Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

ပို့ဆောင်ရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်း

        မကွေးတိုင်းဒေသကြီး XXXXXXXX မြို့နေ၊ ဒေါ် XXXX သည်  XXXX မြို့ မှ XXXX ကျေးရွာသို့   XXXX ယာဉ်လိုင်းဖြင့် ယာဉ်စီး ကျပ်(၂၀၀၀)၊ တန်ဆာခ ကျပ်(၁၀၀၀)ပေး၍ စီးနင်းလိုက်ပါခဲ့ရာ XXXX အနီး၌ ဆင်းသွားခဲ့သော ခရီးသည်တစ်ဦးအား ၎င်း၏အိတ် (ဆာလာအိတ်ထုပ်) တန်ဖိုးအားဖြင့် (၁၅၇၅၀ဝိ/-) ကျပ်ကို ကားစပါယ်ယာက မှားယွင်းပေးလိုက်မိသောကြောင့် ယင်းပစ္စည်းထုပ်အား ပြန်လည်ရရှိရန် ဂိတ်သို့ အကြိမ်ကြိမ်ဖုန်းဆက်ပြောကြားခဲ့သော်လည်း တာဝန်ယူမှုမရှိသဖြင့် (၁-၄-၂၀၂၄)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာခဲ့ပါသည်။

        ဌာနအနေဖြင့် တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူထိခိုက်နစ်နာမှုရှိ/မရှိစိစစ်ခဲ့ပြီး (၂-၄-၂၀၂၄)ရက်နေ့တွင် တိုင်ကြားခံရသည့် ယာဉ်လိုင်းသို့ လာရောက်ညှိနှိုင်းဖြေရှင်းပေးနိုင်ရေး အကြောင်းကြားစာပေးပို့ခဲ့ပါသည်။ (၄-၄-၂၀၂၄)ရက်နေ့တွင်  ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းများကြီးရေးကော်မတီမှ တာဝန်ရှိသူများ၊ တိုင်ကြားသူ၊ တိုင်ကြားခံရသူတို့အား ညှိနှိုင်းရန်ခေါ်ယူခဲ့ရာ တိုင်ကြားသူက ယင်းနေ့တွင်ပင် ဖုန်းဖြင့်ဆက်သွယ်၍ တိုင်ကြားမှုနှင့်စပ်လျဉ်းပြီး ဆက်လက်ဆောင်ရွက်လိုခြင်းမရှိပါ၍ အမှုအားပိတ်သိမ်းပါကြောင်းပြောကြားလာခဲ့ပါသည်။ ဌာနအနေဖြင့် XXXX ယာဉ်လိုင်းမှ တာဝန်ရှိသူအား ကုန်စည်များသယ်ယူပို့ဆောင်ရာတွင် လမ်းခရီး၌ မမြင်နိုင်သော သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသော အခြေအနေတစ်ရပ်မှအပ ပစ္စည်းများပျောက်ဆုံးခြင်း၊ ပျက်ဆီးခြင်းမျိုးမဖြစ်ပေါ်စေရေးနှင့် သယ်ဆောင်လာသော ကုန်စည်များကိုလည်း ပစ္စည်းပို့ဆောင်သူ၏ ရှေ့မှောက်တွင် စနစ်တကျဖွင့်ဖောက်စစ်ဆေးပြီးမှသာ ကုန်စည်၏တန်ဖိုးကိုလိုက်၍ တန်ဆာခတောင်းခံကာ သယ်ဆောင်ခြင်းဝန်ဆောင်မှုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးရာတွင်လည်း တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၏ ဆက်သွယ်အကြောင်းကြားမှုအပေါ်တွင်လည်း ခြိမ်းခြောက်ခြင်း၊ မချေမငံဆက်ဆံခြင်းမျိုးများ နောက်နောင်မဖြစ်ပေါ်စေရေး ဝန်ခံကတိလက်မှတ်ရေးထိုးစေလျက် အမှုအား ပိတ်သိမ်းနိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

အရည်အသွေး မပြည့်မီသော ဓာတ်မြေဩဇာဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်မှု

