ဆယ့်နှစ်လရာသီပေါ် ကင်းပုံပင်၏အကျိုးကျေးဇူးများနှင့် အသုံးဝင်ပုံများ

Powered by Drupal
Thu, 06/15/2023 - 16:08 -- consumer_admin

   ကင်းပုံပင်ကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်တွေ့နိုင်ပြီး အလေ့ကျပေါက်ရောက်သော သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပါသည်။ “နွယ်မြက်သစ်ပင် ဆေးဖက်ဝင်” ဆိုသည့်စကားနှင့်အညီ နွယ်ပင်မျိုးနွယ်ဖြစ်သောကင်းပုံပင်သည် အပူပိုင်းစိုစွတ်သောဒေသတွင် ဖြစ်ထွန်းသောနှစ်ရှည်နွယ်ပင်တစ်မျိုးပင်ဖြစ်သည်။ တစ်နှစ်ပတ်လုံး စိုက်ပျိုးဖြစ်ထွန်းနိုင်သောအသီးပင်ဖြစ်ပါသည်။

   ကင်းပုံပင်သည် သဲဆန်သောနုန်းမြေတွင် အကောင်းဆုံးစိုက်ပျိုးဖြစ်ထွန်းနိုင်ပါသည်။ စိုက်ပျိုးသောအခါ စိုက်ပျိုးမည့်မြေကို ကောင်းစွာညှက်အောင် ထိုးမွှေ၍ဖြစ်စေ၊ ပေါင်းပင်များရှင်းလင်း၍ဖြစ်စေ ပြုလုပ်ပြီး ကောင်းစွာဆွေးမြေ့သည့်သဘာဝမြေဆွေးများအဖြစ် အသုံးပြုနိုင်ပါသည်။ ကင်းပုံပင်သည် ဖရုံသခွားမျိုးနွယ်ဝင်အပင်တစ်မျိုးဖြစ်သောကြောင့် ခြံစည်းရိုး၊ ခြုံပင်များနှင့်အိမ်အပြင်ခြံထဲများတွင် လွယ်ကူစွာပင် လျင်လျင်မြန်မြန်ကြီးထွားနိုင်ပါသည်။ ကင်းပုံသီးပင်အား တောင်အာဖရိက၊ မလေးရှား၊ အခြားအရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတို့၏ အပူပိုင်းဒေသများတွင်စိုက်ပျိုးကြပြီး အိန္ဒိယတွင်လည်း အများဆုံးစိုက်ပျိုးကြပါသည်။

    ကင်းပုံပင်ကို စိုက်ပျိုးရာတွင် အစေ့တိုင်စိုက်ပျိုးခြင်းနှင့် ပင်စည်ကိုဖြတ်၍ မျိုးပွားစိုက်ပျိုးခြင်းဟူ၍ (၂) မျိုးရှိသည်။ အစေ့ကိုစိုက်ပျိုးခြင်းသည် အပင်ဖြစ်ရန် တစ်နှစ်နီးပါး အချိန်ပေးရမည်ဖြစ်သည်။ ပင်စည်ကိုဖြတ်၍ မျိုးပွားစိုက်ပျိုးလျှင် ပင်စည်ပိုင်းဖြတ်ရာတွင် မမာလွန်း၊ မပျော့လွန်းသောပင်စည်ပိုင်းကိုယူရမည်။ ပင်စည်ကို လုံးပတ် တစ်လက်မခန့်နှင့် အရှည် ရှစ်လက်မဖြတ်၍ စိုက်ပျိုးနိုင်သည်။ ပင်စည်မျိုးပိုင်းတွင် အရွက် (၄) ရွက်မှ (၆) ရွက်ထိပါသင့်သည်။ စိုက်ပျိုးမည့်နေရာသည် (၄) ပေခန့်အကျယ်ရှိသောကျင်းတွင် အနက် (၂) လက်မခွဲခန့်တူးဆွ၍ ပင်စည်မျိုးပိုင်း (၃) ပိုင်းမှ (၄) ပိုင်းအထိမျိုးပွားစိုက်ပျိုးနိုင်ပါသည်။ မုတ်သုံမစခင်၊ မိုးရာသီမစခင်နှင့် နွေဦးအစတို့တွင် စတင်၍စိုက်ပျိုးသင့်ပါသည်။

