ဆေးဖက်ဝင် နဂါးမောက်သီးဆေးဖက်ဝင် နဂါးမောက်သီး

Powered by Drupal
Wed, 07/26/2023 - 10:55 -- consumer_admin

   နဂါးမောက်ပင်ကို အရှေ့တောင်အာရှနိုင်ငံများအပါအဝင် အပူပိုင်းဒေသနိုင်ငံများတွင် စိုက်ပျိုး ကြပါသည်။ မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ်များတွင် အဓိက စိုက်ပျိုးကြပါသည်။ နဂါးမောက်သီးအရသာမှာထူးခြားပြီး ကျန်းမာရေးအတွက် အကျိုးပြု ကြောင်း သိရှိလာသည်နှင့်အမျှ စိုက်ပျိုးစားသုံးမှုမှာလည်း ပိုမိုမြင့်တက်လာကြောင်း သိရှိရသည်။ နဂါးမောက်သီး၏ အာဟာရတန်ဖိုးများနှင့် ကျန်းမာရေးအကျိုးပြုပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  နဂါးမောက်ပင်ကို သိပ္ပံအမည်အားဖြင့် Hylocereus cactus ဟု ခေါ်ဆိုကြောင်း၊ အင်္ဂလိပ်လို Dragon Fruit ဟုလည်း ခေါ်ဆိုကြောင်း၊ နဂါးမောက်သီးမှာ သံဓာတ်၊ မဂ္ဂနီစီယမ်နှင့် အမျှင်ဓာတ် စသည့် အာဟာရဓာတ်များစွာပါဝင်ကြောင်းသိရှိရပြီး နဂါးမောက်သီး ၁၀၀ ဂရမ်တွင် ပါဝင်သည့် အာဟာရဓာတ်များမှာ ကယ်လိုရီ (၆၀)၊ ပရိုတိန်း(၁.၂)ဂရမ်၊ ကာဘိုဟိုက်ဒရိတ် (၁၃)ဂရမ်၊ အမျှင်ဓာတ်(၃)ဂရမ်၊ ဗီတာမင်စီ (တစ်နေ့တာလိုအပ်ချက် ၃%)၊  သံဓာတ်(တစ်နေ့တာလိုအပ်ချက် ၄%)၊  မဂ္ဂနီဆီယမ် (တစ်နေ့တာလိုအပ်ချက် ၁၀ %)ပါဝင်ကြောင်း၊  နဂါးမောက်သီးမှာ အမျှင်ဓာတ်နှင့် မဂ္ဂဆီယမ်ပါဝင်မှု များပြားပြီး ကယ်လိုရီပါဝင်မှုမှာ နည်းပါးကြောင်း၊ ထို့အပြင် ဓာတ်တိုးဆန့်ကျင် ပစ္စည်းမျိုးစုံလည်းပါဝင်ကြောင်း၊ နာတာရှည်ရောဂါများနှင့် အိုမင်းခြင်းတို့ကို ပိုမိုတွန်းအားပေးသည့် ဖရီးရယ်ဒီကယ်များ၏ရန်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက လျော့ချပေးနိုင်ပါသည်။

  နဂါးမောက်သီး၏ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများမှာ ဘီတာလိန်(Betalains)ဖြစ်ပြီး ဘီတာ လိန်သည် နဂါးမောက်သီးအသားမှာ အဓိကပါဝင်ပြီး ဓာတ်တိုးဖိစီးမှုကြောင့် မကောင်းသော LDL ကိုလက်စထရောမြင့်မားသည့် အခြေအနေက ကာကွယ်ပေးပါသည်။ ဟိုက်ဒရိုဆီစင်နမိတ်သည် ကင်ဆာဆဲလ်များ ကြီးထွားမှုကို ဟန့်တားပေးနိုင်သည့် အာနိသင်ရှိပါသည်။ ဖလေဗာနွိုက်သည် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့ချပေးပါသည်။

    နဂါးမောက်သီးတွင် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်မှုကြောင့် ကျန်းမာရေးအတွက် များစွာအကျိုးပြုပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် အသားအရေများ ခြောက်သွေ့ပျက်ဆီးခြင်းကို ကာကွယ်ပေးခြင်း၊ အသားအရေကို တင်းရင်းလှပစေမည့် ကော်လဂျင် များထွက်လာအောင် လှုံ့ဆော်ပေးခြင်း၊ ကိုယ်အလေးချိန်လျှော့ချခြင်းနှင့် အသည်းမှာရှိသော အဆီဓာတ်များကို  လျော့ချရာတွင် အထောက်အကူများစွာဖြစ်စေကြောင်း အင်ဆူလင် အာရုံခံအားကို ပိုမိုကောင်းမွန်စေသောကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေပါသည်။ ရောင်ရမ်းမှုများကိုလည်း လျော့ကျစေပါသည်။ ကိုလက်စထရောကို ကျဆင်းစေသောကြောင့် သွေးတိုးရောဂါနှင့် အခြားနှလုံးရောဂါနှင့် ပတ်သက်သည့် ရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျော့ချစေပါသည်။

   နဂါးမောက်သီးမှာ ပါဝင်သည့် အမျှင်ဓာတ်များသည် အူလမ်းကြောင်းမှ အကျိုးပြုသည့် ဘက်တီးရီးယားများကို ပေါက်ပွားသန်စွမ်းစေရန် အားပေးပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပါသည်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ရောဂါပိုးမွှားများအလွယ်တကူဝင်ရောက်ခြင်းမှ မဖြစ်ရအောင် ကာကွယ်ပေးပါသည်။

  နဂါးမောက်သီးကို နာတာရှည်ရောဂါခံစားနေရသူများ၊ အသားအရေစိုပြေလှပလိုသူများ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါနှင့် အစာအိမ်အူလမ်းကြောင်း ပြဿနာရှိသူများ၊ ရွေးချယ်စားသုံးသည့် အသီးအနှံတစ်မျိုးဖြစ်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။

DOCA(မကွေး)