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နေ၊ ဦးxxxxxx သည် xxxxx စိုက်ပျိုးရေးအရောင်းဆိုင်မှ ဓာတ်မြေဩဇာအား ဝယ်ခဲ့ရာ ယင်းမြေဩဇာများသည် ယခင်အသုံးပြုခဲ့သော ပစ္စည်းပုံသဏ္ဍာန်များကွဲလွဲမှုရှိခြင်း၊ အရောင်အသွေးကွဲလွဲမှုရှိခြင်းနှင့် အမဲရောင်လုံးများ ရောနှောနေခြင်းတို့ကို တွေ့ရှိရသဖြင့် ၎င်းကိုယ်တိုင် ဝယ်ယူသည့်ဆိုင်သို့ သွားရောက်၍ ယခင်သုံးစွဲခဲ့သော မြေဩဇာနှင့်မတူကွဲလွဲနေကြောင်း ပြောခဲ့မှုအပေါ် ရောင်းချသူမှ အဆိုပါ မြေဩဇာသည် နောက်ဆုံးထွက်မြေဩဇာဖြစ်သဖြင့် ယင်းကိုသာအသုံးပြုရန် ပြောကြားခဲ့ကြောင်းနှင့် အိတ်အသစ်ထပ်မံ ဝယ်ယူရန် ပိုက်ဆံမလုံလောက်သောကြောင့် ကုမ္ပဏီပစ္စည်းအစစ်ကိုသာလဲ ပေးရန်တောင်းဆိုခဲ့သော်လည်း လဲလှယ်ပေးခြင်းမရှိသည့်အတွက် နစ်နာမှုများရှိခဲ့ပါသောကြောင့် သတိပေးနိုင်ပါရန် လာရောက်တိုင်ကြားလာခဲ့ပါသည်။

      တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် တိုင်ကြားခံရသူအား ခေါ်ယူမေးမြန်းရာတွင် ဓာတ်မြေဩဇာများကို တဆင့်ဝယ်ယူရောင်းချခြင်းကြောင့် အရည်အသွေးပြည့်မီခြင်းမရှိသော မြေဩဇာများပါရှိလာသည်ကို မသိရှိပါကြောင်းနှင့် ဝယ်ယူသူ၏ ပြောကြားချက်များအရ အဆိုပါမြေဩဇာသည် အရည်အသွေးပြည့်မီခြင်းမရှိသည်ကို သိရှိရပါကြောင်း၊ နောင်အခါတွင် အရည်အသွေးပြည့်မီခြင်းမရှိသောမြေဩဇာများကို ရောင်းချခြင်း မပြုလုပ် တော့ပါကြောင်း ပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ (၃၀.၄.၂၀၂၄)ရက်နေ့တွင် တိုင်ကြားခံရသူအား ခေါ်ယူ၍  အရည်အသွေးပြည့်မီခြင်းမရှိသောမြေဩဇာများရောင်းချခြင်းကြောင့် တိုင်ကြားခံရမှုနှင့် ပတ်သက်၍ နောင်အခါတွင် ရောင်းချခြင်းမပြုလုပ်တော့ပါကြောင်းနှင့် တောင်သူများနစ်နာဆုံးရှုံးမှု မရှိစေရန် မှန်ကန်ပြီး အရည် အသွေးပြည့်ဝသော အာမခံချက်ရှိသည့် မြေဩဇာများကိုသာ ရောင်းချသွားမည်ဖြစ်ကြောင်းကို ခံဝန်လက်မှတ်ရေးထိုးစေခဲ့ကြောင်း၊        ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် တိုင်ကြားခံရသူ xxxx စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင် သည် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ဆ)ကို ဖောက်ဖျက်သည့်အတွက် စားသုံးသူကာကွယ်ရေးပုဒ်မ ၁၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၄)အရ လွှဲအပ်ထားသော အခွင့်အာဏာများ ကို ကျင့်သုံး၍  တိုင်ကြားခံရသူအား ပုဒ်မ၅၂၊ ပုဒ်မခွဲ(က)အရ နောင်အခါတွင် အရည်အသွေးပြည့်မီခြင်းမရှိသော မြေဩဇာများကို ရောင်းချခြင်းမပြုရန် သတိပေးအမိန့်ချမှတ်ပြီး တိုင်ကြားသူမှလည်း လက်ခံကျေနပ်သဖြင့် အမှုကို ပိတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

