ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Mar 2024

      ၂၀၂၄ ခုနှစ် အစပိုင်းတွင် ပြည်ပမှဆန်တင်သွင်းမှုမှာ စံချိန်တင်မြင့်မားမှုရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်ပမာဏသည် ဖေဖော်ဝါရီလ၌ တစ်နှစ်ကျော်အတွင်း အနိမ့်ဆုံး အဆင့်သို့ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ (PSA) မှ နောက်ဆုံးထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ရှိ ဆန်လက်ကျန် စုစုပေါင်း သည် မက်ထရစ်တန်ချိန် ၁.၅၁ သန်း ရှိပြီး ယခင်နှစ်ကာလတူ၌ မှတ်တမ်းတင်ထားသည့် ဆန် တန်ချိန် ၁.၅၂ သန်းအောက် အနည်းငယ် လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။

25 Mar 2024

    အင်ဒိုနီးရှားနိုင်ငံ၌ အိဒ်ဘာသာရေးပွဲတော်မတိုင်မီ ဈေးကွက်လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် ၂၂၅၀၀ တင်သွင်းနိုင်ရန် အစိုးရက စီစဉ်လျက်ရှိကြောင်း အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) က ၁၈-၃-၂၀၂၄ နေ့တွင် ပြော ကြားခဲ့သည်။

25 Mar 2024

      အင်ဒိုနီးရှားနိုင်ငံရှိ အစိုးရဝယ်ယူရေးအေဂျင်စီဖြစ်သော Bulog အဖွဲ့သည် ဆန်တန်ချိန် ၃၀၀၀၀၀ ကို အင်ဒိုနီးရှားဆိပ်ကမ်းသို့ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့ အရောက် ဝယ်ယူတင်သွင်း နိုင်ရေး ကြိုးပမ်းလျက်ရှိဟု ဥရောပကုန်သည်များက ၂၀-၃-၂၀၂၄ နေ့တွင် ပြောဆိုခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

25 Mar 2024

      အိန္ဒိယနိုင်ငံ၌ ကုန်စည်အဝယ်ဒိုင်များတွင် ပဲစင်းငုံလက်ကားဈေးနှုန်းများသည် အခြေခံ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ချက်ဖြစ်သော ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၇၀၀၀ နှုန်း ထက် ၅၀% ခန့် ပိုမိုလျက်ရှိရာ အစိုးရ၏ ဝယ်ယူရေးအေဂျင်စီများအနေဖြင့် ပဲစင်းငုံ အရန်ရိက္ခာ တန်ချိန် ၁ သန်းကို ပြည့်မီစွာဖြင့် တောင်သူများထံမှ တိုက်ရိုက်ဝယ်ယူရရှိနိုင်ရေး အပြင်းအထန် အားထုတ်ကြိုးပမ်းနေရကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

25 Mar 2024

အရန်ရိက္ခာ လျော့ပါးလာမှုကို ဖြည့်ဆည်းရန်နှင့် ဈေးကွက်အတွင်း ဈေးနှုန်းများ တည်ငြိမ်စေရန် အားထုတ်မှုအဖြစ် အိန္ဒိယအစိုးရသည် တောင်သူများထံမှ ပဲစင်းငုံတန်ချိန် ၄ သိန်းနှင့် ပဲနီလေးတန်ချိန် ၂ သိန်းတို့ကို အနိမ့်ဆုံးထားရှိ အာမခံသည့် ဝယ်ယူရေးဈေးနှုန်း (minimum assured procurement price - MAPP) သို့မဟုတ် ပြောင်းလဲမှုရှိသော ကြားခံဝယ်ယူရေးဈေးနှုန်း (dynamic buffer procurement price - DBPP) တို့အနက် ပိုမိုမြင့်မားသည့် ဈေးနှုန်းဖြင့် ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း အိန္ဒိယ Mint သတင်းဌာနက ဖော်ပြထားပါသည်။

21 Mar 2024

     ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀မှတ်ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၄၄ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၉၉ဖြင့်လည်းကောင်း ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၆၃၃ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။

      ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၈၈ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၆၇ဖြင့် ဈေးအနည်းငယ်ကျဆင်းသွားပြီး ဆန်ကွဲစျေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။