    ကင်းပုံပင်တွင် အချိုမျိုးနှင့်အခါးမျိုးဟူ၍ နှစ်မျိုးရှိပါသည်။ အချိုမျိုးသည် အသီးနှင့်အရွက်နှစ်မျိုးစလုံးကို စားသုံးနိုင်ပါသည်။ ကင်းပုံသီးသည် (၁၂) လရာသီနီးပါးရရှိနိုင်သည့် အစားအစာ (၁) မျိုးလည်းဖြစ်သည်။ ကင်းပုံသီးကို ချက်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း၊ နှပ်၍သော်လည်းကောင်း စားသုံးကြသည်။ ကင်းပုံသီးကို သခွားသီးအငယ်စားဟုပင် တင်စား‌ခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သခွားသီးနှင့်တူသော်ကြောင့်ဖြစ်၍ အလုံးအကြီး/အသေးသာကွာပါသည်။ ကင်းပုံသီးသည် လုံး၍ရှည်မျောမျောပုံရှိပြီး နှစ်လက်မကျော်ခန့်ရှည်သည်။ အခွံမှာ ပြောင်ချော၍ အစိမ်းရောင်ပေါ်တွင် အဖြူစင်းများရှိ၏။ မှည့်သော်အခါ လိမ္မော်အနီရောင်ရှိသည်။ နွေရောမိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးပါသည်။

     ကင်းပုံအချိုသီး၏အရသာမှာ ချိုခြင်း၊ အေးခြင်း၊ ဖန်ခြင်း၊ စိမ့်ခြင်း၊ ငန်ခြင်းနှင့် သလိပ်ကိုဖြစ်စေသည်။ ကင်းပုံသီးကိုစားသုံးခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ လေနိုင်ခြင်း၊ နှုတ်မြိတ်စေခြင်း၊ လေရောဂါနှင့်ချောင်းဆိုးရောဂါများကိုသက်သာခြင်း၊ ဆီးချိုကျခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ နှလုံးနှင့်အာရုံကြောစနစ်ကိုကောင်းစေခြင်း၊ အဝလွန်ခြင်းကိုထိန်းပေးခြင်း၊ သွေးအားနည်းခြင်းနှင့်မောပန်းခြင်းကိုသက်သာစေပြီး ကျောက်ကပ်တွင်ဖြစ်ပေါ်တတ်သော ကျောက်ကိုကြေစေနိုင်သည်ဟုလည်း သိရပါသည်။ ကင်းပုံသီးကို မီးဖွားပြီးခါစမိခင်များ နို့ထွက်စေရန်အတွက် စားသုံးပေးနိုင်ပါသည်။ ကင်းပုံသီးသည် ခပ်ပုပုအသီးမျိုးဖြစ်သော်လည်း ထူးခြားသောအာနိသင်မှာ အရပ်ရှည်စေသည်ဟုသိရသောကြောင့် အရပ်ပုသောတက်သစ်စလူငယ်များသည် ကင်းပုံသီးကိုစားသုံးသင့်ပါသည်။ သို့သော် ကင်းပုံသီးကို ဆေးဖက်ဝင်တိုင်း အလွန်အကျွံစားသုံးရန်မသင့်ပါ။ “တန်ဆေး လွန်ဘေး” ဟူသော ဆိုရိုးစကားရှိသောကြောင့် အလွန်အကျွံစားသုံးမိပါက ဝမ်းပျက်ခြင်းနှင့် ဗိုက်အောင့်ဗိုက်နာကိုဖြစ်စေတတ်ပါသည်။ ကင်းပုံးသီးကို နှမ်း၊ နှမ်းမှုန့်၊ နှမ်းဆီတို့နှင့်တွဲဖက်၍ စားသုံးရန်မသင့်ကြောင်း အာဟာရစွယ်စုံကျမ်း၌ ဖော်ပြထားပါသည်။ ကင်းပုံသီးတွင် အခါးနှင့်အချို (၂) မျိုးရှိသည့်အနက် ကင်းပုံအခါးကို အထွေထွေရောဂါကုသရာ၌ ပို၍အကျိုးရှိပါသည်။ ကင်းပုံသီးတွင် ကယ်လိုရီဓာတ်၊ ရေငွေ့ဓာတ်၊ အသားဓာတ်၊ ကဆီဓာတ်၊ သတ္ထုဓာတ်၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ ဗီတာမင် (A) ဓာတ်နှင့် ကယ်လ်ဆီယမ်ဓာတ် စသည့်အာဟာရဓာတ်များ များစွာပါဝင်ပါသည်။