ခရီးဆောင်အိတ်ပြုတ်ကျခဲ့သည့်အပေါ် ယာဉ်လိုင်းမှ တာဝန်ခံမှု/ တာဝန်ယူမှု မရှိသည့်အတွက် တိုင်ကြားလာမှုနှင့်ပတ်သက်၍ ဖြေရှင်းပေးမှုအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေတိုင်ကြားသူသည် မော်တော်ယာဉ်လိုင်းတစ်ခုဖြင့် ကျောက်ပန်းတောင်းမြို့မှ မကွေးမြို့သို့ လိုက်ပါခဲ့ရာ ကားနောက်ဖုံးထဲ၌ တင်ဆောင်လာသော ကတ္တားခေါင်းတစ်ခု တန်ဖိုးငွေ ကျပ်(၁)သိန်းခန့်၊ Service ကဒ်(၂)ကဒ် တန်ဖိုးငွေကျပ် (၁)သိန်းခန့်၊ ပုဆိုးသစ်(၃)ကွင်း တန်ဖိုး ငွေကျပ်၂၁,၀၀၀/- ၊ ဝမ်းဆက် (၃)စုံ တန်ဖိုးငွေကျပ် ၃၁,၈၀၀/-၊ စောင်တစ်ထည်တန်ဖိုးငွေကျပ် ၁၀,၀၀၀/-၊ စုစုပေါင်းတန်ဖိုးငွေကျပ်၂၆၂,၈၀၀/-အပြင် ငွေသား (၄၃) သိန်းပါသော ခရီးဆောင်အိတ်မှာ ကားနောက်ဖုံးလှပ်၍ ပြုတ်ကျခဲ့ပါ သဖြင့် တိုင်ကြားသူမှ ယာဉ်မောင်းအား မည်ကဲ့သို့ တာဝန်ယူပေးမည်နည်းဟု မေးမြန်းခဲ့ရာ ယာဉ်မောင်းမှ ငွေသား(၄၃)သိန်း အိတ်ထဲပါလာသည်ကို  ခရီးသည်မှပြောကြားမှု မရှိသည့် အတွက် မသိရှိပါကြောင်း၊ တန်ဆာခလည်း ပေးချေထားခြင်းမရှိ၍ လျော်ကြေးပေးရန်မှာလည်း မဖြစ်နိုင်ပါကြောင်း ပြန်လည်ပြောကြားခဲ့သောကြောင့် ခရီးဆောင်အိတ်ပြုတ်ကျခဲ့သည့်အပေါ် ယာဉ်လိုင်းမှ တာဝန်ခံမှု/ တာဝန်ယူမှု မရှိသည့်အတွက် တိုင်ကြားခြင်းဖြစ် ပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက စိစစ်၍ အမြန်ယာဉ်အသင်းမှ တာဝန်ရှိသူအား အကြောင်းကြား ဆောင်ရွက်ခဲ့ပြီး ၂၂-၂-၂၀၂၄ ရက်နေ့တွင် တိုင်ကြားသူ၊ တိုင်ကြားခံရသူ၊ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ ယာဉ်လိုင်းကြီးကြပ်ရေး ကော်မတီတို့မှ တာဝန်ရှိသူများအား ဖိတ်ခေါ်၍ စေ့စပ်ညှိနှိုင်းခြင်းများ ဆောင် ရွက်ခဲ့မှုအရ ယာဉ်လိုင်းအနေဖြင့် ခရီးဆောင်အိတ်ပြုတ်ကျခဲ့မှုအပေါ် တာဝန်ရှိသည့်အတွက် ပစ္စည်းတန်ဖိုးငွေကျပ် ၂၆၂,၈၀၀/- အား တာဝန်ယူသွားမည်ဖြစ်သော်လည်း အိတ်ထဲတွင်ပါရှိ သည်ဆိုသော ငွေသား (၄၃)သိန်းမှာ ခရီးသည်မှ ကြိုတင် ပြောဆိုထားခြင်းမရှိသည့်အတွက် တာဝန်မယူနိုင်ပါကြောင်း၊ တိုင်ကြားသူမှလည်း ငွေသား (၄၃) သိန်းအား ပေးလျော်ရန် တောင်းဆိုခြင်းမပြုပါကြောင်း၊ ယာဉ်လိုင်းမှ တိုင်ကြားသူသို့ ငွေကျပ် ၂၆၀,၀၀၀/- အား ပေးလျော်သွားမည်ဖြစ်ကြောင်းကို တိုင်ကြားသူမှ သဘောတူလက်ခံခဲ့ပြီး ၂၆-၂-၂၀၂၄ ရက်နေ့တွင် ပေးလျော်သွားမည်ဖြစ်ကြောင်း ညှိနှိုင်းရရှိခဲ့ပါသည်။ သို့သော် တိုင်ကြားသူမှ ခရီးဆောင်အိတ် ပြုတ်ကျနေခဲ့ကြောင်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် Post တင်ခဲ့သည့် အတွက် ၂၅-၂-၂၀၂၄ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့၊ ဂိတ်ပေါင်းစုံ လက်မှတ်အရောင်း ဌာနခွဲမှ ခရီးဆောင်အိတ်ရထားကြောင်း တိုင်ကြားသူထံသို့ဆက်သွယ်လာသဖြင့် သွားရောက် ယူဆောင်၍ ပစ္စည်းများစစ်ဆေးရာ ငွေသား(၄၃)သိန်းနှင့်အတူ ပါရှိပစ္စည်းများ ပြန်လည်ရရှိ ကြောင်းကို တိုင်ကြားသူက စားသုံးသူရေးရာဦးစီးဌာနသို့ အကြောင်းကြားလာခဲ့ပါသည်။ ဦးစီးဌာနမှတာဝန်ရှိသူများကတိုင်ကြားခံရသည့် ယာဉ်လိုင်းအနေဖြင့်ပစ္စည်းတန်ဖိုးပေးလျော် ရန်မရှိသော်လည်း ခရီးဆောင်အိတ်ပြုတ်ကျခဲ့မှုအပေါ် တာဝန်ရှိသည့်အတွက် နောင်အလား တူဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား သေချာစွာ ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်၊ ဝန်ဆောင်ခရယူ၍ သယ်ယူပို့ဆောင်ရသည့် ကုန်စည်များ ပျောက်ဆုံးမှုမရှိစေရေး ဂရုပြုဆောင်ရွက်ရန် ခံဝန်ကတိပြုလက်မှတ်ရေးထိုးစေခဲ့ပြီး တိုင် ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

