မြန်မာ့သနပ်ခါး တန်ဖိုးထား ထိန်းသိမ်းကြစို့လား

Powered by Drupal
Wed, 05/24/2023 - 16:33 -- consumer_admin

     မြန်မာ့သနပ်ခါးသည် “သနပ်ခါး” ဟူသော စကားရပ်မှဆင်းသက်လာပြီး “သန” ဆိုသည်မှာ အညစ်အကြေးဟု အဓိပ္ပာယ်ရသည်။ “ခါး” ဆိုသည်မှာ စွန့်ထုတ်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတွက် သနပ်ခါးသည် မကောင်းသောအညစ်အကြေးများကို စွန့်ထုတ်ပေးသည့်အရာဟု သိရှိရပါသည်။ မြန်မာအမျိုးသမီးများသည် သနပ်ခါးကို လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀) ကျော်ကတည်းက လိမ်းကျံအလှချယ်သကြသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် မည်သည့်နေရာတွင် သွားသွား သနပ်ခါးလိမ်းကျံထားသော မျက်နှာများကို မြင်တွေ့နိုင်ခြင်းက သက်သေသာဓကပင် ဖြစ်ပါသည်။

     မြန်မာလူမျိုးများသည် မွေးကင်းစအရွယ်ကစ၍ အသက်အရွယ်မရွေး သနပ်ခါး လိမ်းကြပါသည်။ သနပ်ခါးကို နှစ်သက်ခြင်းသည် အလှအပလိမ်းစရာပစ္စည်းဖြစ်သည့်အပြင် သနပ်ခါး၏ ဆေးဖက်ဝင်သည့် အာနိသင်ဂုဏ်သတ္တိများကြောင့်လည်းဖြစ်ကြပါသည်။ မြန်မာသနပ်ခါးသည် ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိ၍ သနပ်ခါးကို လိမ်းလိုက်ရလျှင် စိတ်နှလုံးအေးချမ်းသကဲ့သို့  နေရောင်ခြည် အပူဒဏ်ကို ခံနိုင်သလို အရေပြားမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ တောင်ပေါ်မြေပြန့်မှ တိုင်းရင်းသူအမျိုးသမီးများသည် သနပ်ခါးကို အမြတ်တနိုးလိမ်းခြယ်ကြပါသည်။ အမျိုးသမီးများသာမက အမျိုးသားများပါ သနပ်ခါးကို အမြတ်တနိုး အသုံးပြုကြပါသည်။ ယခုခေတ်ပေါ် အနောက်တိုင်း အလှကုန်ပစ္စည်းများ အသုံးများ၍ ခေတ်စားနေစေကာမှု သနပ်ခါးနှင့်ကင်းနိုင်သူ အမျိုးသမီးအရေအတွက်မှာ အလွန့်အလွန်နည်းပါးလှပါသည်။ သနပ်ခါးသည် စိတ်ကြည်လင်လန်းဆန်းဖွယ်ရာ သင်းပျံ့သောရနံ့နှင့် ပြည့်စုံခြင်း၊ အသားအရေကို အေးမြစေခြင်း၊ ချောမွတ်စေခြင်း၊ သနပ်ခါး လိမ်းသူအား လှပစေခြင်းစသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံစေပါသည်။

သနပ်ခါးစိုက်ခင်းဖြစ်ပေါ်ပုံ

     သဘာဝအလေ့ကျပေါက်နေသော သနပ်ခါးများကို ၁၉၄၅ - ၁၉၄၆ ခုနှစ်လောက်ကစ၍ လှေများဖြင့် အောက်ပိုင်းဒေသများသို့ သွားရောက် ရောင်းချကြသည်ကို လေ့လာမှတ်သားရပါသည်။ ယင်းနောက်ပိုင်းနှစ်များတွင်လည်း အလေ့ကျပေါက်နေသော သနပ်ခါးများကို ရောင်းဝယ်ဖောက်ကားကြပါသည်။ ၁၉၇၅ ခုနှစ်လောက်ကစ၍ တောင်သူတို့သည် မိမိတို့၏ ယာခင်းတွင် ပေါက်နေသော သဘာဝသနပ်ခါးပင်များကို မြေဆွပေါင်းသင်ပြီး စိုက်ပျိုး၍ အပိုဝင်ငွေအဖြစ် ရောင်းဝယ်ကြပါသည်။ ရှင်မတောင်သနပ်ခါးမှာ အမျိုးသမီးများတွင်သာမက အမျိုးသားတော်တော်များများပါ နှစ်ခြိုက်စွာ အသုံးပြုကြသည့်အတွက် ဈေးကွက်တစ်ခုအဖြစ် ပေါ်ပေါက်ခဲ့ကြပါသည်။ ဈေးကွက်ကောင်းပြီး လူဦးရေ သုံးစွဲမှုမှာလည်းများပြားလာခဲ့ပါသည်။ တောင်သူများအနေဖြင့် မိမိယာခင်းထဲတွင် အလေ့ကျပေါက် သနပ်ခါးပင်များကို မြေလွတ်များတွင် မျိုးကူးစိုက်ခင်းအဖြစ် ၁၉၈၀-၁၉၈၁ ခုနှစ်မှစ၍ တွင်ကျယ်စွာ စိုက်ပျိုးလာကြပါသည်။ နှစ် ၈၀ ကျော် သဘာဝပေါက် သနပ်ခါးများမှာ ကျယ်ဝန်းသောဧကများဖြင့် ယနေ့ထက်ထိ အောင်မြင်နေသည်ကို တွေ့ရှိရပါသည်။