21 Mar 2024

      မွန်ဘိုင်းဈေးကွက်ဖွင့်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၈၆၅၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ ကွမ်တယ် ၁၀၂၅၀ရူပီးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ မတ်လ ၁၁ရက်နေ့ အပိတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံနီမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရသည်။ (၁ကွမ်တယ်ဈေးဖြစ်ပြီး ၁၀၀ကီလိုဂရမ်နှင့်ညီမျှသည်)

20 Mar 2024

      မွန်ဘိုင်းဈေးကွက်ပိတ်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၈၇၅၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ကွမ်တယ် ၁၀၂၀၀ရူပီးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ မတ်လ ၁၃ရက်နေ့၏ အဖွင့်ဈေးနှင့်နှိုင်းယှဉ်ပါက မတ်ပဲ FAQ မှာ ၅၀ရူပီးဈေးနှုန်းမြင့်တက်လာပြီး ပဲစင်းငုံနီမှာ ၁၀၀ရူပီးဈေးနှုန်းကျဆင်းနေကြောင်းသိရှိရသည်။ (၁ကွမ်တယ်ဈေးဖြစ်ပြီး ၁၀၀ကီလိုဂရမ်နှင့်ညီမျှသည်)

19 Mar 2024

    ဥရောပသမဂ္ဂသို့ ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အင်ဒီကာအုပ်စုဝင်ဆန်များ တင်သွင်းမှု မြင့်တက်လာသဖြင့် ပြည်တွင်းလုပ်ငန်းကာကွယ်ရေး အစီအမံများကို ချမှတ်ကျင့်သုံးမည်ဟု ဥရောပကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

19 Mar 2024

    မလေးရှားစားအုန်းဆီဈေးကွက်၌ ကမ္ဘာ့ထိပ်တန်း ဝယ်လက်နိုင်ငံများ၏ ဝယ်လိုအား ကောင်းမွန်သည့်အတွက် ၂၀၂၄ ခုနှစ်တွင် အပေါင်းလက္ခဏာဆောင်မည့် ဈေးကွက်အခြေအနေ ဖြစ်ပေါ်နိုင်ကြောင်း၊ စားအုန်းဆီ တင်ပို့မှုဈေးကွက်ဝေစုတွင် အိန္ဒိယသည် ၁၇.၄%၊ တရုတ်သည် ၉.၁% နှင့် ဥရောပသမဂ္ဂ(EU)သည် ၇.၄% ပါဝင်နိုင်ကြောင်းဖြင့် မလေးရှား ဥယျာဉ်ခြံ စိုက်ခင်းနှင့် ကုန်စည်ရေးရာဝန်ကြီး Mr. Datuk Seri Johari Abdul Ghani က ပြောကြားခဲ့ပါသည်။

19 Mar 2024

    ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် မလေးရှားစားအုန်းဆီ လက်ကျန်အခြေအနေမှာ ယခင်လထက် ၅% ကျဆင်းခဲ့ပြီး ပမာဏအားဖြင့် တန်ချိန် ၁.၉၂ သန်းရှိရာ ၇ လတာ အတွင်း အနိမ့်ဆုံး ဖြစ်ပေါ်ခဲ့သည်ဟု ၁၁-၃-၂၀၂၄ ရက်နေ့တွင် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က သတင်းထုတ်ပြန်ခဲ့ကြောင်း မလေးရှားအခြေစိုက် The Star သတင်းဌာနက ဖော်ပြပါသည်။

19 Mar 2024

   ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာပြီး အရည်အသွေးမြင့်ဆန်ကို ဦးစားပေးမှုကြောင့် ယခုနှစ်တွင် အထူးသဖြင့် ငချိတ်ဆန်နှင့် ဆန်လုံးညိုတို့အား ဟောင်ကောင်နှင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု တိုးလာမည်ဟု ထိုင်းနိုင်ငံအနေဖြင့် မျှော်လင့်ထားကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ကျင်းပြည်နယ်တွင် ဖြန့်ဖြူးရေးစင်တာတစ်ခု တည်ထောင်လိုကြောင်း သိရှိရသည်။

Pages