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့်ထားသည်။

      စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံသည် ကော်ဖီတန်ချိန် ၇၅၆၀၀၀ တင်ပို့နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ လေးလ ပတ်တွင် အမေရိကန်ဒေါ်လာ ၂.၅၇ ဘီလီယံနီးပါး ရရှိကာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၅.၄ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၅၇.၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရသည်။

Source: Vietnam News, 6 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