စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်အနေဖြင့် ဌာန၏ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဖြစ်သည့် ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး ထုတ်လုပ်နေမှုအခြေအနေများကို စဉ်ဆက်မပြတ် လေ့လာ၍ အထက်အဆင့်ဌာနများသို့ တင်ပြဆောင်ရွက်လျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်မြို့နယ်အတွင်း နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၇၀)ဦးကျော်ရှိပြီး နွားအကောင်ရေ (၁၂၇၀)ကျော်ရှိကြောင်း သိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်မြို့နဝဒေးရပ်ကွက်ရှိ နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦး၏ နွားမွေးမြူရေးခြံသို့ သွားရောက်၍ နို့စားနွားမွေးမြူရေးလုပ်ငန်းနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့မှုအား ပြန်လည်တင်ဆက်ပေးရခြင်းဖြစ်သလို စာဖတ်ပရိတ်သတ်များထဲမှ နွားမွေးမြူရေးကို စိတ်ပါဝင်စားသူများ ပိုမိုလေ့လာနိုင်စေရန် ရည်ရွယ်၍ တင်ဆက်ရခြင်း ဖြစ်ပါ သည်။
လုပ်ငန်းရှင်မှ ၎င်း၏မွေးမြူရေးခြံတွင် ဖရီရှန်နွားမျိုး အထီး(၄)ကောင်နှင့် အမ(၂၄)ကောင် စုစုပေါင်း (၂၈)ကောင် မွေးမြူထားပြီး နို့ထွက်နွားမ (၁၀)ကောင်ရှိ၍ တစ်ရက်လျှင် နွားနို့ (၂၀)ပိဿာခန့် ထွက်ရှိကြောင်း သိရပါသည်။
နို့စားနွားမရွေးချယ်ခြင်း
နို့စားနွားမွေးမြူရေးလုပ်ငန်းတွင် အဓိကအရေးကြီးဆုံးအပိုင်းမှာ နို့စားနွားမရွေးချယ်ခြင်း ဖြစ်ပါသည်။ နို့စားနွားမတစ်ကောင်၏ ခန္ဓာကိုယ်သည် “သပ်” ပုံသဏ္ဍာန်ရှိရမည်။ နောက်ပိုင်းနှင့် နို့အုံ များ ကောင်းစွာဖွံ့ဖြိုးမှုရှိ/မရှိ ၊ နို့သီး၊ နို့တိုင်များဖြောင့်မတ်ပြီး နို့အုံ(၄)ခု အရွယ်ညီ၍ ပျော့ပျောင်း ရမည်။ နို့အုံရှိ သွေးကြောများ ကြီးမားဖွံ့ဖြိုးရမည်။ (၁၄)လလျှင် တစ်ကြိမ် သားမှန်မှန် ပေါက်ပြီး နို့ပေးသက်တမ်းရှည်ရပါမည်။ မျက်လုံးများကြည်လင် တောက်ပ၍ အစာများများ စားနိုင်ပြီး ဝမ်းခေါင်းနှင့်တင်ပါးဆုံကျယ်သော နွားမကိုရွေးချယ်ရမည်ဟု သိရပါသည်။
မွေးမြူရေးစနစ်များ
နို့စားနွားမွေးမြူရာတွင် လွှတ်ကျောင်းစနစ်၊ ခြံလှောင်စနစ်၊ လွှတ်ကျောင်းနှင့် ခြံလှောင်ပူးတွဲ စနစ်များရှိပြီးသူအနေဖြင့် လွှတ်ကျောင်းနှင့် ခြံလှောင်ပူးတွဲစနစ်ဖြင့် မွေးမြူနေကြောင်း သိရပါသည်။
မွေးမြူရေးခြံမြေနေရာရွေးချယ်ခြင်းနှင့် အဆောက်အဦ
မွေးမြူရေးခြံမြေနေရာရွေးချယ်ရာတွင် ရေမဝပ်သောနေရာ၊ ကုန်းမြင့်သောနေရာ၊ လူနေအိမ် နှင့် သီးခြားဖြစ်သော နေရာများတွင် ခြံအဆောက်အဦဆောက်လုပ်ရန် လိုအပ်ပါသည်။ နွား တစ်ကောင် အတွက် အလျား(၇)ပေ၊ အနံ(၄)ပေ၊ အမြင့်(၈)ပေ ကျယ်ဝန်းရန်လိုပါသည်။ အဆောက်အဦဆောက်လုပ်ရာတွင် နံနက်ခင်း နေရောင်ရရှိရန်နှင့် မွန်းလွဲနေမကျစေရန်၊ အပူဒဏ် ခံနိုင်ရန် ဓနိ/သက်ကယ်မိုးထားရန်၊ လေဝင်လေထွက်ကောင်းပြီး သန့်ရှင်းမှုပြုလုပ်ရန် လွယ်ကူ သောကြမ်းခင်းဖြစ်ရန် လိုအပ်မည်ဖြစ်ပါသည်။
