ဤကမ္ဘာမြေသာယာဖို့ အမှိုက်များကို စနစ်တကျစွန့်ပစ်ကြပါစို့

Powered by Drupal
Mon, 06/12/2023 - 13:29 -- consumer_admin

       လူဦးရေထူထပ်သော မြို့များ(တစ်စတုရန်းမိုင်တွင် လူဦးရေ ၅၀၀ကျော်ရှိသော)နှင့် စက်မှု ဖွံ့ဖြိုးသောမြို့များတွင် စနစ်တကျ အမှိုက်စွန့်ပစ်ရန်လိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်များက လေ့လာသုံးသပ်ထားပါသည်။ အမှိုက်စွန့်ပစ်မှု စနစ်မကျ၍ ရင်နင့်ဖွယ်ဖြစ်ခဲ့ရပုံများကို ကမ္ဘာ့နိုင်ငံ များတွင် ကြုံတွေ့ခံစားခဲ့ကြရသည်။ မြေဆီလွှာ အရည်အသွေး ကျဆင်းခြင်း၊ စီးရေနှင့်မြေအောက် ရေ ညစ်ညမ်းခြင်း၊ လေကောင်းလေသန့် ဆုံးရှုံးခြင်း၊ ပင်လယ်နှင့် မြစ်ချောင်းများရှိ ရေနေသတ္တဝါ များ သေကြေပျက်စီးကြခြင်းတို့မှာလည်း အမှိုက်စွန့်ပစ် စီမံခန့်ခွဲမှု အားနည်းရခြင်း၏ ရလဒ်များ ဖြစ်သည်။ စီမံခန့်ခွဲမှုတွင် အမှိုက်ကိုစီမံခန့်ခွဲခြင်းနှင့် အမှိုက်စွန့်ပစ်မည့်နေရာကို စီမံခန့်ခွဲခြင်းဟူ၍ အပိုင်းနှစ်ပိုင်းရှိသည်။

      အမှိုက်ကိုစီမံခန့်ခွဲရာတွင် အမှိုက်အမျိုးအစား၊ အမှိုက်ထွက်ရှိရာဇစ်မြစ်နှင့် အမှိုက်၏ ထူးခြားသည့် ဂုဏ်သတ္တိများကို ဦးစွာသိထားရန် လိုအပ်သည်။ အမှိုက်သည် စိတ်ဝင်စားဖွယ် ကောင်းသော လျှို့ဝှက်ဆန်းကြယ်သော အရာဝတ္ထုတစ်ခုပင်ဖြစ်သည်။ အမှိုက်ကို အငွေ့၊ အရည်နှင့် အစိုင်အခဲအဖြစ်တွေ့နိုင်သည်။ အချို့အမှိုက်များက သက်တမ်းတိုသည်။ ရက်ပိုင်း၊ လပိုင်းနှင့် ဆွေးမြေ့ပျက်စီးသွားနိုင်ပြီး၊ နှစ်လများစွာကြာသည့်တိုင် အလွယ်တကူ မဆွေးမြေ့နိုင်သည့် အချို့ အမှိုက်များက ရေထဲ၊ လေထဲ၊ မြေဆီလွှာထဲ၊ ငါးများ၏ ခန္ဓာကိုယ်ထဲမှာ တွေ့နိုင်သည်။ အချို့ အမှိုက်များကို မြေဆီမြေဩဇာပြုလုပ်နိုင်ပြီး၊ အချို့အမှိုက်များကို နည်းပညာအသုံးပြု၍ ပစ္စည်း သစ် ပြန်လည်ထုတ်လုပ်နိုင်သည်။

     အမှိုက်ပြဿနာဖြေရှင်းရန်၊ အမှိုက်ဖြစ်ပေါ်မှု လျော့နည်းစေရန် ဆောင်ရွက်နိုင်သည့် နည်းလမ်းအမျိုးမျိုးရှိသည်။ ပစ္စည်းတစ်ခုကို အကြိမ်ကြိမ် သုံးသင့်သည်၊ ဟောင်းပြီဟူ၍ မပစ်သင့် ပါ။ ကျန်းမာရေးကဏ္ဍကလွဲပြီး တစ်ခါသုံးပစ္စည်းများကို မသုံးသင့်ပါ၊ အားမပေးသင့်ပါ။ တစ်ခါသုံး ပလပ်စတစ်အိတ်များအစား အကြိမ်ကြိမ်သုံးနိုင်သော ချည်အိတ်၊ ကြိမ်ခြင်းနှင့် ဆွဲခြင်းများကို အသုံးပြုသင့်သည်။ ဤနည်းကို ပြန်လည်အသုံးပြုခြင်း(Reuse)ဟုခေါ်သည်။ စက္ကူ၊ သံ၊ သံဖြူ၊ ပလပ်စတစ်နှင့် ဖန်ထည်ပစ္စည်း အဟောင်းများကိုစုစည်း၍ နည်းပညာအသုံးပြုပြီး ပြန်လည် ထုတ်လုပ်နိုင်သည်။ ဤနည်းကို ပြန်လည်ထုတ်လုပ်ခြင်း(Recycling)ဟုခေါ်သည်။ ထိုပစ္စည်း အဟောင်းအဝယ်ဆိုင်များသည် မြို့၊ ရွာတိုင်းမှာရှိသည်။ စစ်ကိုင်းမြို့တွင်လည်း ရပ်ကွက်တစ်ခုတွင် အဟောင်းပစ္စည်းများ ပြန်လည်ဝယ်ယူသည့်ဒိုင် (၂)ဆိုင်ခန့်ရှိသည်။ ဝယ်ယူရာတွင် နေရာအထိုင်ချ ၍ အချိန်အတွယ်ဖြင့် ဝယ်ယူသည့်စနစ်ရှိသလို ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဖြင့် ရပ်ကွက်အနှံ့ ဒေသအနှံ့ လိုက်လံဝယ်ယူကြသည်။ စွန့်ပစ်ပစ္စည်းများကို စည်ပင်သာယာမှ ရပ်ကွက် အလိုက်ချထားသည့် အမှိုက်ပုံးများတွင် လာရောက်စွန့်ပစ်သည့် အမှိုက်များမှ ပြန်လည်အသုံးချနိုင်သည့်ပစ္စည်းများကို ရွေးချယ်ကောက်ယူခြင်း၊ ရပ်ကွက်အလိုက် လမ်းများအလိုက် စွန့်ပစ်ပစ္စည်းများကို လိုက်လံကောက်ယူပြီး အဝယ်ဒိုင်များသို့ ပြန်လည်ရောင်းချသည့်သူများလည်းရှိသည်။