မော်တော်ယာဉ်လိုင်းတစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နေ တိုင်ကြားသူ သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ပြည်မြို့သို့ မော်တော်ယာဉ်လိုင်းတစ်ခုဖြင့် စီးနင်းလိုက်ပါလာ ခဲ့ရာ ပြည်မြို့သို့ရောက်ရှိချိန်တွင် ၎င်း၏ခရီးဆောင် အိတ်မပါရှိတော့သဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ပြည် ခရိုင်ဦးစီးမှူးရုံးသို့ စာဖြင့် တိုင်ကြားလာပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁-၂-၂၀၂၄ ရက်နေ့တွင် တိုင်ကြားခံရသည့် ကားဂိတ်မှ ယာဉ်မောင်း နှင့် ယာဉ်နောက် လိုက်တို့အား ခေါ်ယူဆွေးနွေးရာတွင် တိုင်ကြားသူသည် ၂၃-၁-၂၀၂၄ ရက်နေ့တွင် မိမိတို့ မော်တော်ယာဉ်ဖြင့် မော်လမြိုင်မြို့မှ ပြည်မြို့သို့ စီးနင်းလိုက်ပါခဲ့သည်မှာ မှန်ကန်ပါကြောင်း၊  တိုင်ကြားသူ၏  ခရီးဆောင်အိတ်အား သုံးဆယ်မြို့တွင် မှားယွင်း၍ ချထားပေးမိပါကြောင်း၊ တိုင်ကြားသူ ကျေနပ်သည်အထိ ဖြေရှင်းပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည့်အတွက်  တိုင်ကြားသူအား ခေါ်ယူဆွေးနွေးခဲ့ရာ တိုင်ကြားသူက ပျောက် ဆုံးသွားသော ခရီးဆောင်အိတ်နှင့် အိတ်အတွင်းပါရှိသော ဖုန်းနှင့်အခြားပစ္စည်းတို့၏ တန်ဖိုး သည် ၁၃ သိန်းခန့်ရှိပြီး ပစ္စည်းတန်ဖိုးထဲမှ ၈ သိန်းကျပ်ကို ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့မှ ပြန်လည်ပေးလျော်မည်ဆိုပါက ကျေနပ်မှုရှိကြောင်း၊ ၎င်း၏ ခရီးဆောင်အိတ်အား မူလအတိုင်းပြန်လည်ရရှိပါက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ထံ ငွေကျပ်(၈)သိန်း အား ပြန်လည်ပေးအပ်မည်ဖြစ်ပါကြောင်း ညှိနှိုင်းရရှိခဲ့ပါသည်။ ဆွေးနွေးညှိနှိုင်းချက်အရ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှ တိုင်ကြားသူသို့ ၁-၂-၂၀၂၄ ရက်နေ့တွင် ငွေကျပ် (၅) သိန်း၊  ၅-၂-၂၀၂၄ ရက်နေ့တွင် ငွေကျပ်(၃)သိန်း၊ စုစုပေါင်း ငွေကျပ်(၈)သိန်းကို  ပေးအပ်ခဲ့ သဖြင့် နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှုရရှိခဲ့ပြီး တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