သနပ်ခါးပေါက်ရာဒေသများ

              သနပ်ခါးပင်ကို မြန်မာနိုင်ငံ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရှိရပါသည်။ မြန်မာ့သနပ်ခါးသည် အရည်အသွေးအကောင်းဆုံးဖြစ်ပါသည်။ သနပ်ခါးသည် မြန်မာနိုင်ငံအပူပိုင်း ဒေသများတွင် ဖြစ်ထွန်းအောင်မြင်သဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြရုံသာမက အိမ်ခြံဝန်းအတွင်းတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ သနပ်ခါးပင်သည် (၂၀/၃၀)ပေထိမြင့်သည့် အပင်လတ်မျိုးဖြစ်ပါသည်။ သနပ်ခါးစိုက်ပျိုးပြီး စိုက်ခင်းသစ် ပထမတစ်ကြိမ်ခုတ်၍ ရောင်းချပြီး သန်မာသည့်အသားတက်များ ဆက်လက်ထားရှိနိုင်သဖြင့် ဘိုးစဉ်ဘောင်ဆက်အဆင့်ဆင့် ခုတ်ယူရောင်ချပြီး ဝင်ငွေရသဖြင့် အပူပိုင်း ပဒေသာပင်ဟု တင်စားခေါ်ဆိုကြပါသည်။ သနပ်ခါးပင်များကို ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ဆိပ်ဖြူ၊ မြင်းခြံ၊ ပြည်၊ရွှေဘို၊ ကျောက်ကာ၊ စစ်ကိုင်း၊ မြင်းမူ၊ ကနီ စသည့် အပူပိုင်းဒေသများတွင် အများဆုံးတွေ့ရှိရပါသည်။ အချို့သော မြန်မာပြည်၏ အထက်ပိုင်းရှိ ရွက်ပြတ်တောခြောက်များမှာလည်း သနပ်ခါးပင်ကို တွေ့ရှိရပါသည်။

သင်းပျံ့ကျော်ကြားပခုက္ကူရှင်မတောင်သနပ်ခါး

              မြန်မာနိုင်ငံတွင် သနပ်ခါးကို အပူပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြရာ သနပ်ခါး အမျိုးအမည် များစွာရှိသည့်အနက် ရှင်မတောင်သနပ်ခါးကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ဧကပေါင်း (၄)သိန်းခန့် စိုက်ပျိုးကြောင်းသိရှိရသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်များတွင် သနပ်ခါးကို ဘိုးစဉ်ဘောင်ဆက်မှစ၍ ယခုချိန်ကာလအထိ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ပခုက္ကူခရိုင်တွင် သနပ်ခါးစိုက်ဧက (၁)သိန်းကျော်ခန့် စိုက်ပျိုးကြောင်း၊ ပခုက္ကူ သနပ်ခါးအသင်းမှ သိရှိရပါသည်။ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် သနပ်ခါးဈေးကွက်ကျဆင်း၍ သနပ်ခါးစိုက် တောင်သူအချို့သည် စိုက်ခင်းများအစား ဈေးကွက်ဝင် ဆေးကုလားမ လျှော်ဖြူနှင့် ကြယ်ပဲစိုက်ခင်းများကို အစားထိုးစိုက်ပျိုးကြ၍ သနပ်ခါးစိုက်ဧက လျော့နည်းသွားကြောင်း သိရှိရသည်။ ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် သနပ်ခါးစိုက်ပျိုးမှုအများဆုံးဖြစ်ပြီး ရှင်မတောင် သနပ်ခါးမျိုးကို အဓိကထား စိုက်ပျိုးကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ခုနှစ်တွင် သနပ်ခါးဈေးကွက် ပြန်လည်ကောင်းမွန်လာ၍ သနပ်ခါးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