   စစ်ကိုင်းမြို့တွင် စွန့်ပစ်ပစ္စည်း ပြန်လည်ဝယ်ယူသည့် အဝယ်ဒိုင်(၂၀)ခန့်ရှိကြောင်း သိရ သည်။ ၎င်းအဝယ်ဒိုင်များမှ စွန့်ပစ်ပစ္စည်း ပြန်လည်ဝယ်ယူသည့် ပစ္စည်းဈေးနှုန်းများမှာ ဂျပ်စက္ကူ(လူသုံးကုန် ထုပ်ပိုးပစ္စည်း) တစ်ပိဿာ ကျပ်၄၀၀၊ သွပ်/သံ(ထူ၊ပါး) တစ်ပိဿာ ကျပ် ၁၂၀၀၊ ၁၀၀၀၊ ၇၀၀၊ ဖန်ပုလင်းမျိုးစုံ ကျပ် ၁၁၅၊ ၇၀၊ ၅၀၊၁၀၊ ကြေးတစ်ပိဿာ ကြေးနီ ကျပ်၂၇၀၀၀၊ ကြေးဝါ ကျပ် ၂၀၀၀၀၊ ဒန်တစ်ပိဿာ ကျပ် ၅၀၀၀၊ သတ္တုတစ်ပိဿာ ကျပ် ၆၅၀၀၊ ပလပ်စတစ် ရေသန့်ဗူးခွံ တစ်ပိဿာ ကျပ်၈၀၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

   မြန်မာနိုင်ငံရှိ အခြားမြို့ကြီးများတွင်လည်း စက်မှုကုန်ကြမ်းများကို အဟောင်းဝယ်ရောင်း ဆိုင်များမှ အလွယ်တကူ ရရှိကြသည်။ ထိုဆိုင်များ၏ ကုန်စည်စီးဆင်းမှုမှာ အံ့ဩလောက်အောင် ကောင်းမွန်ကြောင်း လေ့လာသိရှိရသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် များစွာအထောက်အကူပြုနေသော ပစ္စည်းဟောင်း ဝယ်ရောင်းဆိုင်များ၏ ရင်းနှီးမြှုပ်နှံသည့် ငွေပမာဏမှာ ကျပ်သိန်း၂၀ခန့်ဖြင့် စတင်နိုင်သည့်အတွက် ပစ္စည်းဟောင်းဝယ်ရောင်းဆိုင်များ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီသင့်သည်။

     မိသားစုများနှင့် ဈေးများမှ နေ့စဉ်ထုတ်လုပ်လျက်ရှိသော ဇီဝအမှိုက်များသည် အချိန်ကြာလျှင် သဘာဝအလျောက် ဆွေးမြေ့ပြီး မြေဩဇာအဖြစ်အသုံးပြုနိုင်သည်။ ဇီဝအမှိုက်များကို နည်း ပညာအသုံးပြုပြီး မြေဩဇာပြုလုပ်ခြင်းကို ရောစပ်ထားသည့်မြေဩဇာ(composting)ဟု ခေါ် သည်။ ဇီဝဓာတ်ငွေ့ကို ထုတ်ယူနိုင်သည်။ အချို့အမှိုက်များကို မီးရှို့ရှင်းလင်းသည်။ အချို့နိုင်ငံများတွင် အမှိုက်မီးရှို့စက်များသုံးသည်။ ခေတ်မီစက်များက လေထုညစ်ညမ်းစေသော ဓာတ်ငွေ့များကို ထိန်းချုပ်နိုင်သည်။ မီးမလောင်နိုင်သော ပစ္စည်းများကို ထုတ်ပေးနိုင်သည်။

       မည်သို့ပင်ဖြစ်စေ အမှိုက်များကို ရှောင်လွဲ၍ရမည်မဟုတ်ပါ။ သို့သော် အမှိုက်ကင်းစင်သော လူနေမှုစနစ် ဖြစ်ပေါ်လာနိုင်ရေးအတွက် ထုတ်လုပ်သူများနှင့် သုံးစွဲသူများက မလွဲမသွေ ဝိုင်းဝန်း ကြိုးပမ်းရမည့်မှာ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ ဤကမ္ဘာမြေ သာယာဖို့ အမှိုက်များကို နည်းစနစ်မှန်ကန်စွာဖြင့် စွန့်ပစ်၊ ပြန်လည်သုံးစွဲကြပါစို့ ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)