ကန်ထရိုက်စနစ်ဖြင့်အဆောက်အဦးဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် RC နှစ်ထပ်အဆောက်အဦအား ကုန်ကျစရိတ်နှင့်လက်ခအပြီး ငွေကျပ်(၃၄၅)သိန်းဖြင့်  ကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးထံ စာချုပ်ချုပ်ဆိုအပ်နှံခဲ့ရာ စာချုပ်ချုပ်ဆိုသည့်နေ့တွင် ငွေကျပ် (၃၂၃) သိန်း ပေးချေခဲ့ပြီး ကျန်ငွေ (၂၂)သိန်းကို ၁၅-၇-၂၀၂၂ ရက်နေ့တွင် အပြီးပေးချေမည်ဖြစ်ကြောင်းနှင့် အဆောက်အဦအား ၅-၈-၂၀၂၃ ရက်နေ့အပြီး ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပြီး ကျန်ငွေ(၂၂)သိန်းပေးချေပြီးသော်လည်း ကန်ထရိုက်မှအဆောက်အဦအပ်နှံရာတွင် တံခါး(၇)ပေါက် တပ်ဆင်ပေးခြင်းမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန မိတ္ထီလာခရိုင်ဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၏ စေ့စပ်ညှိနှိုင်းပေးမှုအရ ကန်ထရိုက်လုပ်ငန်းရှင်မှ ၂၁-၁-၂၀၂၄ ရက်နေ့မတိုင်မီ တံခါးမကြီး(၃)ပေါက်အပြီးတပ်ဆင်ပေးရန်နှင့် အိပ်ခန်းတံခါးပေါက် (၄) ပေါက်အတွက် ကျသင့်ငွေကျပ် ၅၀၀,၀၀၀/- ကို နှစ်ဦးနှစ်ဖက် တစ်ဝက်စီကျခံသွားမည်ဖြစ်၍ ကန်ထရိုက်အနေဖြင့် ကျခံရမည့် ငွေကျပ် ၂၅၀,၀၀၀/- အား လုပ်ငန်းအပ်နှံသူထံသို့ ၂၀-၁-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် အကျေပေးချေမည်ဖြစ်ကြောင်း နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရှိခဲ့ပြီး သဘောတူညီချက်အတိုင်း ဆောင်ရွက်ပေးခဲ့သဖြင့် တိုင်ကြားသူမှ ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ကားရောင်းဝယ်ရေးကုမ္ပဏီတစ်ခု၏ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

    ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ကားရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုထံမှ အရစ်ကျ ဝယ်ယူထားသော မော်တော်ယာဉ် (သို့မဟုတ်) အရစ်ကျ ပေးသွင်းထားသောငွေများ ပြန်လည်ရယူလိုသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။

    ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ စုံစမ်းစစ်ဆေးရေးအရာရှိသည် တိုင်ကြားခံရသည့် ကုမ္ပဏီထံသို့ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက တိုင်ကြားသူသည် ဘဏ်တစ်ခုနှင့်ချိတ်ဆက်၍ KIA Rio မော်တော်ယာဉ်အား Deposit 10 % ပေးသွင်းဝယ်ယူခဲ့ပြီးနောက် ၇-၂-၂၀၁၉ ရက်နေ့တွင် ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့သည့်အတွက် အာမခံကုမ္ပဏီတစ်ခုမှတဆင့် ကားပြုပြင်ရေးဆိုင်သို့ ပြုပြင်ခဲ့ရာ (၆) လနီးပါးကြာမြင့်ခဲ့ကြောင်း၊ ၂၂-၈-၂၀၁၉ ရက်နေ့တွင် ၎င်းတို့၏ ကုမ္ပဏီသို့ မော်တော်ယာဉ်အား ပြန်လည်သိမ်းယူပေးရန်နှင့် ပေးသွင်းထားသော စရံငွေ(DP)များ ပြန်လည်ထုတ်ပေးရန် တောင်းဆိုခဲ့ပါကြောင်း၊ တိုင်ကြားသူမှဘဏ်သို့ လစဉ်အရစ်ကျငွေများ ပေးသွင်းရန်ပျက်ကွက်မှုများဖြစ်ပေါ်နေသဖြင့် တိုင်ကြားသူ၊ ချိတ်ဆက်ခဲ့သည့်ဘဏ်နှင့် တိုင်ကြားခံရသည့် ကားရောင်းဝယ်ရေးကုမ္ပဏီတို့ တွေ့ဆုံညှိနှိုင်းခဲ့ကြကြောင်း၊ တိုင်ကြားသူက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် ပျက်ကွက်ငွေများ ပေးသွင်းရမည်ဖြစ်သော်လည်း ပေးသွင်းမှုမရှိဘဲ ပျက်ကွက်နေကြောင်း၊ ကုမ္ပဏီအနေဖြင့် ကားပြင်နေစဉ် အစားထိုးမော်တော်ယာဉ် KIA Optima အား ငှားရမ်းခတောင်းယူခြင်းမရှိဘဲ အစားထိုးပေးထားခဲ့သော်လည်း တိုင်ကြားသူမှာ ဘဏ်သို့ပေးသွင်းရန်ပျက်ကွက်မှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့သဖြင့် ကုမ္ပဏီကတိုင်ကြားသူ၏ ပျက်ကွက်ငွေများအတွက် ဘဏ်သို့စိုက်ထုတ်ပေးသွင်းခဲ့ရသောကြောင့် အငှားဝယ် အရစ်ကျစနစ် စာချုပ်ပါ စည်းကမ်းချက်နှင့်အညီ မော်တော်ယာဉ်အား သိမ်းယူခဲ့ခြင်းဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် တိုင်ကြားသူနှင့်ညှိနှိုင်းရှင်းလင်းဆောင်ရွက်ပြီး ငွေကျပ် ၂၅၀၀,၀၀၀/- (ကျပ်နှစ် ဆယ့်ငါးသိန်းကျပ်တိတိ)ကို ၂၈-၁၂-၂၀၂၃ ရက်နေ့တွင် တိုင်ကြားသူသို့ လက်ရောက်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အကြောင်းပြန်ကြားလာခဲ့ပါသည်။ တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့်  စေ့စပ်ညှိနှိုင်းခြင်းနည်းလမ်းဖြင့် တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