              သနပ်ခါးဈေးကွက်အနေဖြင့် ပခုက္ကူမြို့သည် သနပ်ခါးများ ဆုံစည်းရာ စီးပွားရေးမြို့တော်ဖြစ်ပြီး ပခုက္ကူမြို့နှင့် ဆက်စပ်လျက်ရှိသော မြို့နယ်များမှထွက်ရှိသော သနပ်ခါးများဝင်ရောက် ဖောက်ကား အရောင်းအဝယ်ပြုလုပ်လျက်ရှိသည်။ နေ့စဉ်သနပ်ခါးအပင် (၁၀၀၀)၊ ပိဿာ(၄)သောင်းခန့် မြန်မာနိုင်ငံ နေရာအနှံ့အပြားသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ ပခုက္ကူဒေသထွက် ရှင်မတောင်သနပ်ခါးသည် အရည်အသွေး ကောင်းပြီး သင်းပျံ့မွှေးကြိုင်သော  ရနံ့ရှိ၍ ပခုက္ကူဒေသထွက် ရှင်မတောင်သနပ်ခါး ကို လူမျိုးဘာသာမရွေး ကြိုက်နှစ်သက်စွာ သုံးစွဲလျက်ရှိပါသည်။ မြန်မာ့သနပ်ခါး စနစ်တကျစိုက်ပျိုး ထုတ်လုပ်နိုင်ပြီး ပြည်သူများ သနပ်ခါး အစစ် သုံးစွဲမှု ရေရှည်တည်တံ့စေရန်အတွက် ပခုက္ကူခရိုင်အနေဖြင့် ရှင်မတောင်သနပ်ခါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ ဖွဲ့စည်းထားရှိကြောင်း သိရှိရပါသည်။

သနပ်ခါးစိုက်ပျိုးနည်း

              သနပ်ခါးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ကျောက်စရစ်မြေ၊ ရွံ့စေးမြေ၊ မြေနုမြေများမှလွဲ၍ ကျန်မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်ပါသည်။ ရာသီဥတုအခြေအနေနှင့် အပင်အခြေအနေပေါ် မူတည်၍ ပင်လုံးပျံ့ ပိုးသတ်ဆေး၊ ထိသေပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ကြိုတင်ကာကွယ်၍ ပက်ဖြန်း ပေးသင့်ပါသည်။ သနပ်ခါးပင်များသည် တပေါင်း၊ တန်ခူးလများတွင် ပွင့်ဖူးပြီး ဝါဆို၊ ဝါခေါင်လများတွင် အသီးများရင့်မှည့်ပြီး မျိုးအဖြစ် စတင်ခူးယူကာ သနပ်ခါးသီးများကို ရေတွင်စိမ်ပြီး ရေအောက်တွင် နစ်မြှုပ်နေသော သနပ်ခါးစေ့များကိုယူ၍ ပျိုးထောင်ပြီး စိုက်ပျိုးကြပါသည်။ ပျိုးထောင်ရာတွင် အိတ်ဖြင့် ပျိုး ထောင်ခြင်း၊ ပျိုးဘောင်လုပ်၍ ပျိုးထောင်ခြင်း နှစ်မျိုးရှိပါသည်။ ပျိုးထောင်ပြီး (၄၅)ရက်သားအကြာတွင် မြေတွင် စတင်ပြောင်းရွှေ့စိုက်ပျိုးပါသည်။ သီးညှပ်စိုက်ပျိုးလျှင် တန်းကြားပင်ကြား(၈ ပေ၊ ၅ ပေ) စိုက် ပျိုးပြီး သီးညှပ်အဖြစ် နှမ်း၊ ပဲစိမ်းငုံ၊ မြေပဲ၊ ပဲတီစိမ်းစသည့် သီးနှံများကို စိုက်ပျိုးကြရာ သီးညှပ် စိုက်ပျိုးခြင်းမပြုလျှင် တန်းကြားပင်ကြား (၄ ပေ၊ ၄ ပေ)ထား၍ စိုက်ပျိုးကြပါသည်။ တစ်ဧကစိုက်ပျိုးလျှင် ပျိုးပင်(၄၅၀/ ၅၀၀)ခန့် စိုက်ပျိုးဝင်ဆံ့ကြောင်း သိရှိရပါသည်။

သနပ်ခါးဈေးနှုန်းဈေးကွက်

              သနပ်ခါးဈေးကွက်အခြေအနေမှာ အပင်၏သက်တမ်း (၁၀)နှစ်အောက်ဆိုလျှင် ကျပ် (၁၀၀၀၀ မှ ၃၀၀၀၀) ခန့်ရှိကြောင်း၊ သက်တမ်း (၄၀/၅၀)နှစ်ဆိုလျှင် ကျပ်(၃၅)သိန်း မှ (၄၅) သိန်းထိ ရှိကြောင်း၊ စိုက်ခင်းပြတ်ဆိုလျှင် အပင်အရေအတွက်နှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း လေ့လာသိရှိရသည်။ သနပ်ခါးဈေးကွက်အခြေအနေမှာ တောင်သူအများစုသည် သက်တမ်းအနည်းဆုံး (၇)နှစ်ကျော်လျှင် စီးပွားဖြစ်သည့် သနပ်ခါးများကိုသာ ရွေးချယ်စိုက်ပျိုးကြသည်ကို သိရှိရသည်။