    ကင်းပုံရွက်သည် ပင်စည် (သို့) ရိုးတံ၏တစ်ဖက်တည်းမှထွက်သည်။ အဝိုက် (၃) ဝိုက်ပါ၍ ထိပ်အဝိုက်ဘက်တွင် ထောင့် (၃) ထောင့်ပါပြီး ဘေးအဝိုက် (၂) ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်သည်။ ရွက်ပြားပါး၍ ချောမွတ်နေသည်။ ရွက်နားများတွင် လှိုင်းတွန့်ပုံသဏ္ဌာန်ရှိသည်။ ရွက်ညှာမှာ အလွန်ရှည်သည်။

     ကင်းပုံရွက်တွင် ကယ်လိုရီဓာတ်၊ ရေငွေ့ဓာတ်၊ အသားဓာတ်၊ ကဆီဓာတ်၊ သတ္ထုဓာတ်၊ ဗီတာမင် (A)၊ ဗီတာမင် (C) ဓာတ် စသည့်အာဟာရဓာတ်များကြွယ်ဝစွာပါဝင်နေပါသည်။ ထို့ကြောင့် ကင်းပုံရွက်ကို ဆီးချိုရောဂါရှိသူများစားသုံးသင့်ပါသည်။ ကင်းပုံရွက်ကို သည်းခြေဖျက်ခြင်းနှင့် အဆုတ်ပြွန်ရောင်ရောဂါတို့အတွက် ဖော်စပ်ထားသောဆေးများတွင်လည်း ထည့်သွင်းအသုံးပြုပါသည်။ ကင်းပုံရွက်ကို သန်ကျဆေးဖော်စပ်ရာ၌လည်း အသုံးပြုပါသည်။ ရေယုန်ပေါက်လျှင်လည်း နှုတ်ခမ်းတွင်ပေါက်သည့် ရေယုန်ရောဂါမျိုးကို “နင်ကရေယုန် ငါကကင်းပုံ” ဟုနှုတ်ကဆိုပြီး ကင်းပုံရွက်ဖြင့်ပွတ်တိုက်ပေးပါက သက်သာပျောက်ကင်းနိုင်ပါသည်။ ကင်းပုံရွက်ကို နှမ်း၊ နှမ်းဆီ၊ နှမ်းမှုန့်တို့နှင့်တွဲဖက်၍ စားသုံးရန်မသင့်ကြောင်း သတိပြုရမည်ဖြစ်ပါသည်။    

     ကင်းပုံပွင့်သည် ကင်းပုံရွက်၏ရွက်ညှာကြားမှထွက်၍ အဖြူရောင်ပွင့်ဖက် (၅) ခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး အပွင့်ညှာတံရှည်ပါသည်။ ကင်းပုံပင်စည်ကိုပြုတ်၍ သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှားပါသည်။ ကင်းပုံအမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေးအဖြစ် သုံးနိုင်ပါသည်။ ကင်းပုံတွင် အချိုနှင့် အခါး (၂) မျိုးရှိသည်အနက် ဆေးဖက်အဖြစ် အသုံးပြုရာတွင် အခါးကိုပိုမိုအသုံးပြုကြပါကြောင်း၊ ကင်းပုံပင်မှထွက်ရှိသော ကင်းပုံရွက်၊ ကင်းပုံသီး၊ ကင်းပုံပွင့်၊ ကင်းပုံပင်စည်နှင့် ကင်းပုံပင်အမြစ်တို့၏အသုံးဝင်ပုံနှင့် လူအများစားသုံးခြင်းဖြင့် ရရှိလာနိုင်သောအကျိုးကျေးဇူးများကို ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)