အင်တာနက်ကုမ္ပဏီတစ်ခု၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ အင်တာနက်စာချုပ် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာမှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။

     ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသည့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ရှိသူများကို ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ခေါ်ယူ၍ နှစ်ဦးနှစ်ဖက် စေ့စပ်ညှိနှိုင်းပေးမှုများ ဆောင် ရွက်ခဲ့ရာ ပြေလည်မှုများ မရရှိခဲ့ကြသည့်အတွက် ကုမ္ပဏီမှ တာဝန်ရှိသူများအား ဒုတိယအကြိမ် ထပ်မံခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သော်လည်း ပြေလည်မှုမရရှိသောကြောင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးက ကုမ္ပဏီမှ တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင် ထားသည့်စက်အား ပြန်လည်ဖြုတ်သိမ်းသွားရန်နှင့် အင်တာနက်အသုံးပြုရန် (၃)လစာပေးဆောင်ထားသည့် ငွေကျပ် ၈၅,၅၀၀/-အား အပြည့်အဝ ပြန်လည်ပေးလျော်သွားရန် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်ကို ချမှတ်ခဲ့ပါသည်။ ဌာနမှစီမံခန့်ခွဲရေးဆိုင်ရာအမိန့် ချမှတ်ခဲ့မှုအပေါ် ကုမ္ပဏီအနေဖြင့် ဆောင်ရွက်ပေးရန် တိုင်ကြားသူထံဆက်သွယ်၍ ညှိနှိုင်းပြောကြားခဲ့သော်လည်း တိုင်ကြားသူမှ လက်ခံခြင်းမရှိသဖြင့် ထပ်မံညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ကုမ္ပဏီက တိုင်ကြားသူထံ တစ်နှစ်စာလျော်ကြေးငွေကျပ် ၃၄၂,၀၀၀/- အား ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်ကြားသူ၏နေအိမ်တွင် တပ်ဆင်ထားသည့် အင်တာနက်စက်ကို ပြန်လည်ဖြုတ်သိမ်းခဲ့ပါကြောင်း အကြောင်းပြန်ကြားလာခဲ့သဖြင့် တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့်  တိုင်ကြားမှုကို  ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