ဈေးကွက်အနေဖြင့် ကချင်ပြည်နယ်၊ ရန်ကုန်၊ ပြည်၊ ပုသိမ်၊ ပဲခူး၊ စစ်တွေ၊ တောင်ကုတ်၊ မကွေး မြို့များသို့ တင်ပို့လျက်ရှိသည်။ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ လေ့လာသိရှိ ရပါသည်။ ထို့အပြင် မူလသနပ်ခါးအား မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် သက်ဦးစံနှင့် အောင်သိဒ္ဓိသနပ်ခါး ရောင်းဝယ်ရေးလုပ်ငန်းမှ သနပ်ခါးကုန်ကြမ်းမှ ကုန်ချောအဖြစ်သို့ အလှကုန် အမျိုးမျိုးကို ပြန်လည်ပြုပြင်ထုတ်ပိုး၍ နိုင်ငံတကာဈေးကွက်သို့ ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။

မြန်မာ့သနပ်ခါးတန်ဖိုးထား

              မြန်မာ့သနပ်ခါးစိုက်ပျိုးရေးနှင့် သနပ်ခါးယဉ်ကျေးမှုတို့ကို လူငယ်များအကြား ဖြန့်ဝေပေးနိုင် ရန်အတွက် သနပ်ခါးပြတိုက်တစ်ခုကို ရွှေပြည်နန်းကုမ္ပဏီက တည်ထောင်ဖွင့်လှစ်ထားသည်ကို ညောင်ဦးမြို့တွင် တွေ့ရှိရပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အရေးပါသော သနပ်ခါးအား ရပ်ရွာလူ့ အဖွဲ့အစည်းက တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်မှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ သနပ်ခါးအများဆုံး စိုက်ပျိုးရာဒေသ မြို့နယ်များဖြစ်ကြသည့် အရာတော်၊ ရွှေဘို၊ မုံရွာ၊ ကျောက်ကာ၊ မြင်းမူ၊ ကနီ၊ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ ပေါက် စသည့်မြို့နယ်များမှ သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူများ၊ စစ်တွေ၊ လင်းခေးဒေသ များမှ သနပ်ခါးထုတ်လုပ်သူများ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်များမှ သနပ်ခါးကုမ္ပဏီများပါမကျန် သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအားလုံးပါဝင်သည့် မြန်မာနိုင်ငံ သနပ်ခါးအသင်းတည်ထောင် ခဲ့ပြီး သနပ်ခါးစိုက်ပျိုးထုတ်လုပ်ရေးကို စနစ်တကျတိုးတက်ဖွံ့ဖြိုးလာစေရန်၊ ပြည်သူများ သနပ်ခါး အစစ်သုံးစွဲနိုင်စေရန်၊ သနပ်ခါးအသုံးပြုမှု ရေရှည်တည်တံ့စေရန်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ သနပ်ခါးအသင်းကြီးမှ သနပ်ခါးကို မြတ်နိုးတန်ဖိုးထားလျက်ရှိရာ မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်းနိုင်စေရန် သနပ်ခါးလှပျိုမေပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်များ ကျင်းပခြင်း၊ သနပ်ခါးနေ့ အခမ်းအနား ကျင်းပခြင်း၊ တပို့တွဲလပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်အား ရည်စူး၍ သနပ်ခါးသားဖြင့် မီးပူဇော်သည်ကို အကြောင်းပြု၍ တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် မြန်မာနိုင်ငံ သနပ်ခါး အသင်းက သတ်မှတ်ပြီး သနပ်ခါးဆိုင်ရာ သိကောင်းစရာများ ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း၊ တန်ခိုးကြီးဘုရားများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအား လိမ်းကျံရန်အတွက် ဆေးသနပ်ခါးကျောက်ပြင်များ ထားရှိခြင်းနှင့် သနပ်ခါးဈေးရောင်း ပွဲတော်များ ကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

              မြန်မာ့သနပ်ခါးသည် မြန်မာလူမျိုးတို့၏ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလက်ဆင့်ကမ်းလာ ခဲ့ကြသည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပါသည်။ မြန်မာတစ်မျိုးသားလုံးအနေဖြင့် မြန်မာ့ သနပ်ခါး ကို တန်ဖိုးထားလျက် ပျောက်ကွယ်မသွားစေရန် နိုင်ငံတော်အစိုးရနှင့် ပြည်သူများ၊ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများက တစ်ဦးနှင့်တစ်ဦး လေးစားချစ်ခင်စွာဖြင့် ပူးပေါင်းဆောင်ရွက်၍ မြန်မာ့ သနပ်ခါးကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA (မကွေး)