နွားမမျိုးပွားမှု
နွားမဒန်းများကို အသက် (၁၆-၁၈)လတွင် ပထမသားစတင်နိုင်မှာဖြစ်ပါသည်။ နွားမများသည် (၂၁)ရက်ကြာလျှင်တစ်ကြိမ်မြိုင်ပေါ်ပြီး တစ်ကြိမ်လျှင် (၁)ရက်ခွဲမှ (၃)ရက်အထိ ကြာတတ်ပါသည်။ မြိုင်ပြီးဆုံးပြီးနောက် (၁၃)နာရီအကြာတွင် မျိုးဥကြွေပြီး (၁၂)နာရီ မှ (၂၄)နာရီအတွင်း သားစပ်နိုင်ပါသည်။ သားစပ်ပြီး (၂၁)ရက်ကြာ သားအောင်/ မအောင် စစ်ဆေးရမည်။ မြိုင်ပြန် ပေါ်လာလျှင် ဇီးမရှိသေးပါ။ သားစပ်ပြီး (၂)လအကြာတွင် ဇီးရရှိခြင်းကို စမ်းသပ် အတည်ပြုနိုင်ပါ သည်။
ကိုယ်ဝန်ဆောင်ခြင်း
နွားမများ၏ ပဋိသန္ဓေရက်မှာ ပျမ်းမျှရက် -၂၈၀ (၂၇၃-၂၉၄)ရက် ဖြစ်ပါသည်။ နို့ပေးနွားမ ဇီးရင့်ချိန်တွင်နို့ဖြတ်ရမည်။ ၎င်း၏ကိုယ်ဝန်ဆောင်ကာလ (၇)လခွဲတွင် နို့ညှစ်ခြင်းဖြတ်၍ နို့စမ်း ကာလပေးခြင်းဖြင့် နောက်တစ်သားတွင် မြင့်မားသောထုတ်လုပ်မှုရရှိရန် အလွန်အရေးကြီးပါသည် ။ ကျန်းမာရေးကောင်းမွန်သော နို့စားနွားမအား ကလေးမွေးဖွားပြီး (၄)ရက်အကြာ မြိုင်ပြန်ပေါ်ချိန်၌ သားစပ်လျှင် ဇီးပြန်ရရှိနိုင်သည်။ နို့လျှော့ကျချိန် မတိုင်မီ နွားမဇီးရရှိပြီး နောက်တစ်သားမွေး နိုင်ရန် စီမံထားရပါသည်။
မွေးဖွားကာနီး နွားမတွင်တွေ့ရသော လက္ခဏာများ
မွေးဖွားကာနီး နွားမတွင်တွေ့ရသော လက္ခဏာများမှာ အစာစားလိုစိတ်နည်းသွားခြင်း၊ လှဲလိုက်ထလိုက်ဖြင့် ဂဏှာမငြိမ်ဖြစ်ခြင်း၊ အမတန်ဆာကြီးထွားလာခြင်း၊ အချွဲများကျခြင်း၊ နို့အုံတွင် နို့များပြည့်တင်းလာခြင်း၊ မကြာခဏအော်မည်ခြင်း၊ ညှစ်ခြင်း စသည့် လက္ခဏာများ ပြတတ်ပါသည်။
မွေးဖွားလာသည့် နွားငယ်ပြုစုခြင်း
နွားငယ်၏ ပါးစပ်၊ နှာခေါင်းတို့တွင်ရှိသော အချွဲများဖယ်ရှားချက်ကြိုး အလွန်ရှည်နေပါက အရက်ပျံစိမ်ထားသော ကြိုးဖြင့်ချက်ကြိုးရင်းမှ (၃)လက်မခန့်ခွာချည်ပြီး ဖြတ်ပေးရပါမည်။ ရေမွှာ ပေါက်ပြီး သားမမွေးလျှင်လည်းကောင်းသားမွေးပြီး (၂၄)နာရီကျော်သည်အထိ အချင်းမကျ သေးလျှင်လည်းကောင်း၊ တိရိစ္ဆာန်ဆေးကုဆရာဝန်ထံ ဆက်သွယ်အကူအညီတောင်းရန် လိုအပ်မည် ဖြစ်ပါသည်။ နွားကလေး၏ ကိုယ်အလေးချိန် (၁၀)ပိဿာလျှင် နို့တစ်ပိဿာနှုန်းခန့် တိုက်ကျွေးရမည်ဖြစ်ပါသည်။
နွားမကြီးတစ်ကောင်အတွက် တစ်ရက်စာ
တစ်နေ့လျှင် နို့(၄)ပိဿာ ပေးသော နွားမတစ်ကောင်အတွက် အစာ (၃)ပိဿာနှုန်း ကျွေးရပါမည်။ နှမ်းဖက် ၂၅% ၊ ဖွဲနု ၂၅% ၊ ဆန်ကွဲ ၂၃% ၊ ပဲခွံ ၁၇% နှင့် ပဲခွံ(ပဲမှုန့်) ၁၀% စုစုပေါင်း (၁၀၀%) တို့အား ၁% အထိ ထည့်ကျွေးရန်လိုအပ်ပါသည်။ သောက်ရေအလုံအလောက်တိုက်ရန် နှင့် အစာကြမ်းကို တစ်နေ့လျှင် (၁၀-၁၂) ပိဿာခန့် ကျွေးရမည်ဟု သိရပါသည်။
DOCA(ပဲခူး)