ခရီးဆောင်အိတ်မှားယွင်းချထားမှုနှင့်ပတ်သက်၍ တိုင်ကြားခြင်း

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နေတိုင်ကြားသူသည် (၂၃-၁-၂၀၂၄)ရက်နေ့တွင် မော်လမြိုင်မှ ပြည်မြို့သို့ ခရီးဆောင်အိတ်နှင့်အတူ စီးနင်းလိုက်ပါလာပြီး အင်းမမြို့အ‌ရောက်တွင် မိမိ၏ခရီးဆောင်အိတ်မရှိတော့ကြောင်းနှင့် လွဲမှားသွားကြောင်းသိခဲ့ရသဖြင့် စပယ်ယာအားမေးမြန်းရာတွင် သုံးဆယ်မြို့တွင် ဆင်းသည့်ခရီးသည်၏အိတ်နှင့် လွဲမှားပါသွားခဲ့ကြောင်းသိရပါသည်။ လွဲမှားသွားသည့်အိတ်ပြန်လည်ရရှိရေး ကားဒရိုင်ဘာ၊ စပယ်ယာတို့နှင့် မိမိဘာသာချိတ်ဆက်‌ဆောင်ရွက်ခဲ့ရာ ထူးခြားမှုမရှိသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးပါရန် ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ CICC သို့ ဆက်သွယ်တိုင်ကြားလာခဲ့ပါသည်။

     တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်ခရိုင်ဦးစီးမှူးနှင့် CICC မှ တာဝန်ရှိသူများသည် တိုင်ကြားသူ၊ တိုင်ကြားခံရသူယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား နှစ်ဦးနှစ်ဖက်ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ တိုင်ကြားသူ၏ ခရီးဆောင်အိတ်နှင့် ခရီးဆောင်အိတ်ထဲရှိ ပစ္စည်းတန်ဖိုးငွေ(၈)သိန်းကျပ်ကို  ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့က ပြန်လည်ပေးလျော်ရန်နှင့် တိုင်ကြားသူခရီးသည်၏ ခရီးဆောင်အိတ်အား ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့က မူလအခြေအနေအတိုင်း ပြန်လည်ပေးအပ်နိုင်မည်ဆိုပါက တိုင်ကြားသူသို့ပေးလျော်ခဲ့သည့် ငွေ(၈)သိန်းကျပ်အား တိုင်ကြားသူက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ပြန်လည်ပေးအပ်သွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကားဘော်ဒီရုံတစ်ခု၏ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

   ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် Toyota Crown (White Colour) အား ပြုပြင်ရန်အတွက် ကားဘော်ဒီရုံတစ်ခုတွင် အပ်နှံခဲ့ပါကြောင်း၊ ကားဘော်ဒီရုံမှ မော်တော်ယာဉ်၏ အနောက်ပိုင်းတစ်ခုလုံးအားဖြတ်၍ လဲလှယ်မှုဆောင်ရွက်ခဲ့သောကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာန Website Complaint System သို့ တိုင်ကြားလာပါသည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား  ဦးစီးမှူးရုံးသို့ ခေါ်ယူ၍ နှစ်ဦးနှစ်ဖက်စေ့စပ်ညှိနှိုင်းမှုများအရ တိုင်ကြားမှုဖြစ်ပွားခဲ့သည့် Toyota Crown ကားအမျိုးအစားအား တိုင်ကြားသူတောင်းဆိုသည့်အတိုင်း အဖြူရောင် (White Colour)ကို ရက်ပေါင်း (၉၀)အတွင်း အစားထိုးပေးအပ်နိုင်ရေး တိုင်ကြားခံရသည့် ကားဘော်ဒီရုံမှ ဆောင်ရွက်ပေးရန် နှစ်ဦးသဘောတူလက်ခံခဲ့ကြပါသည်။ သဘောတူညီချက်များအတိုင်း တိုင်ကြားခံရသည့် ကားဘော်ဒီရုံမှ မော်တော်ယာဉ်အမျိုးအစားနှင့် အရောင်ပါတူညီစေရန် အနီးစပ်ဆုံး ရှာဖွေ၍ တိုင်ကြားသူထံပြသခဲ့သော်လည်း သဘောကျလက်ခံမှုမရှိသဖြင့် အစားထိုး မော်တော်ယာဉ်ပေးအပ်မှုမှာ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပါသည်။ တိုင်ကြားမှုအား အမြန်ဆုံး ပြီးပြတ်စေရန်အလို့ငှာ တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့အား ၂၃-၁၁-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဒုတိယအကြိမ် ထပ်မံညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ရာတွင်  တိုင်ကြားမှုဖြစ်သည့် မော်တော်ယာဉ်အား ကျပ်သိန်း(၇၀၀)ဖြင့် တန်ဖိုးသင့်ညှိနှိုင်း၍ ကားဘော်ဒီရုံက ပေးချေဝယ်ယူသွားရန် နှစ်ဦးနှစ်ဖက်သဘော တူညီမှုများရရှိခဲ့ကြသဖြင့် တိုင်ကြားခံရသည့် ကားဘော်ဒီရုံမှ တိုင်ကြားသူသို့ တိုင်ကြားမှုဖြစ်ပွားခဲ့သော မော်တော်ယာဉ်အစား ငွေ ကျပ်သိန်း(၇၀၀) ပေးချေခဲ့ပြီး နှစ်ဦးနှစ်ဖက် ကျေအေးပြီးဖြစ်သောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

DOCA(စားသုံးသူရေးရာဌာနခွဲ)

 

မော်တော်ယာဉ်လိုင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူတစ်ဦးသည် မကွေးမြို့မှအောင်လံသို့ xxxx ယာဉ်လိုင်းဖြင့် ဆေးဆိုင်(၅)ဆိုင်သို့ ဆေးဂျပ်ဖာ (၅) ဖာအား တန်ဆာခ စုစုပေါင်း ငွေကျပ် ၂၃,၅၀ဝ/- ပေးချေပြီး ပေးပို့စေခဲ့ရာတွင် ဆိုင်(၄)ဆိုင်သို့ဂျပ်ဖာများ ရောက်ရှိသော်လည်း ဆေးဆိုင်(၁) ဆိုင်သို့ပေးပို့သည့် ဆေးဂျပ်ဖာ တန်ဖိုးငွေကျပ် ၆၃၀,၀၀ဝ/- မှာ ရောက်ရှိခဲ့ခြင်းမရှိသည့်အတွက် ဂိတ်မှတာဝန်ရှိသူသို့ ပြောကြားခဲ့ရာ လမ်းတွင်ကျပျောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားလာပါသည်။ ယာဉ်လိုင်းမှတာဝန်ရှိသူနှင့် သွားရောက်ညှိနှိုင်းခဲ့ရာ ငွေကျပ် ၄၀၀,၀၀ဝ/-သာ ပေးလျော်နိုင်မည်ဟု ပြောကြားခဲ့သည့်အတွက် ဆုံးရှုံးနစ်နာခဲ့သည့် တန်ဖိုးငွေအပေါ်တွင် ယာဉ်လိုင်းမှတာဝန်ယူမှု အပြည့်အဝမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင်ကြားလာပါ သည်။

   ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက  စားသုံးသူကာကွယ်ရေး ဥပဒေအရ စားသုံးသူထိခိုက်နစ်နာမှုရှိ/မရှိ စိစစ်ခဲ့ပြီး ၂၀-၁၁-၂၀၂၃ ရက်နေ့တွင် အမြန်ယာဉ်အသင်းမှ တာဝန်ရှိသူထံသို့ အကြောင်းကြားစာ ပေးပို့ဆောင်ရွက်ခဲ့ပါသည်။ ၂၂-၁၁-၂၀၂၃ ရက်နေ့တွင် တိုင်ကြားသူ၊ တိုင်ကြားခံရသူ၊ ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာန၊ ယာဉ်လိုင်းကြီးကြပ်ကွပ်ကဲရေးကော်မတီတို့မှ တာဝန်ရှိသူများအား ဖိတ်ခေါ်၍ စေ့စပ်ညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဦးစီးမှူးရုံး၏ စေ့စပ်ညှိနှိုင်းမှုအပေါ် ပြေလည်မှု မရရှိခဲ့သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မ ၂၇ တို့ကို လိုက်နာရန်ပျက်ကွက်သဖြင့် ပုဒ်မ ၅၂၊ ပုဒ်မခွဲ (က)အရ ၂၈-၁၁-၂၀၂၃ ရက်နေ့တွင် ဦးစီးမှူးရုံးမှ စီမံခန့်ခွဲရေးပြစ်ဒဏ်အဖြစ် xxxxမော်တော်ယာဉ်လိုင်းအား သတိပေးခြင်းပြစ်ဒဏ်နှင့် ငွေကျပ် ၅၀၀,၀၀ဝ/- ပေးလျော်စေရန် အမိန့်ချမှတ်ခဲ့ပါသည်။ ချမှတ်ခဲ့သည့်အမိန့်အပေါ် ၃၀-၁၁-၂၀၂၃ ရက်နေ့တွင် တိုင်ကြားခံရသည့်ယာဉ်လိုင်းမှ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန၊ ယာဉ်လိုင်းကြီးကြပ် ကွပ်ကဲရေးကော်မတီနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် တိုင်ကြားသူအား ငွေကျပ် ၅၀၀,၀၀ဝ/ ပေးလျော်ခဲ့သည့်အတွက်  တိုင်ကြားသူမှလည်း ကျေနပ်မှုရရှိသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

DOCA(စားသုံးသူရေးရာဌာနခွဲ)

 

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